ဆင်ပေါင်ဝဲမြို့နယ် စာရပေ(အရှေ့)ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပြီးစီး

ဆင်ပေါင်ဝဲ ဧပြီ ၂၂

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် စာရပေ(အရှေ့)ကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် ဝန်ထမ်းများက ကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စာရပေ(အရှေ့)ကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၆ ဒသမ ၄၃၇၅ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့  စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆိုလာပြားများနှင့် ဆိုလာပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Pro Engineering ကုမ္ပဏီတို့မှ စက်တင်ဘာ ပထမအပတ်မှ စတင်တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျထံမှ သိရသည်။

 

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းအားလုံး ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၉၇ အိမ်၊ လူဦးရေ ၅၄၁ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် လာမည့်နွေရာသီကာလ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)