ဆင်ပေါင်ဝဲမြို့နယ် သပြေစမ်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် သပြေစမ်းကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် ဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ သပြေစမ်းကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည်စွက်မှာကြားခဲ့သည်။

 

သပြေစမ်းကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၆ ဒသမ ၄၃၇၅ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၇၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့  စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆိုလာပြားများနှင့် ဆိုလာပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Pro Engineering ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြခဲ့သည်။

 

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းအားလုံးဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၁၇ အိမ်၊ လူဦးရေ ၆၆၆ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် လာမည့်နွေရာသီကာလ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)