ဆန်ကော၊ ဆန်ခါ လက်မှုထုတ်ကုန်ပစ္စည်း ရက်လုပ်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ရွာသာ-လိန်ကုန်းကျေးရွာ

ပုလဲ ၅ အောက်တိုဘာ

 

မြန်မာတို့၏ လူမှုဘဝနယ်ပယ်တွင် ဝါးသည် အရေးပါသော ပစ္စည်းတစ်မျိုးဖြစ်သည်။ ဝါးဖြင့် တောင်သူသုံး ပစ္စည်းနှင့် မီးဖိုချောင်သုံး ပစ္စည်းများစွာကိုလည်း စီးပွားဖြစ်  ပြုလုပ်ရောင်းချလျက်ရှိသည်။ ဝါးဖြင့် ပြုလုပ်သော ပစ္စည်းမျိုးစုံရှိသည့်အနက် သိုက်ဝါးနှင့် ဝါးနှီးဖြင့် ရက်လုပ်သော ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းသည်လည်း ရိုးရာလက်မှုပညာရပ်တစ်ခု ဖြစ်ရုံသာမက မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ရွာသာ(ညို့တုံ)ကျေးရွာအုပ်စု၊ ရွာသာကျေးရွာနှင့် လိန်ကုန်းကျေးရွာသည် ရှေးယခင်မှ ယနေ့အချိန်အထိ လက်မှုထုတ်ကုန် ပစ္စည်းဖြစ်သော ဆန်ကော၊ ဆန်ခါ ရက်လုပ်ခြင်းလုပ်ငန်းကို တောင်သူလုပ်ငန်းဖြင့် တွဲဖက်၍ စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေပြည်သူများ အနေဖြင့်လည်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။

 

ဆန်ကော ရက်လုပ်ခြင်းလုပ်ငန်းတွင် ဝါးလုံးအဆစ် ဖြတ်တောက်ခြင်း၊ ဝါးအဆစ်ကို ဝါးခြမ်းအချောင်းငယ်များ  ခွဲစိတ်ခြင်း၊ ဝါးခြမ်းစိတ်ငယ်မှ နှီးလွှာခြင်း၊ နှီးပြားများကို အချောသတ်ခြင်း၊ အချောသတ်ပြီး နှီးများကို ဆန်ကောပြင်အဖြစ် ရက်လုပ်ခြင်း၊ ရက်လုပ်ပြီး ဆန်ကောပြင်ကို နှီးသားသိပ်သည်းရန် ဒေါက်ရိုက်ခြင်း၊ ဒေါက်ရိုက်ပြီး ဆန်ကောပြင်ကို ဆန်ကော အရွယ်အစားမှီ    စက်လှည့်ပြီး ဖြတ်တောက်ခြင်း၊ စက်ဖြတ်တောက်ပြီး ဆန်ကောပြင်ကို လက်မကွင်းဖြင့် ပတ်ခွေပြီး ဆန်ကောပြင်နင်းခြင်း၊ နင်းပြီးလျှင် ကြိမ်တင်ခြင်း၊  ကြိမ်တင်ပြီးလျှင် ကြိမ်လျှော်ဖြင့် ဆန်ကောဘောင်ကို  ကွပ်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပြီးပါက ရောင်းတန်းဝင် ဆန်ကောအချပ် တစ်ချပ်ကို ရရှိမည်ဖြစ်သည်။

 

ဆန်ကော၊ ဆန်ခါ ရက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းဖြစ်သည့် သိုက်ဝါးနှင့် မျှင်ဝါးကို ပုလဲမြို့နယ်၊ ပုံတောင်ဒေသမှ ရရှိသည်။ ဝါးလုံး (၁၀ဝ)လုံးအတွက် ငွေကျပ် ၁၂၀ဝ၀ဝ ကုန်ကျသည်။ လက်မခွေနှင့် ဘောင်ကွပ်ရာတွင် အသုံးပြုသည့် ကြိမ်ကို အထက်ချင်းတွင်းမှ ထွက်ရှိပြီး အလုံမြို့ မြစ်ဆိပ်ရှိ ကြိမ်ပွဲရုံမှ ရရှိသည်။ ကြိမ်လုံး (၇၅၀)လုံးအတွက် ငွေကျပ် ၇၅၀ဝ၀ ကုန်ကျသည်။ အခြေခံကုန်ကြမ်းပစ္စည်းဖြစ်သည့် ဝါးလုံး (၁၀ဝ)လုံးနှင့် ကြိမ်လုံး (၇၅၀)လုံးမှ ဆန်ကော (သို့မဟုတ်) ဆန်ခါ ရက်လုပ်ခြင်းလုပ်ငန်း ပြီးစီးသည့်အခါ ဆန်ကော (သို့မဟုတ်) ဆန်ခါ ချပ်ရေ (၅၀ဝ)ချပ်ကို ရရှိသည်။ ဆန်ကော (သို့မဟုတ်) ဆန်ခါတစ်ချပ်တန်ဖိုးမှာ ငွေကျပ် ၁၅၀ဝ ဖြစ်၍ ချပ်ရေ(၅၀ဝ)အတွက် ငွေကျပ် ၇၅၀ဝ၀ဝ ရရှိသည်။

 

ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဝါးလုံး(၁၀ဝ)လုံးနှင့် ကြိမ်လုံး(၇၅၀)လုံး ဝယ်ယူရသည့် စရိတ်မှာ ငွေကျပ် ၁၉၅၀ဝ၀ ရှိပြီး ဆန်ကော (သို့မဟုတ်) ဆန်ခါအချပ်ရေ (၅၀ဝ) ရောင်းချရငွေမှ ၇၅၀ဝ၀ဝ မှနုတ်လျှင် အသားတင်အမြတ်ငွေကျပ် ၅၅၅၀ဝ၀ ကျန်ရှိမည်ဖြစ်သည်။ အိမ်ထောင်စု တစ်စုလျှင် ပျမ်းမျှ (၂) ဦးနှုန်းသည် မိမိတို့အိမ်မှာပင် ဆန်ကော၊ ဆန်ခါ ရက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ တစ်ရက်လျှင်   ဆန်ကော (သို့မဟုတ်) ဆန်ခါ (၈) ချပ်နှုန်းပြီးစီးရာ တစ်လလျှင် (၂၄၀)ချပ်ပြီးစီးကြောင်း သိရသည်။ ဆန်ကော (သို့မဟုတ်) ဆန်ခါအချပ်ရေ (၂၄၀) ချပ်ကို တစ်ချပ်လျှင် ငွေကျပ် ၁၅၀ဝ နှုန်းဖြင့် ရောင်းချပြီးပါက ငွေကျပ် ၃၆၀ဝ၀ဝ ကို ရရှိမည်ဖြစ်သည်။ ဆန်ကော (သို့မဟုတ်) ဆန်ခါ ရက်လုပ်ခြင်းလုပ်ငန်း ကုန်ကျစရိတ်သည် တစ်ချပ်လျှင် ငွေကျပ် ၇၂၅ ကုန်ကျကြောင်း သိရှိရ၍ ဆန်ကော (သို့မဟုတ်) ဆန်ခါ (၂၄၀)ချပ်အတွက် ငွေကျပ် ၁၇၄၀ဝ၀ ကုန်ကျမည်ဖြစ်ပြီး ဆန်ကော (သို့မဟုတ်) ဆန်ခါအချပ်ရေ (၂၄၀)ချပ် ရောင်းချရငွေမှ ၃၆၀ဝ၀ဝ မှ နုတ်လျှင် အိမ်ထောင်စုတစ်စုသည် အသားတင်အမြတ်ငွေကျပ် ၁၈၆၀ဝ၀ ကို ရရှိမည် ဖြစ်သည်။

 

ထိုကြောင့် ပုလဲမြို့နယ်အတွင်းရှိ ရွာသာ(ညို့တုံ)ကျေးရွာအုပ်စု၊ ရွာသာကျေးရွာနှင့် လိန်ကုန်းကျေးရွာနေ ပြည်သူများသည် ရှေးယခင်မှ ယနေ့အချိန်အထိ လက်မှုထုတ်ကုန်ပစ္စည်းဖြစ်သော ဆန်ကော၊ ဆန်ခါ ရက်လုပ်ခြင်းလုပ်ငန်းကို တောင်သူလုပ်ငန်းဖြင့် တွဲဖက်၍ စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ လက်မှုထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဆန်ကော၊ ဆန်ခါများကို ကုန်တင်ကားကြီးများဖြင့် တင်ဆောင်၍ မကွေးမြို့ မြသလွန်ဘုရားပွဲ၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားပွဲ၊ ရွှေဘိုမြို့ မြို့ဒေါင့်စေတီဘုရားပွဲ၊ တန့်ဆည်မြို့ လမ်းဆုံဘုရားပွဲ၊ ဘုတလင်မြို့ ကြောင်ပန်းဘုရားပွဲ၊ ချောင်းဦးမြို့ ဘုရားပွဲ၊ ကျောက္ကာဘုရားပွဲတော်၊ ယင်းမာပင်မြို့ ပြန်လှဲ့နတ်ပွဲ၊ အမေရေယာဉ်နတ်ပွဲ၊ အလုံဘိုးဘိုးကြီးနတ်ပွဲ၊ ရေစကြိုမြို့ ဆင်ကြိုးနတ်ပွဲ၊ မြိုင်ဘုရားပွဲ၊ ဖျသီးဘုရားပွဲ၊ မအူဘုရားပွဲတော်၊ မင်းကင်းမြို့ဘုရားပွဲ၊ နတ်ကြီး နတ်ပွဲ(ကနီ)၊ နှောနတ်ပွဲ(စိုင်ပြင်ကြီး)၊ ကောင်းမှုတော်ဘုရားပွဲတော် (စစ်ကိုင်း)၊ တောင်တော်ကြိုနတ်ပွဲ (ဆားလင်းကြီး)၊ ပခန်းကြီးပွဲ(ရေစကြို)နှင့် ပုဂံညောင်ဦး ဘုရားပွဲတော်များသို့ လှည့်လည်ရောင်းချလျက်ရှိပြီး မကွေး၊ အောင်လံ၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေး၊ ပြင်ဦးလွင်၊ လာရှိုး၊ မူဆယ်၊ ဂန့်ဂေါ၊ ကလေးမြို့နှင့် မြစ်ကြီးနားမြို့ကြီးများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိရာ တစ်နေ့တစ်ခြား ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)