ဆန်းမီရဲ့ တေးဗီဒီယိုသစ် ထွက်ရှိ

၂၈ သြဂုတ်


တောင်ကိုရီးယားရဲ့  ကျော်ကြားတဲ့  တေးသံရှင်တစ်ဦးဖြစ်သူ  ဆန်းမီဟာ  မကြာသေးမီက  ကမ္ဘာတစ်ဝန်းမှာ  သူ့ရဲ့တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနယ်လှည့် တေးဂီတဖျော်ဖြေပွဲတွေကနေတစ်ဆင့် ဖြစ်တည်လာတဲ့ သူ့ရဲ့ တေးဗီဒီယိုသစ်တစ်ပုဒ်ကိုလည်း လတ်တလောက ထုတ်လွှင့်ခဲ့တာဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဆန်းမီဟာ သူ့ရဲ့ တေးသီချင်းသစ် “ Lalalay “ အတွက် တေးဗီဒီယိုကို ဩဂုတ် ၂၇ ရက်မှာ စတင်ထုတ်လွှင့်ပေးခဲ့တာ  ဖြစ်ပါတယ်။  တေးဗီဒီယို ထွက်ရှိမှုနဲ့အတူ  ပြုလုပ်ခဲ့တဲ့  အခမ်းအနားမှာတော့  ဆန်းမီက  “ Lalalay “ တေးသီချင်းဟာ  မကြာသေးမီက  ပြုလုပ်ခဲ့တဲ့ သူ့ရဲ့  တစ်ကိုယ်တော်နယ်လှည့်တေးဂီတဖျော်ဖြေပွဲ  ခရီးစဉ်အတွင်း ပါဝင်ခဲ့တဲ့ မက္ကဆီကို ဖျော်ဖြေပွဲကနေ ဖြစ်ပေါ်လာခဲ့တာဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ မက္ကဆီကို ဖျော်ဖြေပွဲမှာ ဆန်းမီက ပရိသတ်တွေဟာ တေးဂီတရဲ့ စီးမျောမှုမှာ တစ်ဦးတည်းလို  ဖြစ်သွားခဲ့ကြောင်း၊  အသားအရောင်၊  အပြင်အဆင်နဲ့  နယ်မြေဒေသတွေ ကွဲပြားကြပေမယ့် သူ့ရဲ့တေးသီချင်း သီဆိုဖျော်ဖြေချိန်မှာ အားလုံးဟာ အတူတူလိုက်ပါသီဆိုခံစားကြရင်း တစ်ဦးတည်းကဲ့သို့ ဖြစ်သွားခဲ့ကြတာကို ခံစားမိခဲ့ကြောင်းနဲ့ ဒီကနေတစ်ဆင့် “ Lalalay “ တေးသီချင်း ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီတေးသီချင်းကို ဆန်းမီက ကိုယ်တိုင်ရေးသားပုံဖော်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဆန်းမီဟာ နောက်ထပ်တေးသီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးနေပြီလို့ဆိုပါတယ်။ တေးသီချင်းသစ်ရဲ့ အမည်မှာ စကားလုံးငါးလုံးပါဝင်နေပြီး  သူ့အနေနဲ့  အကောင်းဆုံး  ကြိုးစားဖန်တီးနေကြောင်းလည်း      ပြောကြားခဲ့တယ်လို့သိရပါတယ်။

 

အေးပြည့်