ဆံပင်ဖြောင့်တဲ့အခါ

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင်ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။

 

ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှလို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှုအပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။

 

ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင်အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ မရှိဘူးတဲ့။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တဲ့ ဆံပင်အဖြောင့်ကို ရဖို့ဆို ဘာမဆိုလုပ်မယ့် အမျိုးသမီးတွေ ရှိနေပါတယ်တဲ့။

နည်းလမ်းတွေအများကြီးထဲက တစ်ခုက ဆံပင်ဖြောင့်ခြင်းပါ။ အဲဒီနည်းလမ်းက ၁၉၈၀ လောက်ထဲကကတည်းက အသုံးပြုနေတာပါ။ ဖြောင့်စင်းတောက်ပတဲ့ ဆံပင်ပုံစံရဖို့ ဆံပင်ကို ပိပြားအောင်လုပ်ပြီး ဆွဲဖြောင့်ပစ်လိုက်တာပါပဲ။ ဆံပင်ဖြောင့်တဲ့နေရာမှာ ယာယီအဖြောင့် (သို့) တာရှည်ခံအဖြောင့်ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိနိုင်ပါတယ်။ ဆံပင်ဖြောင့်ရာမှာ သုံးတဲ့ ဖြောင့်စက် (သို့) ဆံပင်ဖြောင့်ဆေး သုံးပြီး ယာယီဆံပင်ဖြောင့်နိုင်ပြီး အများအားဖြင့် ခေါင်းထပ်မလျှော်ခင်ထိ ခံပါတယ်။ တာရှည်ခံ ဆံပင်ဖြောင့်နေစေဖို့  ဆံပင်ဖြောင့်ဆေးတို့နဲ့အတူ dye နဲ့ အခြားဓာတုပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ မှန်မှန်ကန်ကန် ဂရုစိုက်ရင် တာရှည်ခံ ဆံပင်ဖြောင့်ခြင်းက တစ်နှစ်အထိ အသာလေး ခံပါတယ်။

 

စျေးကြီးပေးဖြောင့်ပြီးမှတော့ တာရှည်ခံအောင်နဲ့ ဆံသားမပျက်စီးအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာဖို့ အချိန်ကျပါပြီ။ ဆံပင်ဖြောင့် ပေါင်းတင်တာမျိုးအတွက် အိပ်ထဲက ပိုက်ဆံတွေ ပျံမထွက်ခင် ဒါတွေ သိထားတာ မမှားပါဘူးနော်။

 

ဆောင်ရန်

 

၁။   နေ့စဉ်အစားအစာထဲမှာ ရေဓာတ်များများ ပါပါစေ။ ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပြုပြင်ဆေးရည်ကို အမြဲတမ်းသုံးပါ။ ဖြောင့်ထားတဲ့ဆံသားအတွက် သီးသန့် ပစ္စည်းတွေရှိတာမို့ ဘာသုံးသင့်တယ်ဆိုတာ ဆံသဆရာ/မကို မေးဖို့ သတိရပါ။

 

၂။     အပူပေးခံထားရတဲ့ဆံသားအတွက် တစ်လကို တစ်ကြိမ် ပေါင်းတင်ပေးပါ။

 

၃။     ဖြောင့်စက်ကို မလိုအပ်ဘဲ ခဏခဏ ပြန်ဆွဲတာမျိုးမလုပ်ပါနဲ့။

 

ရှောင်ရန်

 

၁။    ဆံပင်ပြုပြင်ပေါင်းတင်ပြီးနောက် အနည်းဆုံး သုံးရက် ဆံပင်ရေစိုမခံရပါဘူး။

 

၂။     သင့်ဆံပင်ကို နားအနောက်ဘက် သိမ်းတာမျိုး မလုပ်ပါနဲ့။

 

၃။    စိုနေတဲ့ သင့်ဆံပင်ကို တာဝါအုပ်ပြီး လိမ်ညှစ်တာမျိုး ရှောင်ပါ။

 

၄။    ခေါင်းလျှော်ရည်သုံးပြီး လျှော်နေတုန်း ခေါင်းကို အရမ်းကုတ်ပြီးလျှော်တာမျိုး ရှောင်ပါ။

 

၅။    တစ်ကြိမ်လေး ဆံပင်ဖြောင့်တာတင် ဆံသားပျက်စီးမှုကို အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့် ထပ်ခါထပ်ခါ မလုပ်ပါနဲ့။

 

တခါတလေ ဆံပင်ဖြောင့်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ အမြဲလုပ်ရင် နောက်ဆက်တွဲဆိုးကျိုး အများကြီး ရှိလာနိုင်လို့ အားမပေးပါဘူး။ ဆံပင်ဖြောင့်တာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း၊ ခေါင်းမူးခြင်း၊ တစ်သက်တာ ဆံပင်ထိခိုက်ပျက်စီးခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်း၊ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ဓာတုပစ္စည်းကြောင့် အပြင်းအထန် အပူလောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးမျိုးပါ။ ဆံပင်ဖြောင့်ဖို့အတွက် ကမ္ဘာအနှံ့ တူညီတဲ့ နည်းလမ်းကို သုံးပြီးလုပ်နေပေမဲ့ ဆံပင်အမျိုးအစားက လူမျိုး၊ လူမျိုးစုနဲ့ နေထိုင်ရာ နေရာဒေသနဲ့ လိုက်ပြီးကွာတာမို့ ဆံပင်ဖြောင့်တဲ့အခါ ဆံပင်အလှအပရေးရာ ထုတ်ကုန်ပစ္စည်း အမျိုးအစား အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် လုပ်တာထက် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆံသဆိုင်မှာ လုပ်ပေးတာမျိုးက အမြဲတမ်း ပိုကောင်းပါတယ်။

 

ရေးသားသူ – နှင်းရိပ်မှုန်