ဆံရစ်ဝိုင်းထုံးဖွဲ့ မှုဓလေ့ကို ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည့် ရေပုတ်ကြီးကျေးရွာ (သို့) ချစ်စရာဆံရစ်ဝိုင်းတို့ရဲ့ ရွာ

၈  ဇန်နဝါရီ

 

ကျေးရွာအနီးရှိ ငှက်စလုတ်သဏ္ဌာန် ရေအိုင်ကြီးကို အစွဲပြုပြီး ယခင်က ရေစလုတ်ကြီးကျေးရွာဟု ခေါ်တွင်ကာ ယခုအခါ ရေပုတ်ကြီးကျေးရွာ တစ်နည်းအားဖြင့် ဆံရစ်ဝိုင်းတို့ရွာသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း တည်ရှိသည်။ မြန်မာ့ရိုးရာ ဓလေ့တစ်ခု ဖြစ်သည့် ဆံရစ်ဝိုင်းထုံးဖွဲ့မှုဓလေ့ကို ဘိုးဘွားအစဉ်အဆက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းတန်ဖိုးထားကာ လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်လာခဲ့သည့် ချစ်စရာ ကျေးရွာလေးတစ်ရွာ ဖြစ်ပါသည်။

 

လက်ဆင့်ကမ်းထိန်းသိမ်း

 

“ကျွန်တော်တို့ ရေပုတ်ကြီးကျေးရွာ မှာ အိမ်ခြေ ၆၅၀၊ အိမ်ထောင်စု ၆၂၂ စု၊ လူဦးရေ ကျား ၁၅၈၆ ဦး၊ မ ၁၆၀၁ ဦး၊ စုစုပေါင်းလူဦးရေ ၃၁၈၇ ဦး ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက် မွေးဝမ်းကျောင်းပြုကြပါတယ်။ ကျေးရွာ က မိန်းမပျိုလေးတွေက အခုချိန် အထိ ရက်ကန်းထည်ရက်လုပ်ဝတ်ဆင်မှုလည်း ရှိသေးတယ်။ ဒါ့အပြင် ကျွန်တော်တို့ ရွာလေးက ဆံရစ်ဝိုင်းထုံးဖွဲ့မှု ဓလေ့ကို ဘိုးဘွားအစဉ်အဆက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် တန်ဖိုးထားပြီး လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် လာခဲ့တဲ့ ကျေးရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ဆံရစ်ဝိုင်းထုံးဖွဲ့မှုကိုတော့ အသက် ငါးလအရွယ်ကစပြီး ယောကျာ်းလေး၊ မိန်းကလေး အကုန်ထားကြတာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ကျေးရွာ ကြက်တောင်စည်းပုံစံ၊ အသက်ငါးနှစ်မှ ခြောက်နှစ်အရွယ်တွင် ဆံရစ်ဝိုင်းပုံစံ၊ အသက် ၁၅ နှစ်မှ ၁၆ နှစ်အရွယ်တွင် ဂျပန်ဆံတောက်ပုံစံ၊ အသက် ၁၇ နှစ်မှ ၁၈ နှစ်အရွယ်တွင် နောက်ကောက်ပုံစံ” ဟူ၍ ထုံးဖွဲ့ကြကြောင်း ရေပုတ်ကြီး ကျေးရွာသူ မပြုံးပြုံးရီက ပြောပြသည်။ 

 

y 6

 

မိန်းမတို့ဘုန်းဆံထုံး

 

“ကျွန်မကတော့ ဒီလိုဆံရစ်ဝိုင်း လေးနဲ့ နေရတာကို ပိုပြီးကြိုက်တယ်။ မိန်းမတို့ဘုန်း ဆံထုံးဆိုသလိုပဲပေါ့။ အခုလို ရှေးအစဉ်အဆက် ဘိုးဘွားအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တဲ့ ဆံရစ်ဝိုင်းထုံးဖွဲ့မှုဓလေ့ကို ကျွန်မတို့ ကိုယ်တိုင်လည်း နှစ်ခြိုက်သဘောကျတယ်။ အခုဆိုရင် ကျွန်မတို့ ကျေးရွာမှာ ဆံရစ်ဝိုင်းအမျိုး သမီးအဖွဲ့ဆိုပြီး အဖွဲ့ အစည်းလေး ဖွဲ့ထားပါတယ်။ ဒီဆံရစ်ဝိုင်းအမျိုးသမီးအဖွဲ့ကို ၂၀၁၅ ခုနှစ် ၇ လပိုင်းလောက်က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

“ဆံရစ်ဝိုင်းထုံးဖွဲ့မှုကို ကျွန်မတို့ရွာမှာ မိန်းကလေး၊ ယောကျာ်းလေးတွေအကုန်လုံး ဘိုးဘွားအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာတာ ဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့အတွက် ရွာမှာရှိတဲ့ လူကြီးမိဘတွေက ဂရုတစိုက်နဲ့ ပြုစုထားသိုပေးတာ ဖြစ်ပါတယ်။ ရှင်ပြုသင်္ကန်းစည်းပြီးတဲ့ ကလေးတွေလည်း ဆံရစ်ဝိုင်းကို ပြန်ထား ကြတာရှိသလို တချို့ကလေးတွေကျတော့လည်း ရှင်ပြုသင်္ကန်းစည်းပြီးတဲ့အခါမှာ ဘိုကေပုံစံကို ပြောင်းထားကြတာ ရှိပါတယ်။ အခုလို ဆံရစ်ဝိုင်းထားတာကို ရွာနီးနားကကျေးရွာမှာ အလှူရှင်လောင်း ကြိုအလှည့်လိုက်တုန်းက ကျွန်မတို့ကို တွေ့တဲ့သူတွေက နင်တို့ဆံရစ်ဝိုင်းကလည်း ဘာကြီးနဲ့ တူမှန်းမသိဘူး၊ ခေတ်ကာလနဲ့ ယှဉ်ကြည့်ရင်တော့ အမြင်ဆိုးလိုက်တာဆိုပြီး ပြောတာမျိုးရှိပါတယ်။”

 

“ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကျွန်မတို့ ဆံရစ်ဝိုင်းကျေးရွာလေးကို မကွေး၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်က ဓာတ်ပုံဆရာတွေရဲ့ အဆက်အသွယ်နဲ့ တဖြည်းဖြည်း နိုင်ငံခြားသားဧည့်သည်တွေ လာရောက်လေ့လာလည်ပတ်မှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ရွာက ဆံရစ်ဝိုင်းထားသိုမှု ဓလေ့ကို ဘာမှမပြောကြတော့ပါဘူး”ဟု လည်း မပြုံးပြုံးရီက ပြောပြသည်။ 

 

ရေပုတ်ကြီးကျေးရွာရှိ မြန်မာ့ဆံရစ် ဝိုင်းထုံးဖွဲ့ထားရှိမှု ဓလေ့ကို ဂျပန်၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ဟောင်ကောင်အစရှိသည့် နိုင်ငံများက လာရောက်လေ့လာကြကြောင်း သိရှိရသည်။

 

y 2

 

y 3

 

“ကျွန်တော်တို့ရွာမှာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဆံရစ်ဝိုင်းထုံးဖွဲ့မှုဓလေ့ကို ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ အခုထိ မပျောက်ပျက်ဘဲရှိနေတာ ဂုဏ်ယူဝမ်းသာစရာတစ်ခုပါပဲ။ ဒါကလည်း ရွာမှာရှိတဲ့ လူကြီးမိဘတွေက သားသမီးတွေအထိ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့လို့ အခုထိ ရှိနေသေးတာပါ။ ရွာက ကလေးတွေကလည်း ဆံရစ်ဝိုင်းထားတဲ့ဓလေ့ကို နှစ်ခြိုက်သဘောကျကြပါတယ်။ ဆက်လက်ပြီးတော့လည်း ဆံရစ်ဝိုင်း ထားသိုမှုဓလေ့ကို မပျောက်ပျက်အောင် ကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ ကျေးရွာနေပြည်သူတွေ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ ဆံရစ်ဝိုင်းကျေးရွာလို့ ယနေ့အထိ ထိန်းသိမ်းထားရှိတဲ့ ရေပုတ်ကြီးကျေးရွာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ အခုထက်ပိုပြီး စိတ်ဝင်တစားလာရောက် လည်ပတ်နိုင်မယ့် ခရီးစဉ်ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်ပေးမယ်ဆိုရင် ကျွန်တော်တို့ကျေးရွာဟာ ဒီထက်မက ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ရှိသူတွေက ဆောင်ရွက် ပေးစေချင်ပါတယ်” ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။

 

Y 4

 

ဖူးမြော်နိုင်

 

ရေပုတ်ကြီးကျေးရွာ အဝင်တွင် မဏိစည်သူမင်းကြီးနှင့် မိဖုရားတို့ ကိုယ်တိုင်လာရောက်ဖူးမြော်ခဲ့သည့် ယခင်က ဧရာသုခ ကိုးတောင်ပြည့်စေတီ၊ ယခုအခါ စေတီကိုငုံ၍ တည်ထားသည့် ရတနာဦးစေတီတော်ကို ကြည်ညိုဖွယ် ဖူးမြော်နိုင်ပါသည်။ ရေပုတ်ကြီးကျေးရွာ သမိုင်းနှင့် ပတ်သက်ပြီး အသက် ၇၇ နှစ်အရွယ် ဒေသခံ ဦးတင်အောင်က လေ့လာသိရှိရသမျှ ပြောပြခဲ့သည်။

 

“မဏိစည်သူမင်းကြီးမှာ ဦးမဲကျော် ဆိုတဲ့ ပျော်တော်ဆက် ငယ်ကျွန်ကြီး ရှိခဲ့တယ်။ မနာလိုတဲ့သူတွေက ကုန်းတိုက် စကားပြောကြားတာကို ဘုရင်ကြီးကယုံပြီး ငယ်ကျွန်ဖြစ်သူ ဦးမဲကျော်ကို သတ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ ဒါကို ဦးမဲကျော်က ကြားတော့ ထွက်ပြေးတယ်။ ထွက်ပြေးလာပြီးတော့ ရေပုတ်ကြီး ကျေးရွာရဲ့ အရှေ့တောင်ဘက် နှစ်ဖာလုံ လောက်မှာရှိတဲ့ ကန်ကြီးတစ်ကန်နားက သခွပ်ကုန်းကျေးရွာမှာ ပုန်းနေတယ်။ နောက်တော့ ဘုရင်ကြီးက အကြောင်းစုံ သိရှိပြီးတော့ ဦးမဲကျော်ကို အမျက်ပြေသွားပြီး မှူးကြီးမတ်ရာတွေကို ရှာဖွေခေါ်ခိုင်းတယ်။ ဦးမဲကျော်က ဘုရင်ကြီး ခေါ်ခိုင်းတာကို ပြန်မလိုက်တော့ဘူး။ ရေပုတ်ကြီးကျေးရွာမှာရှိတဲ့ ဧရာသုခ စေတီမှာပဲ ဖူးမြော်ကြည်ညိုမဆုံးဖြစ်ပြီး တရားဘာဝနာ ပွားများကျင့်ကြံအားထုတ် ရာကနေ ဝိဇ္ဇာလမ်းပေါက်သွားတယ်လို့ သိရှိခဲ့ရတယ်။ ပြီးတော့ ဦးမဲကျော်ကို ဘုရင်ကြီးနဲ့ မိဖုရားတို့ကိုယ်တိုင် လာရောက်ခေါ်တယ်လို့လည်း သိရှိရပါတယ်။”

 

“ဒီလို ဘုရင်ကြီးနဲ့ မိဖုရား ရွာကို ရောက်လာတဲ့အခိုက်မှာ မိဖုရားကြီးက ဧရာသုခစေတီတော်ကို သွားရောက် ဖူးမြော်ပြီး ကြည်ညိုလွန်းလို့ ဘုရင်ကြီးနဲ့အတူ ပြန်မလိုက်တော့ဘူးလို့ မဏိစည်သူမင်းကြီးကိုပြောတော့ ဘုရင်က စိတ်ဆိုးပြီး တွေ့သမျှရေအိုင်တွေနဲ့ ရေရှိသမျှနေရာတွေကို အဓိဋ္ဌာန်နဲ့ ပုပ်စေတတ်တဲ့ဆေး ခပ်ခိုင်းတယ်။ အဓိဋ္ဌာန်က အောင်မြင်သွားပြီး ရေတွေဟာ ခေတ္တပုပ်ပေးရာကနေတစ်ဆင့် ရေစလုတ်ကြီး နာမည်ကနေ ရေပုတ်ကြီးကျေးရွာအမည် ဖြစ်လာပါတယ်။”

 

Y 5

 

“ပြီးတော့ ဘုရင်ကြီးနဲ့ မိဖုရား ရွာကိုရောက်တဲ့ အချိန်မှာလည်း စားတော်ပွဲ ပြင်ပေးတဲ့အခါ ဟင်းတစ်ခွက် လိုနေတဲ့အတွက် ရွာထဲက မန်ကျည်းပင် ကြီးကနေ မန်ကျည်းဟင်းတစ်ခွက် ဆက်သပေးခဲ့ပါတယ်။ ဒီလိုဆက်သပေးတဲ့ မန်ကျည်းဟင်းတစ်ခွက်က ဘုရင်ကြီးနဲ့ မိဖုရားအတွက်ချဉ်တဲ့အရသာ မဖြစ်ဘဲ ချိုတဲ့အရသာဖြစ်ပြီး စားကောင်းစေခဲ့ပါတယ်။ အဲဒီ မန်ကျည်းပင်ကြီးကလည်း အခုချိန်အထိ ရွာထဲမှာ ရှိနေတုန်းဖြစ်ပါတယ်။ ထူးဆန်းတာက ဒီအပင်က တစ်ကိုင်းတည်းသာ မန်ကျည်းသီးအချို သီးတာရှိပါတယ်။ ဒါ့အပြင် ကျေးရွာအနီးက ကျွန်တော်တို့ အရပ်အခေါ် ပေကုန်းမှာလည်း သက်တမ်းနှစ်ပေါင်းရာချီတဲ့ ပေပင် ၂၇ ပင်လည်း ရှိပါတယ်။ ဒီအပင်တွေက ကြီးထွားလာတာမျိုး မရှိဘဲ ပင်စည်အမြင့် ရှစ်လက်မလောက်ပဲ ရှိပါတယ်။ ဒါကလည်း ထူးခြားမှုတစ်ခုလို့ ဒေသခံတွေက ယုံကြည်ကြပါတယ်” ဟု ပြောကြားသည်။

 

ရေပုတ်ကြီးကျေးရွာသို့

 

ယနေ့ထိတိုင် ဆံရစ်ဝိုင်းထုံးဖွဲ့မှု ဓလေ့ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းနေသည့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသို့ သွားရောက်လေ့လာလိုပါက ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာလမ်းခွဲမှ အနောက်ဘက်အတိုင်း သုံးမိုင်ခန့်သွားလျှင် ကျောင်းကုန်းကြီးကျေးရွာသို့ ရောက်မည်ဖြစ်သည်။ ကျောင်းကုန်းကြီးကျေးရွာမှ တစ်ဆင့် လေးမိုင်ခန့်ဆက်သွားလျှင် ရေပုတ်ကြီးကျေးရွာသို့ ရောက်ရှိမည်ဖြစ်သည်။

 

ယခင်က သွားလာရေးခက်ခဲမှုရှိ သော်လည်း ယခုအခါ ကျောင်းကုန်းကြီး - ရေပုတ်ကြီး ကျေးရွာချင်းဆက်လမ်းကို မြေနီကျောက်စရစ်လမ်း ခင်းကျင်းပြီး ဖြစ်သဖြင့် ရာသီမရွေးလွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် လေ့လာလိုသည့် ခရီးသွားဧည့်သည်များ အနေဖြင့် ဆံရစ်ဝိုင်းတို့ နေထိုင်ရာ ရေပုတ်ကြီးကျေးရွာသို့ တစ်ခေါက်တစ်ခါ လာရောက်လေ့လာနိုင်စေရန် ရေးသား တင်ပြလိုက်ရပါသည်။ ။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

Y 7

 

Y 9