ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်က အားထားရသော ပန်းပျိုးပေးသည့် လူသားဥယျာဉ်မှူးကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လိုအပ်

နေပြည်တော် စက်တင်ဘာ ၁၆

 

 ဆရာ ဆရာများသည် စာကိုလည်းသင်၊ လူကိုလည်းပြင်ပေးသော နိုင်ငံတော်က အားထားရသည့် ပန်းပျိုးပေးသည့် လူသားဥယျာဉ်မှူးကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက တိုက်တွန်း ပြောကြားလိုက်သည်။

 

 ယနေ့နံနက်ပိုင်းက မန္တလေးပညာရေးဒီဂရီကောလိပ် ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၈/၂၀၂၂) သင်တန်းသား သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကိုက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာဆရာမများသည် လူသားအရင်းအမြစ်များကို အဓိကမွေးထုတ်ပေးနေသည့်အတွက် ပညာရေးတွင် အခရာကျသည့်ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ အမွန်မြတ်ဆုံးအလုပ်ဖြစ်သည့်အတွက် တန်ဖိုးထားကာ မိမိတို့အရည်အသွေး အစဉ်အမြဲတိုးတက် နေအောင် ခေတ်နှင့်အညီ အစဉ်လေ့လာကြိုးစားနေရမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသားသင်တန်းသူများ၏  တေးသီချင်း များဖြင့် သီဆိုကပြတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသား သင်တန်းသူ များအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကြသည်။

 

ယခုဖွင့်လှစ်လိုက်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းကို အခြေခံပညာကဏ္ဍအတွက် အရည်အသွေးမြင့်မားသော ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍  ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသားသင်တန်းသူ (၄၆၃)ဦး တက်ရောက် ကြောင်း သိရသည်။

(သတင်းစဉ်)