ဆရာ ဆရာမများအတွက် အစဉ်ထွန်းလင်းနေမည့် ပညာတန်ဆောင်

၂ ဇန်နဝါရီ

 

(၁)

 

ပညာ၊ သမာ အာဘာ၊ နတ္ထိ သည် ပညာတန်ဆောင် မဂ္ဂဇင်း၏ ဆောင်ပုဒ် ဖြစ်သည်။ ပညာနှင့်တူသော အလင်းရောင်ဟူသည် မရှိဟု အဓိပ္ပာယ်ရပါသည်။ ပညာတန်ဆောင်သည် ပညာရေးမဂ္ဂဇင်း တစ်စောင်ဖြစ်သည်။ ဆရာ ဆရာမများ အားထားရမည့် မဂ္ဂဇင်းဖြစ်သည်။ ပညာရေးဆိုင်ရာ လေ့လာသူများ ကိုးကားမှီငြမ်းရာ မဂ္ဂဇင်းလည်းဖြစ်သည်။ ပညာရေးကလောင်သစ်များ မွေးထုတ်ပေးသည့် မဂ္ဂဇင်းလည်းဖြစ်သည်။ ကျောင်းသား ကျောင်းသူများ လည်း ပါဝင်ရေးသားကြသည်။ မဂ္ဂဇင်းသက်တမ်း (၆၈)နှစ်တာ ကာလအတွင်း ပညာရေးအစဉ်အလာနှင့် ပညာရေးသမိုင်းကြောင်းများကို ဖော်ပြပေးနိုင်ခဲ့သည်။ နိုင်ငံတော်၏ သမိုင်းအစဉ်အလာများကိုလည်း ဖော်ပြပေးနိုင်ခဲ့၏။ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ငုပ်လျှိုးနေသော စာပေ ယဉ်ကျေးမှုစွမ်းရည်များကိုလည်း နှိုးဆွဖော်ထုတ်ပေးနိုင်ခဲ့၏။ ထို့ကြောင့် ပညာတန်ဆောင် မဂ္ဂဇင်းကို “သက်ကောင်းရှည် မဂ္ဂဇင်းဟု အမည်နာမ ပေးခဲ့ကြသည်။

 

ပညာတန်ဆောင် မဂ္ဂဇင်းကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ ယနေ့တိုင် ပြတ်တောက်မှု မရှိခဲ့ပေ။ ကမကထပြု၍ ဦးဆောင်ထုတ်ဝေခဲ့သူက အငြိမ်းစားလက်ထောက်ပညာမင်းကြီး ဦးထွန်းအောင် (ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦး ၏ အဘိုး)ဖြစ်သည်။ ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက် ၅ ချက်ရှိသည်

 

- (က) နိုင်ငံတော်က ချမှတ်ထားသော ကျောင်းတွင်း၊ ကျောင်းပြင်အခြေခံပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်။ အခြေခံပညာ ဆရာ ဆရာမများ၏ အရည်အသွေးနှင့်သင်ကြား မှုစွမ်းရည်တိုးတက်လာစေရေး၊ ဆရာ ဆရာမများအား ခေတ်မီ ပညာရေး အတွေးအခေါ်ပညာရေးသဘောတရားနှင့် လက်တွေ့လုပ်ငန်းများအပေါ် အကျွမ်းတဝင် ရှိစေရေးအတွက် အထောက်အကူပြုရန်။

 

(ဂ) အခြေခံပညာရေးဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၏ အရည်အသွေးမြင့်မားလာစေရေးအတွက် အထောက်အကူပြုရန်။

 

(ဃ) အခြေခံပညာရေးဆိုင်ရာကျောင်းတွင်း၊ ကျောင်းပြင်ပ သင်ကြားမှု၊ သင်ယူမှု အခြေအနေ တိုးတက်လာစေရေး၊ ဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်ရသော ပညာရေး သုတေသနလုပ်ငန်းများကို အထောက်အကူပြုရန်။ အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတော် အဖွဲ့အစည်းများနှင့် အခါအားလျော်စွာ ပူးပေါင်း ဆောင်ရွက်သွားရန်။

 

ဟူ၍ ဖြစ်ပါသည်။ ဤရည်မှန်းချက်များ အောင်မြင်စေရေးအတွက် ပညာ တန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ပထမဦးဆုံး အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

(က) ဦးသန့် (ထိုစဉ်) အတွင်းဝန် ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန (နောင်အခါ အထွေထွေအတွင်းရေးမှူးချုပ် ကမ္ဘာ့ကုလသမဂ္ဂ)

 

(ခ) ဦးဘိုးသုန် လက်ထောက်ပညာမင်းကြီး အဖွဲ့ဝင်

 

(ဂ) ဦးဘဘွား ကျောင်းအုပ်ကြီးအဖွဲ့ဝင် နိုင်ငံတော်ဆရာအတတ်သင်သိပ္ပံ

 

(ဃ) ဦးရွှေဖုန်းရင် ကျောင်းအုပ်ကြီးအဖွဲ့ဝင် ပုဇွန်တောင် မြူနီစီပယ်

 

(င) ဦးထွန်းအောင် အထူးအရာရှိအမှုဆောင်

 

မသင်မနေရ မူလတန်းပညာရေး

 

အစဉ်အလာကြီးမားပြီး အမြော်အမြင်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့ အဆက်ဆက်၏ စီမံကွပ်ကဲကြီးကြပ်မှု ကောင်းမွန်သောကြောင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ပညာရေးအသိစိတ်ဓာတ်ဖြင့် စဉ်ဆက်မပြတ် ကူညီထောက်ပံ့ပေးမှုတို့ကြောင့်လည်းကောင်း ပညာတန် ဆောင် မဂ္ဂဇင်း (၆၈)နှစ်တိုင်တိုင် မယိုင်မလဲဘဲ ဆက်တိုက်ထုတ်ဝေ ဖြန့်ချိပေး နိုင်ခဲ့သည်။ ယခုအခါတွင် ပညာတန်ဆောင် မဂ္ဂဇင်းသာမက အလယ်တန်းပြ ဆရာ ဆရာမများအတွက် မျှော်မှန်းလျက် “ မြတ်ဆရာစာစောင် " ကိုလည်းကောင်း၊ အထက်တန်းပြ ဆရာ ဆရာမများအတွက် ရည်ရွယ်လျက် ''မြတ်ပညာ မဂ္ဂဇင်း ကိုလည်းကောင်းတိုးချဲ့ ထုတ်ဝေနိုင်ခဲ့ပြီး အခြေခံပညာ ကျောင်းတိုင်းသို့ ဖြန့်ချိပေးနိုင်ခဲ့သည်။ ဤသို့ ဆောင်ရွက်နိုင်ရန် ၁၉၅၂ ခုနှစ်မှ ယနေ့တိုင် ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ဝင် တာဝန်ယူ ကြီးကြပ်ပေးသည့် ဥက္ကဋ္ဌကြီးများကိုလည်း ဂုဏ်ပြု ဖော်ပြအပ်ပါသည် -

 

(က) သီရိပျံချီစည်သူ ဦးသန့် အတွင်းဝန် ၁၉၅၂ မှ ၁၉၅၇ ထိ ပြန်ကြားရေးဝန်ကြီးဌာန

 

(ခ) ဦးမြင့် ပါလီမန်အတွင်းဝန် ၁၉၅၇ မှ ၁၉၆၃ ထိ

 

(ဂ) ဝဏ္ဏကျော်ထင် ဦးဘဖေ လက်ထောက်ပညာမင်းကြီး ၁၉၆၄ မှ ၁၉၆၅ ထိ

 

(ဃ) ဝဏ္ဏကျော်ထင် ဦးကွန်း ဌာနမှူး ၁၉၆၆ မှ ၁၉၇၂ ထိ ပညာရေးမဟာဌာန ရန်ကုန်တက္ကသိုလ်

 

(င) ဦးရွှေဖုန်းရင် ကျောင်းအုပ်ကြီး ၁၉၇၂ ဒီဇင်ဘာထိ ဆရာအတတ်သင်သိပ္ပံ ရန်ကုန်

 

(စ) ဦးအေးမောင် ညွှန်ကြားရေးမှူး(ငြိမ်း) ၁၉၇၃ ဇူလိုင်ထိ၊ ပညာညွှန်ကြားရေးဝန်ရုံး ၁၉၈၂ မှ ၁၉၈၅

 

(ဆ) ဦးစံမြင့် ပါမောက္ခချုပ် (ငြိမ်း) ၁၉၇၃ မှ ၁၉၈၂ ထိ ပညာရေးတက္ကသိုလ် ရန်ကုန်

 

(ဇ) ဝဏ္ဏကျော်ထင် ကထိက(အငြိမ်းစား) ၁၉၈၆ မှ ၁၉၈၉ ထိ ဦးဘိုးသွယ်

 

(ဈ) တက္ကသိုလ်ထင်ကြီး ညွှန်ကြားရေးမှူး(ငြိမ်း) ၁၉၈၉ မှ ၁၉၉၉ အခြေခံပညာဦးစီးဌာန

 

(ည) ဒေါက်တာသန်းဦး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ၁၉၉၉ မှ ယနေ့ထိ

 

အခြေခံပညာဦးစီးဌာန အထက်ဖော်ပြပါ ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကြီးများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကလည်း ပညာတန်ဆောင်မဂ္ဂဇင်း၏ ပုံရိပ်ကို ပိုမိုထွန်းလင်း တောက်ပြောင်စေခဲ့ပါသည်။ ဆရာကြီးများ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ပညာတန်ဆောင်စာစောင်တွင် အောက်ပါအချက်များ ဖော်ပြပေး လျက်ရှိပါသည်။

 

နိုင်ငံတော်အကြီးအကဲများ၏ ပညာရေးဆိုင်ရာ လမ်းညွှန်ချက်များ

 

- ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုများ

 

- ဆရာ့ဘ၀၊ ဆရာ့အလှ၊ ဆရာ့သိက္ခာဆိုင်ရာ ဆောင်းပါးများ

 

- သင်ရိုးညွှန်းတမ်းဆိုင်ရာ အသိပညာပေး ဆောင်းပါးများ

 

- ပညာရေးသဘောတရား၊ စိတ်ပညာနှင့် သင်ပြနည်းဆိုင်ရာ ဆောင်းပါးများ

 

- ကလောင်ဟောင်း၊ ကလောင်သစ် ဆရာ ဆရာမ၏ ဝတ္ထု၊ ကဗျာများ

 

- ကျောင်းသားလူငယ်များ၏စာစီစာကုံးနှင့် အတွေးအမြင် ဖော်ပြချက်များ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာအချက်များ

 

- နိုင်ငံတကာ ပညာရေးဗဟုသုတများ

 

- ပန်းချီနှင့် ကာတွန်းများ

 

 - ပြင်ပပညာရေး ပညာရှင်များနှင့်နာမည်ရ စာရေးဆရာများ၏ ဝတ္ထု၊ ဆောင်း ပါး၊ ကဗျာများ၊ အခန်းဆက်ဝတ္ထု၊ ဆောင်ပါးများကို ဖော်ပြပေးလျက်ရှိပါသည်။

 

ပညာရေးအထူးစာစဉ်အဖြစ် ပညာရှင်ကြီးများ၏ ထုတ်ဝေဖြန့်ချီပြီး ဝတ္ထု၊ ဆောင်းပါးများကိုလည်း နှစ်စဉ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။ ပညာတန်ဆောင်စာကြည့်တိုက်တွင်လည်း စာအုပ်ပေါင်း ၃၀၂၀၆ အုပ်ကို စနစ်တကျထားရှိပြီး ရည်ညွှန်းကိုးကားစာကြည့်တိုက်အဖြစ် သီးသန့်ထားရှိကာ သုတေသီများ၊ စာတမ်းရှင်များ လာရောက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ကလောင်သစ်များကို မွေးထုတ်လေ့ကျင့်ပေးသည့်အနေဖြင့် နှစ်စဉ်စာပေ ပြိုင်ပွဲအမျိုးအစား (၈)မျိုးကိုကျင်းပကာ ဆုများရွေးချယ် ချီးမြှင့်ပေးလျက်ရှိပါသည်။

 

(က) ဆောင်းပါးပြိုင်ပွဲ (ယခုနှစ်ပေးသည့် အကြောင်းအရာမှာ စာကြည့်တိုက်ယဉ်ကျေးမှု)

 

(ခ) မြန်မာကဗျာရေးဖွဲ့ပြိုင်ပွဲ

 

(ဂ) စာစီစာကုံး (မူတန်းအထက်ဆင့်)ပြိုင်ပွဲ (ဃ) ဘာသာပြန်ပြိုင်ပွဲ (ယခုစာပိုဒ်မှာ Beat the Plastic Pollution)

 

(င) ဦးသန်းညွန့်စာပေဆု (ဝတ္ထုလတ်)ပြိုင်ပွဲ

 

(စ) ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ

 

(ဆ) တစ်မျက်နှာ ဝတ္ထုတိုပြိုင်ပွဲ

 

(ဇ) မူလတန်းအဆင့်သင်ထောက်ကူ ကားချပ်ပြိုင်ပွဲတို့ ဖြစ်သည်။

 

ထူးခြားသည့် အစီအစဉ်များအနေဖြင့် တော်ဝင်မိသားစုဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ခြင်း (မူ၊ လယ်၊ ထက်) ပြိုင်ပွဲများကို တတိယအကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ခြင်း။

 

INGO များနှင့် ပူးတွဲလျက် EXCEL Project နှင့် ECCD Project များကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

 

ထို့ပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မူလတန်းကြို ဆရာဖြစ်သင်တန်း(တစ်လ)ကို ယနေ့တိုင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ပညာတန်ဆောင်အဖွဲ့အနေဖြင့် ပညာရေးကို ကိုယ်နိုင်သည့်နေရာမှ တာဝန် ထမ်းဆောင်ပေးလျက်ရှိပါသည်။

 

သို့ဖြစ်ပါ၍ ပညာတန်ဆောင်သည် ပညာရေးအစဉ်အလာအားဖြင့် လည်းကောင်း၊ သမိုင်းအစဉ်အလာအားဖြင့်လည်းကောင်း၊ စာပေအစဉ်အလာ အားဖြင့်လည်းကောင်း၊ ၁၉၅၂ ခုနှစ်မှသည် ယနေ့ (၆၈) နှစ်တိုင် ဆရာ ဆရာမများ အားကိုးအားထားပြုရာ မဂ္ဂဇင်းတစ်စောင်အဖြစ် ရပ်တည်နိုင်ခဲ့ သည်။ ထိုသို့ ရပ်တည်နိုင်စေရန် ကူညီထောက်ပံ့မှုပေးပါသော ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအား လည်းကောင်း၊ အသက်အရွယ်နှင့် ကျန်းမာရေးကို မထောက်မငဲ့ဘဲ ပညာရေး၏အကျိုးကို ရှေးရှုကြီးကြပ် ဦးဆောင်မှု ပေးခဲ့ပါသော အုပ်ချုပ်ရေးအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများအား လည်းကောင်း၊ ကလောင်ဟောင်း၊ ကလောင်သစ် စာပေပညာရှင်များအားလည်းကောင်း၊ အစဉ်အမြဲအားပေး ဖတ်ရှုနေကြပါသော ဆရာ ဆရာမအားလုံးနှင့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း အထူးကျေးဇူးတင်ရှိ ဂါရ၀ပြုပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ပညာတန်ဆောင် မွေးနေ့မှသည် ကမ္ဘာတည်သည်အထိ ဆက်လက်ရှင်သန်နေပါစေ၊ ဆရာများအတွက် အစဉ်ထွန်းလင်း တောက်ပနေပါစေဟု ဆုမွန်တောင်းအပ်ပါသည်။ ။

 

အောင်ခိုင်မြင့် (ပညာရေး)