ဆရာ ဟံသာဝတီဦးဝင်းတင်နှင့် ပုံနှိပ်သတင်းစာပညာ

၁၄ ဇွန်

 

“ဆရာဦးဝင်းတင်ဟာ နိုင်ငံရေးသမားထက် သတင်းစာသမား စိတ်ဓာတ် ပိုကြီးသူဖြစ်တယ်။

 

နိုင်ငံရေးသမားရဲ့ အရည်အသွေးနဲ့ အမူအကျင့် ဓလေ့စရိုက်တွေသူ့ထံမှာမထင်ရှား၊ မပီပြင်ဘူး။

 

သတင်းသမား၊ စာသမား၊ အသိပညာသမားရဲ့ အရည်အသွေးနဲ့ အတွေ့ အကြုံ အမူအကျင့်များသာ ထင်ရှားပီပြင်တယ်

 

အထက်ပါစာစုမှာ ဆရာဖေမြင့် (ယခုပြည်ထောင်စုဝန်ကြီး) ၏ ၂၀၁၄ ခုနှစ်ပြီလ ၂၁ ရက်နေ့စွဲဖြင့်ရေးသားခဲ့ဖူးသော 'နိုင်ငံရေးလောကထဲဖြတ်သန်း ခဲ့တဲ့ သတင်းစာသမား ခေါင်းစဉ်အောက်၌ နိဒါန်းပြု ဖော်ပြထားသော စာပိုဒ်များ ဖြစ်ပါသည်။

 

ဟံသာဝတီဦးဝင်းတင်သည် ကနဦးကာလ ကြေးမုံသတင်းစာ၏ အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါသည်။ သတင်းစာသမားအဖြစ် လူသိများ ထင်ရှားခဲ့သည်။ “ကွိ ဘာသာပြန်စာအုပ်သည် ဆရာ၏ ကနဦး လက်ရာများအနက် ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါ၏။

 

သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်ကိုယ်တိုင် နှစ်ခြိုက်ခဲ့သော သတင်းလောက နောက်ခံစာအုပ် ဖြစ်ပါသည်။ မူရင်းစာအုပ်ရေးသူမှာ HENERY SYDNOR HARRISON ဖြစ်ပြီး "QUEED" ဟုမင် အမည်ပေးခဲ့ပါသည်။

 

ဂျာနယ်ကျော်ဦးချစ်မောင်၏ ဇနီးဖြစ်သူ ဂျာနယ်ကျော်မမလေးက ဆရာ ဗန်းမော်တင်အောင်အား ဘာသာပြန်ဆိုရန် တိုက်တွန်းခဲ့သော်လည်း မပြန်ဆိုဖြစ်ခဲ့ဘဲ ဆရာဦးဝင်းတင်က ပြန်ဆိုခဲ့ရာ၌ ထင်ရှားကျော်ကြား လူသိများခဲ့ပါသည်။ သတင်းသမားစစ်စစ်ဖြစ်သော ဆရာ၏မြန်မာမှုပြုကာ ပြန်ဆိုခဲ့သောစာစုသည် စာဖတ်သူအတွက် စွဲမက်နှစ်ခြိုက်ကာ အကြိမ်ကြိမ် အခါခါပင် ဖတ်ရှုလိုစိတ်ဖြစ်ပေါ်ရပါ၏။

 

ဤဝတ္ထု၏ အဓိက ဇာတ်ကောင်နှစ်ဦးတို့မှာ လူထူးလူဆန်းသတင်းစာ ဆရာ 'ကွီနှင့်ရှာလီဝေလင်ခေါ် မိန်းမပျိုတို့၏အချစ်ဖွဲ့ဇာတ်လမ်းပင်ဖြစ်ပါသည်။

 

ဇာတ်လမ်းအရ “ကွိ သည် စာဖတ်နာသူတစ်ဦး ဖြစ်သည်။ ၎င်းသည် စာကြည့်တိုက်ခန်းမတစ်ခုအတွင်း ဝင်သွားခဲ့ရာ၌ ပါမောက္ခအိုကြီးနှင့် ဆုံတွေ့ ခဲ့ကြသည်။ ပါမောက္ခအိုကြီးက “ကွိ ကို စပင်ဆာ၊ ဟတ်ဇလေ၊ ဒါဝင်၊ မီးလ်၊ ဂျွန်ဖစ်၊ အဒမ်စမစ်၊ ဟင်နရီမိန်းတို့၏ နိုင်ငံရေး၊ ဒဿန၊ သိပ္ပံပညာရှင်များ၏ ကျမ်းစာအုပ်များကို လက်ညှိုးထိုးကာ ဖတ်ဖူးသလားဟု မေးခဲ့ပါ၏။ “အကုန် ဖတ်ဖူးတယ် ဟု “ကွိက မဆိုင်းမတွ ပြန်ဖြေခဲ့ပါ၏။

 

ရှာလီဝေလင်သည် ထက်မြက်သော အမျိုးသမီးတစ်ဦး၊ အများအကျိုး ဆောင်လိုသူ၊ အမျိုးသားများနှင့် ရင်ပေါင်တန်းလိုသူ အမျိုးသမီးဖြစ်သည်။

 

ဂျာနယ်ကျော်ဦးချစ်မောင်အပေါ်၌ “ကွိ ၏ အတွေးအမြင်ရှိသကဲ့သို့ ဂျာနယ်ကျော်မမလေးသည်လည်း ရှာလီဝေလင်၏ ပုံစံအရိပ်ထိုးခဲ့ကြောင်း ဆရာမြသန်းတင့်က သုံးသပ်ဖော်ပြထားပါ၏။

 

ရှာလီဝေလင်၏ “သေနေတဲ့သတင်းစာဟာ တစ်ကမ္ဘာလုံးမှာ၊ ဘယ်မှာဖြစ်ဖြစ် အသုံးမကျဘူး။ အသက်ဝင်လှုပ်ရှားနေတဲ့ သတင်းစာကောင်းကိုပဲ ပရိသတ်ဖတ်ချင်တာ။ နည်းနည်းကောင်းရမယ်၊ ပိုပြီးပေါ့ပါးရမယ်၊ အဖိုးတန် အချက်အလက်နဲ့ ရင့်ကျက်တဲ့ အဆုံးအဖြတ်တွေကို ပေးစွမ်းနိုင်ရမယ် ဟူသော ရှာလီ၏ ယင်းစကားစုက “ကွိ အပေါ် အတွေးကျယ်၊ အမြင်ဆန်း စေခဲ့တော့သည်။

 

ဤသည်မှာ ဆရာဦးဝင်းတင်၏ ဘာသာပြန်လက်ရာမှ အနှစ်သာရ ဖတ်၊ မှတ်စရာ အချို့သာဖြစ်ပါ၏။

 

ဆရာ၏ “သတင်းစာသမားမှ စာဖတ်သူသို့ စာစု၌ “သတင်းစာသည် သတင်း မဟုတ်ပါ။ ထို့ကြောင့် သတင်းစာအကြောင်း၊ သတင်းစာသမား အကြောင်းကို သတင်းစာထဲတွင် အခါခပ်သိမ်း မဖော်ပြပါ။ အခြား အဖွဲ့ အစည်းများ၊ အခြားလူပုဂ္ဂိုလ်များကဲ့သို့ပင် သတင်းဖြစ်သည့် ဖြစ်ရပ်လုပ်ရပ်ရှိမှ သတင်းစာတွင် ဖော်ပြပါသည် ဟူ၍ ပြညွှန်ဖော်ပြထားပါသည်။

 

ngocoqs voçê:c1978:682 cloongozd:8: (Prof. Tyobee) ကလည်း “သတင်းစာဟူသည် အသိဉာဏ်ပွင့်လင်းမှုများ စီးဆင်းရာ သန့်စင်ကြည်လင်သော မြစ်ကြီးပမာဖြစ်ကြောင်း ပမာပြုထားပြီး ယင်းကဲ့သို့ သန့်စင်သောမြစ်ကြီးအား ညစ်ညမ်းစေသူများကိုလည်း ရှုတ်ချခဲ့ပါ၏။

 

သတင်းစာသမားဟုဆိုရာ၌ အယ်ဒီတာ၊ သတင်းထောက်၊ ဆောင်းပါးရှင်၊ စာပြင်ဆရာ စသူတို့ကို ခြုံငုံခေါ်ဆိုကြောင်း ဆရာက ဖော်ပြခဲ့သည်။ (မှတ်ချက်။ အွန်လိုင်းမီဒီယာသမားများပင် အကျုံးဝင်လာခဲ့ပါ၏)

 

သတင်းစာ၏ မူဝါဒသဘောထားကို ထင်ဟပ်သောခေါင်းကြီးပိုင်း (အယ်ဒီတာ့ အာဘော်) ကို စာရေးသူက ရေးရသည်။ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပျက် နေသည့် သတင်းများကို စုဆောင်းသူက စုဆောင်း၊ ရေးသား၊ ပြင်ဆင်၊ တည်းဖြတ်ကြရ၍ သတင်းဓာတ်ပုံအဖြစ် မှတ်တမ်းဖော်ပြသူက ရိုက်ကူး ဆောင်ရွက်ရကြောင်း ဆရာက ဖော်ပြထားပါ၏။

 

ဆက်လက်၍ ဆရာက “ယေဘုယျအားဖြင့် သတင်းစာသမား၏ အဘိဓမ္မာ သဘောထားနှင့်ခံယူချက်သည် အခြားသတင်းစာဆရာကြီးများ၊ ပညာရှင်များ၏ မိန့်ဆိုချက်တို့နှင့် များစွာကွဲလွဲမှုမရှိပါ။ ပြည်သူ့အပေါ်လှုံ့ဆော်ပညာပေးမည်။ အစွဲအာဃာတကင်းကင်း သတင်းရေးမည်၊ ပုဂ္ဂလဓိဋ္ဌာန် မဖက်၊ ဓမ္မဓိဋ္ဌာန် သက်သက်ဖြင့် အမှန်ဘက်က ရပ်တည်မည်။ လူ့ဘောင်သမိုင်းကို ထင်ဟပ်၍ ခေတ်သမိုင်းကို မှတ်တမ်းတင်ပြီး ပြည်သူတို့၏ အာဘော်၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ထင်ဟပ်ဖော်ထုတ်မည်ဟူသော ခံယူချက်၊ အဘိဓမ္မာကို ဖော်ညွှန်း ပြဆိုထားပါသည်။

 

ထို့ပြင် "သတင်းစာသမားသည် ခေတ်စနစ်၏ မူဝါဒ၊ မိမိလုပ်ကိုင်သော သတင်းစာ၏ မူဝါဒတို့အပေါ်ရပ်တည်၍ သတင်းထောက်လှမ်းခြင်း၊ တည်းဖြတ်ခြင်း စသောသတင်းစာလုပ်ငန်းများကို လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာ၌လည်း သတင်းစာသည် လူဖတ်ရန် ထုတ်ဝေခြင်း ဖြစ်ရာ လူမဖတ်ပါက အကြောင်းမထူးဆိုသောသဘောမျိုး လွှမ်းမိုးတတ်ကြောင်း၊ ထိုအခါ သတင်းဦးတည်ချက်သည် ရောင်းပန်းလှရေးဘက်သို့ ရောက်သွားတတ်ပါကြောင်း ဆရာဦးဝင်းတင်က ထောက်ပြထားပါ၏။

 

ဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ပုဂ္ဂလိကသတင်းစာခေတ်ကို ဖြတ်သန်းခဲ့သူသတင်းစာဆရာကြီး ဖြစ်သကဲ့သို့ နိုင်ငံပိုင်သတင်းစာကိုလည်း ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် မန္တလေးမြို့၌ လျှမ်းလျှမ်းတောက်အောင်မြင်ရန် ဦးစီးပဲ့ကိုင်နိုင်ခဲ့သော ရဲရဲတောက် သတင်းစာဆရာတစ်ဦးအဖြစ် စာဖတ်ပရိသတ်က လေးစားစံပြုရသူ ပုဂ္ဂိုလ်လည်းဖြစ်ပါသည်။

 

ဆရာက မျိုးဆက်သစ်သတင်းသမားတို့အတွက် သတင်းစာသမားသည် စာဖတ်ပရိသတ်များအတွက် သတင်းကို စုဆောင်းတင်ပြကြရန်၊ သတင်း ဦးအောင်၊ ထူးအောင် ၊ မှန်ကန်တိကျ ပြည့်စုံအောင်လည်း တည်းဖြတ်ကြရန်၊ တစ်ဖက်တွင်လည်း ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သုံးသပ်၊ ပြည်သူ့ထင်မြင်ချက် အလေးထားရန်၊ နည်းမျိုးစုံဖြင့် ဖော်ထုတ်ရန်ကိုလည်း ညွှန်ပြသွားခဲ့ပါ၏။

 

ဤသည်တို့မှာ ဟံသာဝတီဦးဝင်းတင်၏ ပုံနှိပ်သတင်းစာများနှင့် စပ်လျဉ်း၍ ဝေဖန်၊ အကြံပြု၊ တိုက်တွန်းချက် အချို့ကို ဝေမျှလိုက်ခြင်းသာ ဖြစ်ပါ၏။

 

ဆရာသည် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ဇာတိဖြစ်၍ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့၌ မွေးဖွားခဲ့သူဖြစ်ပါသည်။ ဝင်းတင်အမည်အပြင် ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပုည၊ အယ်ဒီတာတစ်ဦးစသည့် ကလောင်ခွဲများဖြင့်လည်း ဆောင်းပါး၊ စာအုပ်များ ရေးသားခဲ့ကာ ပန်းချီအနုပညာနှင့်ပတ်သက်၍ ကြေးမုံသတင်းစာ၌ 'ပေါ်သစ်' ကလောင်အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးများမှာ ကျော်ကြားလှပါ၏။ ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် နံနက် ၆ နာရီခွဲက ဆရာကွယ်လွန်ခဲ့ပေရာ လွန်ခဲ့သော ဧပြီလ၂၁ရက်နေ့တွင် ဆရာကွယ်လွန်ခဲ့သည်မှာခြောက်နှစ်ရှိခဲ့ပေပြီ။

 

ဆရာ့အပေါ်သတင်းစာဆရာဘဝမှာ သစ္စာနှံခဲ့သော စာပေအနုပညာရှင် နိုင်ငံရေးသမားကြီး အဖြစ် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဗဟိုအမှုဆောင်များ က မော်ကွန်းထိုး ဂုဏ်ပြုထားခဲ့ပါ၏။

 

ဆရာဦးဝင်းတင်သည် ရဲရဲတောက်သတင်းစာဆရာကြီးတစ်ဦးအဖြစ် ကြံ့ကြံ့ခံ ရပ်တည်ခဲ့သူဖြစ်သည်။ အာဏာရှင်တို့အား ဒူးမထောက် လက်မမြှောက်သော စံပြပုဂ္ဂိုလ်အဖြစ် နေထိုင်ကျင့်ကြံ ပြသခဲ့သူဖြစ်ပါသည်။

 

အထူးသဖြင့် သတင်းသမားတို့၏ စံထားရာ အာဂသတင်းစာ ဆရာကြီး အဖြစ် အစဉ်ထာဝရတည်ရှိနေမည်မှာ မုချဧကန်ဖြစ်ပါကြောင်း။

 

စာကိုး-

- ဟံသာဝတီ ဦးဝင်းတင်၏ စာပေမွေ့လျော်မှုပျိုးထောင်ခြင်း။

- ဝင်းတင်- 'ကွိ'

- ဂျာနယ်ကျော်မမလေး၏'သူလိုလူ'

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄)

 

မောင်ဖေလှိုင်