ဆရာကြီး မင်းသုဝဏ်၏ လွတ်လပ်ရေးဂုဏ်ပြုကဗျာများ

မြင့်ဆွေဦး

 

အမျိုးသားစာဆိုတော်ဆရာကြီး မင်းသုဝဏ်သည် လွတ်လပ်ရေးနှင့်ပတ်သက်၍ ကဗျာများရ ေးသားခဲ့လေသည်။ ထိုကဗျာများအနက် အထူးခြားဆုံးကဗျာမှာ သပြေညို ဖြစ်သည်။ ထိုကဗျာကို ဆရာကြီးသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၁၉၃၇ ခုနှစ် ကျောင်းပိတ်ရက်တွင် ဝေးလ်ပြည်နယ် စိန့်ဒိုင်းနီးယားစာကြည့်တိုက်၌ ဆောင်းခိုရင်း စာကြည့်နေချိန်ဖြစ်သည်။ ၁၉၃၈ ခုနှစ်၊ အောက်စဖို့ဒ်တက္ကသိုလ်သို့ မပြန်မီ တစ်ရက်အလို ဇန်နဝါရီလ ၄ ရက်နေ့တွင် သပြေညို ကဗျာကိုရေးဖွဲ့ခဲ့ ခြင်းဖြစ်သည်။

 

“သပြေညို”

သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို

တို့ပြည်မှာ တို့မေကမ်းပါတဲ့

သပြေညို ရွှေဘိုပန်းဟာက

လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့

လာတော့မကွဲရွှေဗဟိုရ်

လေချိုကအသွေး။

လင်းကြက်အဆော်

ကွင်းထက်မှာတူပျော်ပျော်နဲ့

စည်တော်ကို ရည်မျှော်မှန်းကာပ

ရောင်နီမှာအောင်စည်ရွှမ်းရအောင်

သပြေညိုရွှေဘိုပန်းရယ်နဲ့

လှမ်းကြစို့လေး။ ။

၄ ဇန်နဝါရီ၊ ၁၉၃၈

 

ဆရာကြီးမင်းသုဝဏ်က “ဘိလပ်ကျွန်းဖြစ် သပြေညို ဆောင်းပါး”တွင် (သပြေညို) ကဗျာ ရေးဖြစ်ခဲ့ပုံကိုရေးသားခဲ့လေသည်။ အင်္ဂလန်တွင် အတာကူးပွဲ ကျောင်းပိတ်ရက်သည် နှင်းကျရေခဲလောက်အောင် အေးသောရာသီဖြစ်သဖြင့် ဆရာကြီးသည် စိန့်ဒိုင်းနီးယ့် စာကြည့်တိုက်တွင် သွားရောက်နေထိုင်ရင်း စာကြည့်နေခဲ့သည်။ ၁၉၃၇ ခုနှစ် အတာကူးပွဲတော်ရက်တွင် စိန့်ဒိုင်းနီးယားသို့ သွားရောက်သည့်အခါ ဆရာကြီးနှင့်အတူ ဦးအုန်းမောင်(အာဇာနည်) လည်း အတူပါလာသည်။

 

ဦးအုန်းမောင်သည် မျိုးချစ်စိတ်ထက်သန်သူတစ်ဦး ဖြစ်သဖြင့် ဆရာကြီးနှင့်အတူ နှစ်ဦးသား ကိုယ့်တိုင်းကိုယ့် ပြည်အကြောင်းကို ဆွေးနွေးလေ့ရှိပါသည်။ ထိုသို့ ဆွေးနွေးရာမှ အတွေးရလာပြီး သပြေညို ကဗျာရေး ဖြစ်ခဲ့သည်ဟု ဆရာကြီးမင်းသုဝဏ်က ဆိုခဲ့လေသည်။ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် သပြေညို ကဗျာ ကို ရေးသားခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား မြန်မာနိုင်ငံသည်  လွတ်လပ်ရေးရရှိခဲ့ပါသည်။

 

ဆရာကြီးမင်းသုဝဏ်သည် ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး တက္ကသိုလ်၏ အရှေ့တိုင်း ပညာရပ်များဌာန၌ မြန်မာစာ လက်ထောက်ကထိက အဖြစ် စတင်အမှုထမ်းသည်။ စစ်အတွင်း၌ မြန်မာနိုင်ငံတော်ပညာတံခွန်အသင်းကို နိုင်ငံတော်အစိုးရ အကူအညီဖြင့် တည်ထောင်ခဲ့ပြီး အဘိဓာန်ဌာနတွင် စာတည်းအဖြစ် ဦးစီးလုပ်ကိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ကထိကအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။ ။

 

ဆရာကြီးမင်းသုဝဏ်သည် လွတ်လပ်ရေးမရမီနှစ် အနည်းငယ်ခန့်အလိုမှာပင် လွတ်လပ်ရေးအကြို ကဗျာများကို ရေးဖွဲ့ခဲ့သည်။ ထိုကဗျာများအနက် “ကျွန်ဘဝမှ ကျွန်ဘဝသို့” ကဗျာကို ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရေးဖွဲ့ခဲ့သည်။

“ကျွန်ဘဝမှကျွန်ဘဝသို့”

သူ့ကျွန်ဘဝ၊ တော်လှန်ကြ၍

ဆင်ရတော့မည်၊ မြန်မာပြည်သည်

ဇာနည်တို့၏ အောင်ပန်းကို။

အောင်ပန်းဆင်၍၊ သခင်မဖြစ်

မြန်ပြည်သစ်ကို

ကျွန်ချစ်ပမာ၊ လုပ်ကျွေးခါမှ

မြန်မာသခင်ဖြစ်မည်တည်း။

၂၀၊ နိုဝင်ဘာ၊ ၁၉၄၇

 

ဒုတိယကမ္ဘာစစ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာ တိုင်းရင်းသားများ စည်းစည်းလုံးလုံးနှင့် တော်လှန်ရေး အမျိုးမျိုးကို ဆင်နွှဲခဲ့ကြသည်။ အားရစရာ၊ ဝမ်းသာစရာ၊ကျေးဇူးတင်စရာ။ သို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကိုရတော့မည်ဟု သိရလေသည်။ ထိုအခါဆရာကြီးမင်းသုဝဏ်သည် မြဝတ်လွှာမဂ္ဂဇင်း ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ၊ စာစောင်အတွဲ ၁၊ အမှတ် ၁ တွင် (ဇာနည်ထုံး)ကဗျာကို ရေးဖွဲ့ခဲ့လေသည်။

 

“ဇာနည်ထုံး”

လွတ်လပ်တော့မည်။ မြန်မာပြည်တည့်

ဇာနည်တို့ထုံး၊ ပိုက်ယူကျုံး၍

နှလုံးရဲခက်လှစေမင်း။ ။

လွတ်လပ်တော့မည်။ မြန်မာပြည်တည့်

ဇာနည်တို့ထုံး၊ ပိုက်ယူကျုံး၍

လက်ရုံးကျန်းခက်လှစေမင်း။ ။

လွတ်လပ်သောခါ၊ အိုမြန်မာတို့

ချူချာနုံ့နဲ့၊ တအားနွဲ့ ကို

ညှောင့်ထောက်တွေး၊ သားငယ်ထွေးသို့

ပြုရေးညံ့သက်ကြစေမင်း။ ။

မြတ်ဝတ်လွှာ (ဒီဇင်ဘာ၊၁၉၄၇)

 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်။ ထိုအခါ ဆရာကြီးမင်းသုဝဏ်က အိုးဝေဆုတောင်း”ကဗျာကို ရေးဖွဲ့၍ လွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုခဲ့လေသည်။

 

“အိုးဝေဆုတောင်း”

ဥဒေတယံ၊ ဂါထာသံဖြင့်

နေလျှံရှေ့ပြေး၊ ရောင်နီအေးတွင်

ဖြူဖွေးကြယ်ပွင့်၊ တံခွန်လွှင့်၍

ဒေါင်းမင်းညွတ်မှ လွတ်ပြီတည်း။

အိုးဝေအိုးဝေ၊ တွန်သံဝေ၍

မျှဝေခွဲခြမ်း၊ ကမ္ဘာလွှမ်းအောင်

အေးချမ်းသီဆိုနိုင်စေသောဝ်။

ဤလောကကို၊ သာနုပျိုအောင်

စိမ်းစိုညိုမြ၊ မြီးဆံလှဖြင့်

က၍ဖျော်ဖြေနိုင်စေသောဝ်။

ကိုယ့်နယ်ပိုင်နက်၊ ကိုယ့်စားကျက်လည်း

သူ့လက်အတွင်း၊ မကျဆင်းဘဲ

ရဲတင်းကြံ့ခိုင် စောင့်ရှောက်နိုင်အောင်

စိုးပိုင်အုပ်ချုပ်နိုင်စေသောဝ်။ ။

အိုးဝေသတင်းစာ(၁၉၄၈)

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂမှနေ၍ အိုးဝေမဂ္ဂဇင်း ၁၉၄၈ ခုနှစ် နှစ်လည်စာစောင်ကို ၁၃၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုအိုးဝေမဂ္ဂဇင်း၊ နှစ်လည်စာစောင် တွင် ဆရာကြီးမင်းသုဝဏ်က လွတ်လပ်ရေးဂုဏ်ပြု ကဗျာများ ရေးဖွဲ့ခဲ့လေသည်။ ယင်းတို့မှာ “ခွန်းဆက်”နှင့် “သာဓုသံ”ကဗျာနှစ်ပုဒ်တို့ဖြစ်သည်။ “ခွန်းဆက်”ကဗျာ မှာ ဆရာမင်းသုဝဏ်၏ ကဗျာပေါင်းချုပ်များတွင် ပါဝင် ခြင်းမရှိသည်ကို တွေ့ရသည်။

 

“ခွန်းဆက်”

အိုးဝေတဲ့ညံညံ ရွှေဒေါင်းပျိုတောင်ညိုဦးမှာလ

ကျူးရင့်မြည်သံ။ ။

အောင်ပွဲရယ်ခံ နိုင်ငံတဲ့သာရေး။ ။

ရွှေဗဟိုရ်စည်တော်ရွမ်းချိန်မို့

ခွန်းမျိုးဆက်တေး။

အိုးဝေနှစ်လည်စာစောင်(၁၉၄၈)

 

ထိုနှစ်လည်စာစောင်မှာပင် ဆရာမင်းသုဝဏ်က “သာဓုသံ” ကဗျာဖြင့် ကျောင်းသားသမဂ္ဂကို ရေးဖွဲ့ ဂုဏ်ပြုခဲ့လေသည်။ ။

 

“သာဓုသံ”

ဒေါင်းပျိုထိုးခွပ်၊ ဘယ်ညာခွပ်၍

လွတ်လပ်ရလေ၊ တို့တစ်တွေသည်

အိုးဝေကျေးဇူးပါတကား။ ။

အိုးဝေကျေးဇူး၊ မထိမ်မြူးဘဲ

ခါဦးကောဇာ၊ ဤအခါတွင်

သာဓုခေါ်ကြပါကုန့်လော့။ ။

သာဓုသံတွင်၊ သောတဆင်၍

အသင်ဒေါင်းငယ်၊ မြန်မိငယ်ကို

သက်နှယ်စောင့်ရှောက်နိုင်စေသောဝ်။ ။

 

ကျောင်းသားသမဂ္ဂသည် အမျိုးသားလွတ်မြောက်ရေး၊ လွတ်လပ်ရေးကို ရယူပေးခဲ့သည့် ဂုဏ်ကျေးဇူးကို “သာဓုသံ”ဖြင့် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ယခုဖော်ပြခဲ့သော ကဗျာများမှာ ဆရာကြီး မင်းသုဝဏ်၏ လွတ်လပ်ရေးကို ဂုဏ်ပြုဖွဲ့နွဲ့ခဲ့သော ကဗျာများဖြစ်သည်ကို တင်ပြလိုက်ပါသည်။

ကြေးမုံ