ဆရာကြီးဦးသာအေး အထိမ်းအမှတ် စာကြည့်တိုက်

၂၀  သြဂုတ် 

၅-၈-၂၀၁၉ ရက်နေ့ (တနင်္လာနေ့) မနက် ၉ နာရီတိတိမှာ ကျင်းပတဲ့ ရေနံချောင်းမြို့နယ် ချန်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဆရာကြီးဦးသာအေး အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။

ဆရာကြီး ဦးသာအေး အထိမ်းအမှတ်စာကြည့်တိုက်ကို ဆရာကြီးဦးသာအေးရဲ့ သမီး၊ သားတွေဖြစ်ကြတဲ့ ဒေါ်စိန်စိန်၊ ဦးခင်သန်းမောင်၊ ဦးခင်သန်းအောင်တို့က ငွေကျပ်သိန်းပေါင်း ၁၃၀ ကျော် အကုန်အကျခံပြီး ဆောက်လုပ်လှူဒါန်းတာပါ။ ဆရာကြီးဦးသာအေးဆိုတာက ကျွန်တော်တို့ ချန်ကန်ကျေးရွာသားစစ်စစ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကျောက်တံလက်လှည့် ငယ်ဆရာကြီးတစ်ဦးပဲ ဖြစ်ပါတယ်။

ချန်ကန်ကျေးရွာဆိုတာက ရေနံချောင်းမြို့နယ်ထဲမှာ ရှိပါတယ်။ ရေနံချောင်း မြို့နယ်ရဲ့ အရှေ့မြောက်ယွန်းယွန်းမှာ ရှိတာပါ။ ရေနံချောင်းမြို့နယ်ရဲ့ အရှေ့မြောက် အဖျား၊ ကျောက်ပန်းတောင်းမြို့နယ်ရဲ့ အနောက်တောင်ဘက်အဖျားနဲ့ ချောက်မြို့ နယ်ရဲ့ အရှေ့တောင်ဘက်အဖျားတို့ ဆုံရာနယ်စပ်မှာ ရှိပါတယ်။ ချန်ကန်ကျေးရွာရဲ့ အရှေ့မြောက်ဘက်က ကျောက်ပန်းတောင်မြို့နယ်၊ အနောက်မြောက်ဘက်က ချောက်မြို့နယ်ပါ။

ချန်ကန်ကျေးရွာသားစစ်စစ်

ချန်ကန်ကျေးရွာသားစစ်စစ် ဆရာကြီးဦးသာအေးက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ချန်ကန်ရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲဖြစ်လာမယ့် ချန်ကန်ရွာ အမှတ်(၄၁) အခြေခံပညာမူလတန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး တစ်ဦးပဲဖြစ်ပါတယ်။ ချန်ကန်ရွာ အခြေခံပညာမူလတန်းကျောင်းကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်စကာလရဲ့ ကျောင်းအုပ်ဆရာကြီးက ဦးဘောင်ကြီးဖြစ်ပါတယ်။ ဆရာကြီး ဦးဘောင်ကြီးလက်ထက်မှာ ဆရာကြီးဦးသာအေးဖြစ်လာမယ့် ဦးသာအေးက မူလတန်းပြဆရာကလေး ဖြစ်ပါတယ်။ ဆရာကြီးဦးဘောင်ကြီး သက်ပြည့်အငြိမ်းစားယူတော့ ဆရာကလေး ဦးသာအေးကနေ ဆရာကြီး ဦးသာအေးအဖြစ် ကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့ရပါတယ်။

မူလတန်းပြဆရာကလေး ဦးသာအေးက ကျွန်တော့်ရဲ့ ကျောက်တံလက်လှည့် ငယ်ဆရာပါ။ ကျွန်တော် ဒုတိယတန်းအောင်လို့ တတိယတန်းတက်ရတဲ့နှစ်မှာပဲ ဆရာကြီး ဦးဘောင်ကြီး အငြိမ်းစားယူပြီး ဆရာကလေး ဦးသာအေးက ကျောင်းအုပ်ဆရာကြီး ဖြစ်လာတာပါ။ အဲဒီအချိန်အခါတုန်းက ဆရာ ဆရာမအင်အားရှားပါးလွန်း လှပါတယ်။ ဆရာကြီးဦးသာအေးခမျာ တစ်ဦးတည်းနဲ့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း အတန်းအားလုံးကို သင်ကြားပေးနေရရှာပါတယ်။

ဆရာကြီး ဦးသာအေးတစ်ဦးတည်းနဲ့ အတန်းအားလုံးကို သင်ကြားပေးနေရလင့်ကစား ဆရာကြီး ဦးသာအေး ကျောင်းထွက်တွေရဲ့ သင်ယူတတ်မြောက်မှု ပညာအရည်အသွေးက မနိမ့်ကျခဲ့ပါဘူး။ ဆရာ ဆရာမအင်အား တောင့်တင်းတဲ့မြို့ပေါ်က ကျောင်းထွက်တွေရဲ့ သင်ယူတတ်မြောက်မှု အရည်အသွေးနဲ့ တန်းတူမက ပိုတောင်ပိုနိုင် ပါတယ်။ ဘာလဲဆိုတော့ ထိုစဉ်က စတုတ္ထတန်း အတန်းတင်စာမေးပွဲကို ခရိုင်အဆင့် စာစစ်ဘုတ်အဖွဲ့က စစ်ဆေးတာပါ။ မြို့ပေါ်မှာရှိတဲ့ စာစစ်ဌာနကိုသွားပြီး ဖြေဆိုကြရပါတယ်။ ကိုယ့်ကျောင်းမှာတင် ဖြေဆိုရတာ မဟုတ်ပါဘူး။ စတုတ္ထတန်း အတန်းတင်စာမေးပွဲ အောင်စာရင်းကိုလည်း ခရိုင်အဆင့် စာစစ်ဘုတ်အဖွဲ့ကပဲ ထုတ်ပြန်ပေးပါတယ်။

ညွှန်းဆိုပြနိုင်တဲ့ သက်သေ

စတုတ္ထတန်းအောင်စာရင်းထုတ်ပြန်တိုင်း အဆင့်(၁)ကနေ အဆင့်(၁၀)အတွင်းမှာ အောင်မြင်ခဲ့သူတွေကိုကြည့်ရင် ဆရာကြီး ဦးသာအေးရဲ့ တပည့်တွေ နေရာရနေတာက နှစ်စဉ်နှစ်တိုင်းပါပဲ။ ဆရာကြီး ဦးသာအေးရဲ့ သင်ကြားမှုစွမ်းရည် ဘယ်လောက်အထိ မြင့်မားတယ်ဆိုတာကို ညွှန်းဆိုပြနိုင်တဲ့ သက်သေပါပဲ။ နောက်ပိုင်းကာလအတော်ကြာမှ ပေါ်လာတဲ့ အတန်းတွဲစနစ်တို့ စဉ်ဆက်မပြတ် အကဲဖြတ်ပြီး အတန်းတင်ပေးရေးစနစ်တို့ဆိုတာ ကျွန်တော့်ဆရာကြီး ဦးသာအေးတို့ လက်ထက်ကတည်းက ရှိနေပြီးသားတွေပါ။ အတန်းတွဲစနစ်နဲ့သင်၊ အမြဲမပြတ်အကဲဖြတ်ပြီး အတန်းတင်ပေးတဲ့စနစ်နဲ့ အတန်းတင်ပေးနေခဲ့ရရှာတဲ့ ဆရာကြီး ဦးသာအေးပါ။

ဆရာကြီးဦးသာအေးက အတန်းတွဲသင်ကြားပေးတဲ့အပြင် ဘာသာရပ်ချင်းကိုလည်း နှီးနွှယ်ဆက်စပ် တွဲဖက်သင်ကြား ပေးနိုင်တဲ့စွမ်းရည်က အပြည့်အဝပါပဲ။ မြန်မာစာဘာသာရပ်ကို သင်ရင်းက မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းတွေကိုပါ ချိတ်ဆက်သင်ကြားပေးနိုင်သလို သင်္ချာဘာသာရပ်ကို သင်ရင်းကလည်း လူမှုရေး၊ စီးပွားရေး၊ ကြီးပွားရေးအခြေခံကောင်းတွေကိုပါ ဆက်စပ်သင်ကြားပေးနိုင်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာတွေကို ဘဝအတွက် သင်ခန်းစာအဖြစ် သက်ရောက်အောင် သင်ကြားပေးနိုင်ခဲ့တဲ့ ဆရာကြီး ဦးသာအေးပဲ ဖြစ်ပါတယ်။ အဲဒါအပြင် ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းရေး၊ တစ်ကိုယ်ရေကျန်းမာရေး၊ အကျင့်စာရိတ္ တကောင်းမွန်ရေး၊ အသက်မွေးဝမ်းကျောင်းနိုင်ရေး စတဲ့အခြေခံကောင်းတွေကိုလည်း သင်ကြားလေ့ကျင့် ပေးပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ ဘက်စုံပညာဖွံ့ဖြိုးရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကို ဆရာကြီး ဦးသာအေးက ထိုခေတ်ထိုကာလနဲ့အညီ သင်ကြားလေ့ကျင့် မွေးမြူပေးနိုင်ခဲ့ပါတယ်။

မကြာခဏ ပြောဆိုဆုံးမလေ့ရှိ

မကြာခဏပြောဆိုဆုံးမလေ့ရှိတဲ့ ဆရာကြီး ဦးသာအေးရဲ့ စကားတွေကလည်း အများကြီးပါပဲ။ “ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင် ရှုံးမည်မှတ်”၊ “မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာကို မှန်ကန်အောင်မရေးနိုင်ရင် ရှက်စရာ အကောင်းဆုံးပဲ”၊ “ပထဝီသိမှ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြို့ ၊ ကိုယ့်ခရိုင်၊ ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့စိတ်ဓာတ် ကိန်းအောင်းနေမယ်” ၊ “ရာဇဝင်မသိဘဲနဲ့ သမိုင်းမသိနိုင်ဘူး။ သမိုင်းမသိဘဲနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံရဲ့ ဇာတိပုညဂုဏ်မာနတွေကို ဘယ့်နှယ်သိနိုင်ပါမလဲ”၊ “သိပ္ပံပညာရပ်ဆိုင်ရာတွေကိုသိမှ ခေတ်နဲ့အညီ ခေတ်မီနေမှာပေါ့” စတဲ့ဘာသာရပ်ဆိုင်ရာတွေနဲ့ ဆက်စပ်ပြောပြတဲ့ အဆုံးအမစကားတွေပါ။

“ထိုင်နေတဲ့သူထက် မတ်တတ်ရပ်နေတဲ့သူက ပိုပြီးမြင်ကွင်းကျယ်ကျယ်မြင်နိုင်တယ်။ မတ်တတ်ရပ်နေတဲ့သူထက် ရပ်မနေဘဲ လျှောက်လှမ်းနေတဲ့သူက အမြင်ကျယ်ကျယ်သိမြင်နိုင်တဲ့အပြင် ခရီးလည်းရောက်တယ်။ မြင်ကွင်းကျယ်ကျယ် မြင်နိုင်ရအောင်လို့ ထိုင်မနေနဲ့။ မတ်တတ်ရပ်။ ရပ်နေရုံနဲ့ မပြီးသေးဘူး။ ဆက်လျှောက် ဆက်လျှောက်တော့ ခရီးပေါက် ခရီးရောက်သလိုပါပဲ။ စာမဖတ်ဘဲ မနေကြနဲ့။ စာဖတ်ကြ၊ ဖတ်ပြီးတာနဲ့ ဆက်စပ်စဉ်းစား။ စဉ်းစားဆင်ခြင်ရင်းက အမှားအမှန် အကောင်းအဆိုး၊ အကျိုးအပြစ်တွေကို တွေ့မြင်လာလိမ့်မယ်။ ဆောင်စရာတွေကိုသိမယ်။ ရှောင်စရာတွေကို သိမယ်။ ဆောင်စရာတွေကိုဆောင်၊ ရှောင်စရာတွေကို ရှောင်မယ် ဆိုရင် အမှားကင်းပြီး အချင်းလှတဲ့သူတွေ ဖြစ်လာမယ်။ ဒါကြောင့် စာဖတ်မပျင်းကြနဲ့၊ စာဖတ်ကြ” ဟု ဆရာကြီး ဦးသာအေးက ကျွန်တော်တို့ မူလတန်းကျောင်းသား ကျောင်းသူတွေကို စာဖတ်မပျင်းဖို့၊ စာဖတ်ဖို့ တိုက်တွန်းတာကလည်း မကြာခဏပါပဲ။ ဆရာကြီး ဦးသာအေးက ကျွန်တော်တို့ကို စာဖတ်ဖို့ တိုက်တွန်းရုံတိုက်တွန်းတာ မဟုတ်ပါဘူး။ စာဖတ်ချင်စိတ် ရင့်သန်လာအောင် စာဖတ်ချင်စိတ်ကို မွေးမြူပေးပါ တယ်။ မြို့ပေါ်ကို လစာထုတ်သွားတိုင်း ရွှေသွေး၊ တေဇ၊ ရှေ့ဆောင်စတဲ့ ရုပ်ပြစာအုပ် ကလေးတွေကို ဆရာကြီးရဲ့ လစာထဲက ဝယ်လာတဲ့အပြင် မြို့ပေါ်မှာရှိတဲ့ အသိမိတ်ဆွေတွေဆီကလည်း ကျွန်တော်တို့ကလေးတွေ သဘောကျနှစ်သက်စေမယ့် စာအုပ်စာစောင်တွေကို အလှူခံပြီး ယူလာပါတယ်။ လစာထုတ်က ပြန်လာတိုင်း ဆရာကြီး ဦးသာအေးရဲ့ လက်ထဲမှာ ကျွန်တော်တို့အတွက် စာအုပ်ခြင်းက အမြဲတမ်းပါလာတာပါပဲ။

စာဖတ်ချင်တဲ့အလေ့ ဖြစ်ခဲ့ရ

ထိုစဉ်က တေဇရုပ်စုံမှာ လစဉ်မပျက် ဖော်ပြပေးနေတဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့ “ချစ်ချစ်” ရုပ်ပြဇာတ်လမ်းက ကျွန်တော်တို့ကလေးအားလုံးရဲ့ အသည်းစွဲပါပဲ။ တစ်လတစ်မျိုးမရိုးနိုင်တဲ့ “ချစ်ချစ်” ရုပ်ပြဇာတ်လမ်းကိုဖတ်ရင်း ပျော်ရွှင်ရသလို အသိလည်းတိုး၊ အလိမ္မာလည်း တိုးလာပါတယ်။ “ချစ်ချစ်” ရုပ်ပြဇာတ်လမ်းကို မဖတ်ရရင် မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ စာဖတ်ချင်စိတ် ထက်သန် လာတာပါ။ “ချစ်ချစ်”ရုပ်ပြဇာတ်လမ်းကို ဖတ်ရင်းနဲ့ပဲ အခြားအခြားသော ပုံပြင်၊ ကဗျာတွေကို ဖတ်ရင်းဖတ်ရင်းက စာဖတ်ချင်တဲ့အလေ့ ဖြစ်ခဲ့ရပါတယ်။

ဆရာကြီး ဦးသာအေး လစဉ်ဝယ်လာတဲ့ စာအုပ်တွေ မြို့ပေါ်ကစေတနာရှင်တွေဆီက ယူလာတဲ့စာအုပ်တွေက တစ်လထက်တစ်လ ပိုပြီးပိုပြီး များလာနေပါပြီ။ ဆရာကြီးရဲ့ကျောင်းမှာရှိတဲ့ ဗီရိုသေးသေးကလေးနဲ့ မဆံ့တော့ပါဘူး။ ဒါကိုသိနေတဲ့ ရွာဦးကျောင်းဆရာတော် ဦးအာစာရက ကျွန်းသေတ္တာကြီးတစ်လုံး စွန့်လှူပါတယ်။ ကျွန်းသေတ္တာကြီးက အကြီးကြီးပါ။ ဗီရိုနဲ့မဆံ့လို့ အပြင်ရောက်နေတဲ့ စာအုပ်စာစောင်တွေကို ကျွန်းသေတ္တာကြီးထဲထည့်ပြီး သိမ်းရပါတယ်။ တစ်စတစ်စ များပြားလာတဲ့ စာအုပ်စာစောင်တွေ မပျက်စီးစေရအောင်၊ မပျောက်ပျက်စေရအောင် ထိန်းသိမ်းဖို့ လိုလာပါပြီ။ အဲဒါကြောင့် ဆရာကြီး ဦးသာအေးက လေးတန်းကျောင်းသား ကျွန်တော့်ကို တာဝန်ပေးပါတယ်။ ကျွန်တော်က စာအုပ်စာစောင်တွေကို ထိန်းသိမ်းပေးရသလို ကျောင်းသား၊ ကျောင်းသူတွေ ဖတ်ချင်တဲ့ စာအုပ်စာစောင်တွေကိုလည်း ထုတ်ပေးရပါတယ်။ ဖတ်ဖို့အချိန်ကတော့ မနက်ခင်းပိုင်း ကျောင်းမတက်မီနဲ့ နေ့လယ်ပိုင်း ကျောင်းမတက်မီ အချိန်တွေပါပဲ။ ဖတ်ပြီးသားစာအုပ်တွေကို ဗီရိုထဲ၊ သေတ္တာထဲ ပြန်သိမ်းပေးခဲ့ရတာတွေကို ယနေ့ထိတိုင်အောင် မြင်ယောင်နေဆဲပါ။ ယနေ့တိုင် မမေ့နိုင်ပါပဲ။

မြင်စေချင်လွန်းလှ

ဆရာကြီး ဦးသာအေးက သူ့ရဲ့ မူလတန်းကျောင်းကလေးမှာ ကျောင်းစာကြည့်တိုက်အသေးစားကလေးကို ထူထောင်ပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဆရာကြီး ဦးသာအေး တာဝန်ယူသင်ကြား လေ့ကျင့်ပေးခဲ့တဲ့ ချန်ကန်ရွာ မူလတန်းကျောင်းကလေးက မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ အဆင့်အထိ တိုးမြှင့်လာခဲ့ပါပြီ။ ဆရာကြီးဦးသာအေး မျိုးစေ့ချပေးခဲ့တဲ့ ကျောင်းစာကြည့်တိုက် အသေးစားလေးအစား ရေနံချောင်းမြို့နယ် ချန်ကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ “ဆရာကြီး ဦးသာအေး အထိမ်းအမှတ်စာကြည့်တိုက်” ကြီးက ထည်ထည်ဝါဝါခံ့ခံ့ညားညား တင့်တင့်တယ်တယ် ပေါ်ထွန်းလို့လာပါပြီ။ ကျွန်တော် ဆရာကြီး ဦးသာအေးကို မြင်စေချင်လွန်းလှပါတယ်။

ရေနံ့သာ မောင်ကျော်ညွန့်