ဆူဒန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက် သဘောတူညီမှုရရှိ

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ဆူဒန်နိုင်ငံကို လက်ရှိစိုးမိုးအုပ်ချုပ်နေတဲ့ စစ်ဘက်အကြီးအကဲတွေနဲ့ ဆန္ဒပြသူတွေအကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်ကြေညာချက်ထုတ်ပြန်ဖို့ သဘောတူညီချက် အပြည့်အဝ ရရှိသွားပြီဖြစ်တယ်လို့ အာဖရိကသမဂ္ဂက ဩဂုတ် ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အရပ်သားအုပ်ချုပ်ခွင့်ကို တောင်းဆိုနေကြတဲ့ ဆူဒန်ပြည်သူတွေအတွက် ဝမ်းမြောက်စေမယ့် သတင်းကောင်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

 

အလှည့်ကျအုပ်ချုပ်မယ်

 

ဒီသဘောတူညီမှုဟာဆိုရင်ဖြင့် နိုင်ငံအတွင်း အရပ်ဘက်နဲ့ စစ်ဘက်ပူးတွဲအုပ်ချုပ်မယ့် အဖွဲ့ အစည်းတစ်ရပ် ဖွဲ့စည်းဖို့ ရည်ရွယ်ချက်နဲ့ ဇူလိုင် ၁၇ ရက်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ အာဏာ ခွဲဝေရေး သဘောတူစာချုပ်နဲ့ လိုက်လျောညီထွေ ရှိလှစွာ ထွက်ပေါ်လာခဲ့ပြီးဖြစ်ပြီး ပူးတွဲအုပ်ချုပ် မယ့်အစီအစဉ်အရ အပြောင်းအလဲကာလ သုံးနှစ်မှာ အရပ်သားအစိုးရနဲ့ ပါလီမန်လွှတ်တော်က အလှည့်ကျအုပ်ချုပ်တာကို တွေ့မြင်ရတော့မှာပါ။

 

ပြီးခဲ့တဲ့ဧပြီလအတွင်း ဆူဒန်စစ်အာဏာ သိမ်းခေါင်းဆောင်ဟောင်း အိုမာအယ်လ် ဘာရှီယာကို ဖြုတ်ချခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ လက်ရှိ ဆူဒန်ကို အုပ်ချုပ်နေတဲ့ စစ်ဘက်ကောင်စီတို့အကြား ကြာမြင့်စွာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်မှာ ဖွဲ့စည်းပုံကြေညာဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ကြေညာ

 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာဖို့ နှစ်ဖက်သော ကိုယ်စားလှယ်တွေက လုံးလုံးလျားလျား သဘောတူလိုက်ပြီဖြစ်ကြောင်းကို ဆူဒန်ပြည်သူတွေ၊ အာဖရိကပြည်သူတွေနဲ့ နိုင်ငံတကာ ပြည်သူ့သဘောထားဆန္ဒအဖွဲ့တွေကို ကျွန်ုပ်က ကြေညာလိုက်တယ်လို့ အာဖရိက သမဂ္ဂအဖွဲ့ ကြီးရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းသူ မိုဟာမက် အယ်လ်ဟာစင် လီဘက်က သတင်းထောက်တွေကို ပြောကြား လိုက်ပါတယ်။ သဘောတူညီမှု မှာပါရှိတဲ့ နည်းပညာဆိုင်ရာ အသေးစိတ်အချက် အလက်တွေကို ဆောင်ရွက်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားဦးမှာဖြစ်ပြီး လက်မှတ်ရေးထိုးတဲ့ အခမ်းအနား ပြုလုပ်ဖို့အတွက် ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

 

အမှားအယွင်းမခံတဲ့ အကြောင်းအရာများ

 

ဒီကြေညာချက် ထွက်ပေါ်လာပြီးတဲ့ နောက် စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တွေ ဝမ်းမြောက်စွာ ထွက်ပေါ်လာကြပါတယ်။ စစ်ဘက်အကြီးအကဲတွေဟာ ညှိနှိုင်းဆွေးနွေးမှု တွေလုပ်ဆောင်ခဲ့ရာ ခါတွမ်မြို့ရှိ ခန်းမတစ်ခုကနေ ထွက်သွားခဲ့ပြီး ဆန္ဒပြခေါင်းဆောင်တွေကတော့ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ကျန်နေခဲ့ကြပါတယ်။

 

သဘောတူခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဆန္ဒပြခေါင်းဆောင် အီဘရာဟင် အယ်လ်အာမင်က ကျွန်ုပ်တို့အနေနဲ့ အမှားအယွင်းမခံနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်တဲ့ လုံခြုံရေး၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကိစ္စ၊ အစိုးရဝန်ကြီးများအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကိစ္စ တွေသာမက လက်ရှိအုပ်ချုပ်နေတဲ့ အမြင့်ဆုံးကောင်စီနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ သဘောတူညီမှု ရခဲ့တယ်လို့ အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။

 

အောင်ပွဲခံ

 

ဆန္ဒပြသူတွေကို သေဆုံးစေခဲ့တဲ့ အင်အား သုံးနှိပ်ကွပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် RSF ပြည်သူ့စစ်အဖွဲ့ဟာ မသမာမှုတွေလုပ်ဆောင်ခဲ့ တယ်ဆိုပြီး ကာလကြာလုပ်ဆောင်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေအတွင်း ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ RSF အဖွဲ့ရဲ့ အုပ်ချုပ်ရေးအကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလိုဟာ လက်ရှိ အာဏာရ စစ်ဘက်ကောင်စီ ဒုတိယအကြီးအကဲ ဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေထုတ်ပြန်ဖို့ ကြေညာ ချက်ထွက်ပေါ်လာပြီးနောက် ခန်းမအပြင်ဘက်မှာ ရှိနေကြတဲ့ ဆူဒန်ပြည်သူလူအုပ်ကြီးဟာ ဝမ်းမြောက်ဝမ်းသာနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ ကျေနပ် ပျော်ရွှင်နေကြတဲ့ ဆူဒန်နိုင်ငံရဲ့ အလံကို ဝှေ့ယမ်းခဲ့ကြပြီး ကြွေးကြော်အော်ဟစ်နေကြချိန် အမျိုးသမီး တွေကလည်း အလားတူ အော်ဟစ်ပျော်ရွှင်ခဲ့ကြသလို ကားမောင်းသူတွေကလည်း ၎င်းတို့ရဲ့ ကားဟွန်းတွေကို တီးခဲ့ကြပါတယ်။

 

ဆန္ဒပြပြည်သူတစ်ဦးဖြစ်တဲ့ ဆိုမီယာ ဆာဒက် က ကျွန်တော်တို့ရဲ့ သားသမီးတွေ အသတ်ခံခဲ့ရတာ တွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပြန်ပေးနိုင်ဖို့ အရပ်သားအုပ်ချုပ်ခွင့်ကို ကျွန်တော်တို့ စောင့်ဆိုင်း နေခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃ ရက်က စစ်အင်္ကျီဝတ်ဆင်ထားကြတဲ့ လက်နက်ကိုင် လူတစ်စုဟာ ခါတွမ်မြို့ရှိ ဆန္ဒပြပြည်သူတွေ စခန်း ချရာနေရာကို အကြမ်းဖက်ဆန်ဆန် စီးနင်းမှု ပြုလုပ်ခဲ့ရာမှာ ပြည်သူ ၁၂၇ ဦးထက်မနည်း သေဆုံးခဲ့ရ တယ်လို့ ဆန ́ပြပြည်သူတွေနဲ့ ဆက်စပ်တဲ့ ဆရာဝန် တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

လျှော့ပေါ့ဖော်ပြ

 

အာဏာပိုင်တွေဖော်ပြခဲ့တဲ့ သေဆုံးသူအရေ အတွက်က ရှိရင်းစွဲထက်လျော့နည်းတဲ့ ဖော်ပြမှု ဖြစ်ပြီး ဒီကိစ္စကို RSF အဖွဲ့က လုပ်ဆောင်ခဲ့တယ် လို့ သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ဆူဒန်ရှိ အွမ်ဒါမန်မြို့က လူထုစုဝေးချီတက်မှုတစ်ခုမှာ ဆန္ဒပြပြည်သူ လေးဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆန္ဒပြ လှုပ်ရှားမှုအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ဆေးအဖွဲ့ကနေ သိရပါတယ်။

 

ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေဟာ မြောက်ပိုင်း ကော်ဒိုဖန်ရှိ အယ်လ်အိုဘိဒ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတစ်ခုအတွင်း ကျောင်းသားကလေးငယ်တွေ အသတ်ခံခဲ့ရမှုအတွက် ဆန္ဒဖော်ထုတ်ဖို့ မြို့တော်ခါတွမ်နဲ့ အွမ်ဒါမန်မြို့အပါအဝင် ဆူဒန်နိုင်ငံ တစ်ဝန်းရှိ မြို့ ကြီးအချို့ရဲ့ လမ်းတွေပေါ်ကို ချီတက် စုဝေးခဲ့ကြပါတယ်။

 

ဖမ်းဆီး

 

အာဏာရစစ်ဘက်ကောင်စီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ကြီး ရှမ်ဆီဒင် ကာဘာရှီက အယ်လ် အိုဘိဒ်မှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် RSF အဖွဲ့က ပြည်သူ့စစ်အဖွဲ့ဝင် ကိုးဦးကို ဩဂုတ် ၂ ရက်မှာ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး အဲဒီနေ့ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ အပြစ်ရှိတဲ့သူတွေကို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

 

ဆန္ဒပြပြည်သူတစ်ဦးဖြစ်တဲ့ အာမက်အီဘရာ ဟင်အတွက်ကတော့ နှစ်ဖက်အဖွဲ့အစည်းတွေ အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ထုတ်ပြန်ရေးအတွက် သဘောတူညီမှုရရှိလိုက်ခြင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာ သိမ်းခေါင်းဆောင်ဟောင်း ဘာရှီယာကိုဆန့်ကျင်တဲ့ ဆူဒန်ရဲ့ ပုန်ကန်ထကြွမှု အောင်မြင်ကြောင်း သက်သေထူနိုင်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယနေ့ အောင်မြင်မှုတစ်ရပ်နဲ့အတူ ကျွန်ုပ်တို့ဟာ အရပ်သားအုပ်ချုပ်ရေးလမ်းကြောင်းပေါ် ခြေချ နိုင်တော့ မယ်လို့ ၎င်းက ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားခဲ့ပါတယ်။ ။ 

 

ကိုးကား- အေအက်ဖ်ပီ