ဆူဒန်နိုင်ငံ၌ ကလေးငယ်နှင့် အမျိုးသမီး လေးသန်းနီးပါး အာဟာရချို့တဲ့မှုဒဏ် ခံစားနေကြရဟုဆို

ခါတွန် ဖေဖော်ဝါရီ ၂၈

 

ဆူဒန်နိုင်ငံရှိ ကလေးငယ်နှင့် အမျိုးသမီးလေးသန်းနီးပါးမှာ အာဟာရချို့တဲ့မှုဒဏ်ကို  ခံစားနေကြရကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂက ပြောသည်။ အသက်ငါးနှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်လေးသန်းခန့်မှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရသည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အသက်ကယ် အာဟာရဝန်ဆောင်မှုများ လိုအပ် ကြောင်းနှင့် ထိုထဲမှ ၆၁၁၀၀၀ မှာ အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရကြောင်း ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီ အိတ်ချ်အေ) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

 

စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်း၊ ရောဂါအဖြစ်များခြင်း၊ လုံလောက်သော စောင့်ရှောက်မှုနှင့် အစာကျွေးခြင်း အလေ့အကျင့်နည်းပါးခြင်းများအပြင် စီးပွားရေးကျဆင်းလာခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်းတို့က ၂၀၂၂ ခုနှစ်တွင် အာဟာရချို့တဲ့မှု အခြေအနေကို ပိုမိုဆိုးရွားစေခြင်း ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွားဖွယ်ရှိကြောင်း အိုစီအိတ်ချ်အေက ပြောသည်။

 

ကုလသမဂ္ဂ၏ အစောပိုင်း ခန့်မှန်းချက်တွင် ဆူဒန်နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သော လူပေါင်း ၁၅ ဒသမ ၅ သန်း မှာ ယခုနှစ်တွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ လိုအပ်သည်ဟုဆိုထားပြီး လိုအပ် နေသော ပြည်သူ ၁၂ ဒသမ ၅ သန်းကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

 

ဆင်ဟွာ