ဆူဒန်သမ္မတ နန်းတော်တွင် ဒေါ်လာသန်းနှင့်ချီ၍ ဝှက်ထားကြောင်း မျက်မြင်သက်သေတစ်ဦးပြော

ခါတွန် ၁၀ စက်တင်ဘာ

ဆူဒန်နိ်ုင်ငံမှ ဖြုတ်ချခံထားရသည့် သမ္မတ အိုမာအယ်ဘတ်ရှီရာတစ်ဦးသာ ဆူဒန် သမ္မတနန်းတော်အတွင်းရှိ ဒေါ်လာသန်း နှင့်ချီ၍ ဝှက်ထားသည့် အခန်းသို့ ဝင်ရောက်နိုင်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

သမ္မတဟောင်း အိုမာအယ်ဘတ်ရှီရာကို တရားရုံး၌ နောက်ဆုံးကြားနာ စစ်ဆေးစဉ် သမ္မတရုံး အဖွဲ့ခေါင်းဆောင်ဟောင်းတစ်ဦးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါမျက်မြင်သက်သေက ၎င်းသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းကို အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ခါတွန်မြို့ရှိ အာဖရိက အပြည်ပြည်ဆိုင်ရာတက္ကသိုလ်နှင့် အထောက်အကူပြုရေးတပ်ဖွဲ့ အကြီးအကဲတို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဧပြီလအတွင်းက ဖြုတ်ချခံခဲ့ရသည့် သမ္မတဟောင်း ဘတ်ရှီရာသည် အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုများဖြင့် တရားစွဲဆိုခံထားရသည်။ ယခုအခါ ၎င်းကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် ခါတွန်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည်။

ဒေါ်လာသန်းနှင့်ချီ၍ ဝှက်ထားသည့်အခန်းသော့ကို သမ္မတဟောင်း ဘတ်ရှီရာတစ်ဦးသာသိကြောင်း၊ ၎င်း၏ တာဝန်မှာ သမ္မတဟောင်းခိုင်းသည့်အတိုင်း ပိုက်ဆံများကို အခန်းအတွင်း ထည့်ထားရန်သာဖြစ်ကြောင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သမ္မတရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ် ယက်စီရာဘတ်ရှီရာက ပြောသည်။

ဒုတိယမျက်မြင်သက်သေတစ်ဦးဖြစ်သည့် တက္ကသိုလ်မှ စာရင်းကိုင်တစ်ဦးကလည်း ယူရို ၄ ဒသမ ၅ သန်း လက်ခံရရှိခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ အဆိုပါ ငွေများမှာ သမ္မတထံမှ လက်ခံရရှိခဲ့သည့် ထောက်ပံ့ငွေများဟု ၎င်းက အတည်ပြုပြောကြားခဲ့သည်။

စီအင်န်အင်န်