ဆူဒန်တွင် မျိုးနွယ်စုများအကြား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားသဖြင့် လူပေါင်း ၈၀ ကျော်သေဆုံး

၁၉ ဇန်နဝါရီ

 

 

ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါဖာဒေသတွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က မျိုးနွယ်စုများအကြား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားသဖြင့် လူ ၈၃ ဦး ထက်မနည်း သေဆုံးပြီး လူဦးရေ ၁၆၀ ဒဏ်ရာရရှိခဲ့သည်။

 

 

ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၅၀၀၀၀ နီးပါး နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ဆိုသည်။

 

 

အဆိုပါ ဒေသတွင် အာရပ်လူမျိုးများနှင့် အာရပ်လူမျိုး မဟုတ်သူများအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသန္တရ မီဒီယာတွင် ဖော်ပြထားသည်။

 

 

ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်သည် ရှေ့ပြေးစစ်ဆင်ရေးများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အဆုံးသတ်ခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

 

 

ထိုမစ်ရှင်သည် ကမ္ဘာ့အဆိုးရွားဆုံးသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်အဖြစ် ဖော်ပြသည့် ဒါဖာပဋိပက္ခကို ဖြေရှင်းရန် ၂၀၀၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

 

၎င်းငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် သက်တမ်းတိုးမြှင့်ခြင်းကို တောင်းဆိုရန် လူများစုရုံးခဲ့ပြီး မစ်ရှင် ရုပ်သိမ်းမှုအပေါ် ဒေသခံများ အနေဖြင့် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို