ဆယ်လအတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ဗီယက်နမ် ရရှိ

ဗီယက်နမ်နိုင်ငံက ယခုနှစ် ပထမဆုံး ၁၀ လအတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃ဒသမ ၃ ဘီလီယံ ရရှိခဲ့ပြီး နှစ်အလိုက် ၁၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ တရုတ်နိုင်ငံက သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အများဆုံးဝယ်ယူသော  နိုင်ငံဖြစ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ တင်ပို့မှုမှာ တန်ကြေးအားဖြင့် ပြီးခဲ့သည့်နှစ်ကထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ရှိပြီး စုစုပေါင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု၏ ၇၄ ရာခိုင်နှုန်းရှိသည်။

ထိုင်း၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားအပါအဝင် ပြည်ပဈေးကွက်အများအပြား တင်ပို့မှုတွင် သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့သည်။ ယခုနှစ်အတွင်း ပြည်ပသို့ သစ်သီးနှင့် ဟင်းသီးဟင်းရွက် ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံရရှိရေး ရည်မှန်းချက်ကို ဗီယက်နမ်နိုင်ငံက ပြည့်မီအောင် လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း၊ အကြီးစား သစ်သီးထိန်းသိမ် းစက်ရုံအများအပြားမှာ မကြာမီ လုပ်ငန်းများ ပိုမိုလည်ပတ်ရဖွယ်ရှိကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထားသည်။
   

ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသ မ ၅ ဘီလီယံကျော် ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ၄၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဂျပန်နိုင်ငံမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ဒုတိယအများဆုံး တင်သွင်းသည့်နိုင်ငံ ဖြစ်ပြီး ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အမေရိကန်ပြည်ထောင်စုက တတိယ၊ ၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တောင်ကိုရီး ယားနိုင်ငံက စတုတ္ထနှင့် နယ်သာလန်နိုင်ငံက ၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာရှိကြောင်း ယင်းဝန်ကြီးဌာန ကဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်