စီးပွားရေး အားမာန်တင်း ရှန်းကန်ကို အသက်သွင်းချိန်

mdn

ကိုရင်သြ - ရေးသားသည်

 

“အမွှေးနံ့သာသင်းသော ဆိပ်ကမ်း” ဟူ၍ အဓိပ္ပာယ်ရရှိပြီး တရုတ်ရုံးသုံးဘာသာစကားအရ “ရှန်းကန်” ဟု ခေါ်တွင်လေသော “ဟောင်ကောင်” အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ရက်ပေါင်းကြာရှည် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာ အစိုးရအဖွဲ့က စီးပွားရေးပြန်လည်အားကောင်းလာစေရေး အစီအစဉ် တစ်ရပ်ကို ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ် ဖတ်ရှုရသောအခါ ကမ္ဘာသို့ချိတ်ဆက်နိုင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဂိတ်တံခါးပေါက်သဖွယ် ရပ်တည်လျက်ရှိသည့် ယင်းဒေသ၏စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်သော အဆိုပါ အစီအစဉ်ကို စေ့ငုလေ့လာမိလေ၏။

 

စီးပွားရေးနှေးကွေးသွား

 

ဟောင်ကောင်ကျွန်း၌ ဆက်လက်ဖြစ်ပေါ်နေဆဲလူမှုရေးမငြိမ်မသက်ဖြစ်မှု၏ အကျိုးရလဒ်အဖြစ် ဒေသန္တရ စီးပွားရေးမှာ နှေးကွေးသွားခဲ့ရသည်ဆို၏။ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများကို အထောက်အပံ့ပေးနိုင်ရန် လည်းကောင်း၊ ဒေသခံပြည်သူများ ထမ်းပိုးထားရသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး သက်သာရာသက်သာ ကြောင်း ဖြစ်စေရန်လည်းကောင်း မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်သွားရန် အစီအမံအများအပြားကို ချမှတ် လိုက်ပြီဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ဘဏ္ဍာရေးဝန်ကြီး ပေါလ်ချန်းက ထုတ်ပြန်ကြေညာခဲ့သည်။ ဟောင်ကောင်ဒေါ်လာ ၁၉ ဒသမ ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ဒသမ၄ ဘီလီယံ) ရန်ပုံငွေအသုံးပြုကာ အစိုးရအဖွဲ့က ဆောင်ရွက်သွားမည့် စီးပွားရေး ပြန်လည်ဦးမော့ရေး အစီအစဉ်ကို ဩဂုတ် ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ချန်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

ဒေသတွင်းနှင့် ဒေသပြင်ပမှ ရိုက်ခတ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် စီးပွားရေး ဦးစိုက်ဆင်းမှုမှာ ထင်ရှားသိသာလှကြောင်း၊ သို့ဖြစ်ပေရာ ယခုနှစ်အတွင်း ဒေသဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းရန်ရှိနေမှုကို ပြန်လည်ကယ်တင်ရန် လိုအပ်လာကြောင်း ချန်းက ပြောကြားသည်။

 

ဒေသပြင်ပ ပယောဂအဖြစ် မရေရာမှုများနှင့်အတူကမ္ဘာ့စီးပွားရေးအလားအလာက မှေးမှိန်သွားပြီဟုသူက ဆိုသည်။ တရုတ်နှင့်အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ် ခြင်း၊ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး အဆင်မချောမှုများရှိနေခြင်း၊ အာရှနိုင်ငံများ၏ စက်မှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်း များဆိုင်ရာ လှုပ်ရှားမှုများ တုံ့နှေးသွားခြင်းတို့နှင့်ပတ်သက်၍ သူကထောက်ပြပြီး ဟောင်ကောင်၏ ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းများ၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများမှာ ခက်ခက်ခဲခဲ ရုန်းကန်ရ မည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီဆို၏။

 

ဆိုးကျိုးသက်ရောက်

 

“ဒေသတွင်း ပယောဂ”အဖြစ် မကြာသေးမီကာလမှအစပြု၍ ဖြစ်ပေါ်လာခဲ့သော လူမှုရေး မငြိမ်မသက် ဖြစ်မှုများကြောင့် လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ ထိခိုက်ရပြီးလျှင် နဂိုမူလကပင် အားနည်းလာသည့်စီးပွားရေးအပေါ် နောက်ထပ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း ဝန်ကြီးချန်းက ရှင်းပြသည်။ 

 

လက်ရှိ စီးပွားရေးအခြေအနေအပေါ် ဖိအားပေး သက်ရောက်မှု ဖြေလျှော့ပေးနိုင်ရေးအတွက် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးရန် ဟောင်ကောင်အစိုးရက ပြင်ဆင်ထားပြီဖြစ် သည်။ ပင်လယ်ရေကြောင်းလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ အစား အစာ ဖြန့်ချိရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့မှသည် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းတို့အထိ တစ်နံတစ်လျား စီးပွားရေးလုပ်ငန်း များအပေါ် ဒေသန္တရအစိုးရအဖွဲ့က အခွန်အကောက် ၂၇ မျိုး ကောက်ခံနေမှုကို ၁၂ လကြာမျှ လွတ်ငြိမ်းသက်သာ ခွင့်ပေးရန် အဆိုပါစီးပွားရေးပြန်လည်ဦးမော့ရေး အစီအစဉ်တွင် ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရ၏။ ၂၀၁၉-၂၀၂၀ ရသုံးမှန်းခြေ ငွေစာရင်း (ဘတ်ဂျက်) တွင်အခွန်အကောက်ရငွေကို လျှော့ချပေးထားရာ အခွန်ထမ်း ပြည်သူ ၁ ဒသမ ၄၃ သန်းခန့် ဟောင်ကောင် ဒေါ်လာ ၁ ဒသမ ၈၄ ဘီလီယံအထိ အကျိုးခံစားခွင့်ရရှိစေမည်ဟုဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

 

မိဘများအပေါ် တင်ရှိနေသော ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်ကာလအတွင်း မူကြိုကျောင်းသားမိဘ၊ မူလတန်းကျောင်းသား မိဘ၊ အလယ်တန်းကျောင်းသား မိဘများအား တစ်ဦး လျှင် ဟောင်ကောင်ဒေါ်လာ ၂၅၀ဝ စီ ထောက်ပံ့ပေးရန်အစိုးရအဖွဲ့က စီစဉ်ထားသည်။ အဆိုပါအစီအစဉ်အရ အကျုံးဝင်သည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ ၉၀ဝဝဝဝ ကျော်အထိ ရှိသည်။

 

လူမှုဖူလုံရေး

 

လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ပိုမိုခွင့်ပြုပေးနိုင်ရေးအတွက် အစီအမံများ ရေးဆွဲထားပြီး သက်ကြီး ရွယ်အိုထောက်ပံ့ကြေး၊ သက်ကြီးရွယ်အို နေထိုင်စရိတ်၊ မသန်စွမ်းသူများ အကျိုးခံစားခွင့်တို့ကို တိုးမြှင့်ပေးမည် ဖြစ်သည်။စီမံချက်တစ်ရပ်အဖြစ် ဒေသခံအိမ်ထောင်စုတစ်စုလျှင် ဟောင်ကောင်ဒေါ်လာ ၂၀ဝဝ အထိ လျှပ်စစ်မီတာခ သက်သာခွင့်ပေးမည်ဖြစ်သည့်အပြင် ပြည်သူပိုင်အိမ်ရာတွင် အိမ်ငှားအဖြစ် ငှားရမ်းနေထိုင်ကြ ရသော ဝင်ငွေနည်း ပြည်သူများအတွက် အိမ်ငှားခ တစ်လစာ ထောက်ပံ့ပေးမည်ဆို၏။

 

ထို့အပြင် လုပ်ငန်းသစ် စတင်လုပ်ကိုင်မည့်သူများ၊ လုပ်ငန်းအတွေ့အကြုံ နည်းပါးသေးသူများ၊ လုပ်ငန်း အတွေ့အကြုံများပြားသူများ မတည်ငွေရင်းရရှိစေရန်အတွက် ချေးငွေသစ်များထုတ်ပေးရေး ပုံစံသစ်ကို ပြဋ္ဌာန်း သွားမည်ဖြစ်သည်။ဇွန်လအစောပိုင်းမှအစပြုကာ ဟောင်ကောင်ကျွန်းကို လှုပ်ခတ်စေခဲ့သည့် ဆႏနပြပွဲများ၏ အကျိုးသက်ရောက်မှုသည် ဒေသဆိုင်ရာ စီးပွားရေးကို ထိခိုက်စေကြောင်း ဟောင်ကောင်အစိုးရအဖွဲ့က ထောက်ပြပြောဆိုသည်။

 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး အစီအစဉ်ကို အစောဆုံး အောက်တိုဘာလတွင် စတင်နိုင်မည်ဟုဆိုသည်။ ဒေသန္တရ အစိုးရအဖွဲ့၏ အစီအမံများနှင့်ပတ်သက်၍ ဥပဒေပြု ရေးကောင်စီ (လွှတ်တော်)ထံမှ ရန်ပုံငွေ သုံးစွဲခွင့်ရရှိသည်နှင့်တစ်ပြိုင်နက်တည်း ယင်းအစီအစဉ် စတင်နိုင်ပေလိမ့်မည်။

 

တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်း အတည်ပြုပြဋ္ဌာန်းရေးကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတို့ မကျေနပ်ဖြစ်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သော်လည်း စီးပွားရေးပြန်လည်ဦးမော့လာရေး အစီအစဉ်သစ်ကို အကောင် အထည်ဖော်ရခြင်းသည် မိမိတို့ အစိုးရအဖွဲ့အပေါ် နိုင်ငံရေးဖိအားပေးမှုများအရ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက အခိုင်အမာပြောကြားသည်။

 

တစ်ပြည်ထောင် နှစ်စနစ်

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေး ဒေသအဖြစ် ရပ်တည်နေသော ဟောင်ကောင်သည် တရုတ်အစိုးရ၏ နှစ် ၅၀ အတွင်း မပြောင်းလဲဟုဆိုသော “တစ်ပြည်ထောင် နှစ်စနစ်” နိုင်ငံရေးမူနှင့်အညီ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးတို့မှအပ အခြားအရေးကိစ္စများကို ကိုယ်ပိုင်စီမံခွင့်ရှိလေသည်။ ဟောင်ကောင် သည် နိုင်ငံတကာအဆင့်မီမြို့ကြီးဖြစ်သကဲ့သို့ အရင်းရှင်စီးပွားရေးစနစ်ထွန်းကားသည့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး လုပ်ငန်းအချက်အချာပြုရာ ဒေသလည်း ဖြစ်သည်။

 

ဟောင်ကောင်ကျွန်းသည် ပထမဘိန်းစစ်ပွဲအပြီး ၁၈၄၂ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာ၏ ကိုလိုနီနယ်မြေ ဖြစ်လာသည်။ ၁၉၈၃ ခုနှစ်တွင် ဗြိတိသျှ၏ ပင်လယ်ရပ်ခြားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ နန်ကျင်းစာချုပ်အရ ဗြိတိန်က ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်၏ အချုပ်အခြာ အာဏာကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံအား ပြန်လည်လွှဲပြောင်း အပ်နှင်းခဲ့သည်။ ထို့နောက်တွင် ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းလာခဲ့သည်။

 

ဟောင်ကောင်သည် နိုင်ငံတကာမြို့ကြီးအဖြစ် အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေးမှုတို့ ထိတွေ့ရော ယှက်ခြင်းကို ထင်ဟပ်ပြနေသည်။ ဟောင်ကောင်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများဖြစ်ကြပြီး ငါးရာခိုင်နှုန်းမှာ အခြားလူမျိုးများဖြစ်ကြသည်။စတုရန်းမိုင် ၄၀၇ မိုင်မျှသာ ကျယ်ဝန်းသည့်ဟောင်ကောင်တွင် လူဦးရေ စုစုပေါင်း ခုနစ်သန်းကျော်နေထိုင်လျက်ရှိရာ ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး ဒေသတစ်ခုဖြစ် သည်။

 

ဘိန်းစစ်ပွဲ

 

၁၈၃၉ ခုနှစ်တွင် မန်ချူးအစိုးရက ဘိန်းတင်သွင်းမှုကို ပိတ်ပင်ခဲ့ရာမှ တရုတ်နှင့် ဗြိတိသျှအကြား ပထမ ဘိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၈၄၁ ခုနှစ်တွင် ဗြိတိသျှတို့က ဝင်သိမ်းခဲ့သည်။ ဘိန်းစစ်ပွဲအပြီး နန်ကျင်းစာချုပ်အရ ဟောင်ကောင်အား ဗြိတိသျှ လက်သို့ လွှဲပြောင်းပေးခဲ့ရသည်။ နောက်တစ်နှစ်တွင် ဗြိတိသျှတို့က ဝိတိုရိယမြို့ကိုတည်ထောင်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ် ဒုတိယဘိန်းစစ်ပွဲတွင် တရုတ်တို့ စစ်ရှုံးပြန်ရာ ပေကျင်းစာချုပ်အရ ကျိုလုံကျွန်းဆွယ်ကို ဗြိတိသျှလက်ထဲ ထပ်မံထိုးပေးရပြန်သည်။ ၁၈၉၈ ခုနှစ်တွင် သဘော တူညီချက်များကိုတိုးချဲ့ရေးထိုးခဲ့ပြီး ဟောင်ကောင်အား ဗြိတိသျှတို့ကို၉၉ နှစ်ကြာ ငှားရမ်းပေးခဲ့ရာ ထိုစဉ်မှစ၍ ဟောင်ကောင်နယ်နိမိတ်မှာ ပြောင်းလဲခြင်းမရှိခဲ့ချေ။

 

လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်ရှိသောဒေသ၊ ကမ္ဘာပေါ်ရှိ ထိပ်တန်းစတော့ဈေးကွက်များတွင်ပါဝင်သော စတော့ ဈေးကွက်တည်ရာဒေသ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသော တရားဥပဒေစနစ် ကျင့်သုံးရာဒေသ စသော ဂုဏ်ပုဒ်အပေါင်း ခညောင်းရာ ဟောင်ကောင်ဒေသသည် ယခုအခါ ရက်သတ္တပတ် ၁၀ ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သော ဆန္ဒပြမှုများ၏ ဂယက်ရိုက်ခတ်မှုနှင့်အတူ စီးပွားရေး ငုပ်လျှိုးရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အကယ်၍ လူမှုရေးမငြိမ်မသက်ဖြစ်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါက တရုတ်အစိုးရအဖွဲ့က လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျူကျောက်မင်း၏ ဩဂုတ် ၁၅ ရက် ပြောကြားချက်ကိုအလေးမူမိရင်း “စီးပွားရေး အားမာန်တင်း ရှန်းကန်ကို အသက်သွင်းချိန်” ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။