စီးပွားရေးအကျပ်အတည်းကျော်လွှားနိုင်ရန် သီရိလင်္ကာသမ္မတ ရာဂျာပတ်ဆာက ရုရှားသမ္မတပူတင်ထံ အကူအညီတောင်းခံ

ကိုလံဘို    ဇူလိုင်    ၈ 

သီရိလင်္ကာနိုင်ငံသည်   စီးပွားရေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရစဉ် သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပတ်ဆာက ရုရှားသမ္မတ ဗလာဒီမာပူတင်အား   လောင်စာဆီထောက်ပံ့မှု အပါအဝင် စီးပွားရေးဆိုင်ရာ အထောက်အပံ့များပေး ရန် ယမန်နေ့တွင် တောင်းဆိုခဲ့ကြောင်း     သိရ သည်။ 

သမ္မတရာဂျာပတ်ဆာက သီရိလင်္ကာနိုင်ငံအား ကူညီထောက်ပံ့မှုများပေးရန် သမ္မတပူတင်ထံ ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် တောင်းခံခဲ့ကြောင်း သိရသည်။ 

သီရိလင်္ကာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ယခင် ထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း နှင့် လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းကို ကျော်လွှားနိုင်ရန် လောင်စာဆီများ ထောက်ပံ့ပေးစေ လိုကြောင်း ရာဂျာပတ်ဆာက ၎င်း၏တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။ 
ထို့ပြင်  သီရိလင်္ကာနိုင်ငံသို့ ရုရှားခရီးသည် လေကြောင်းများ  ပြန်လည်ပြေးဆွဲရန်ကိုလည်း ရာဂျာပတ်ဆာက တောင်းခံခဲ့သည်။ 

သီရိလင်္ကာနိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေး အကျပ်အတည်းနှင့်   ရင်ဆိုင်နေရသည်။ အခြေခံ အဆောက်အအုံစီမံကိန်းများမှ ကြီးမားသော ပြည်ပ ကြွေးမြီများ ဆပ်ရန်ကျန်ရှိနေသည်။ ထို့ပြင် နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေများလည်း လျော့နည်းသွား ပြီဖြစ်သည်။ 

လောင်စာဆီအပါအဝင် မရှိမဖြစ်လိုအပ်သည့်  အခြားနိုင်ငံခြားသွင်းကုန်များလည်း ပြတ်လပ် လျက်ရှိသည်။ 

နိုင်ငံအတွင်းရှိ စာသင်ကျောင်းများကို ဇွန်လ နှောင်းပိုင်းမှစ၍  ပိတ်ထားခဲ့ရပြီး  သာမန်ဝန်ထမ်း များကိုလည်း နေအိမ်များမှသာ အလုပ်လုပ်ကြရန် အစိုးရက တောင်းဆိုထားသည်။
 
သီရိလင်္ကာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့ထံမှလည်း အကူအညီများတောင်းခံထားကြောင်း သိရသည်။ 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်