စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းဧက(၇၀ဝ) လုပ်ဆောင်လျက်ရှိ

မုံရွာ ၉   ဇူလိုင် 
    

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်စီးပွားရေးစိုက်ခင်းဟောင်း ဧက ၇၀ဝ ကို ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး လုပ်ဆောင်လျက်ရှိရာ ယခုအခါတွင်(၅၁၄)ဧကပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။
    

“စီးပွားရေးစိုက်ခင်းတွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီးတော့ ပြန်ပြီးတော့ဖာထေးစိုက်တယ်၊ စီးပွားရေး စိုက်ခင်းဟောင်းတွေ ပြန်လည်ပြုစုစိုက်ပျိုး လုပ်ဆောင်တဲ့နေရာမှာ အချို့အပင်တွေဆိုရင် ပင်ပူးခွာတာတို့၊  ကိုင်းချိုင်တာတို့၊ ပင်ကျပ်နှုတ်တာတို့ပါတယ်၊ အခုအချိန်အထိ ဧက(၅၀ဝ)ကျော်ကို ပြန်လည်စိုက်ပျိုးလုပ်ဆောင်ပြီးပြီ” ဟု စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။
    

စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအဖြစ် ကန့်ဘလူမြို့နယ် စံပယ်နံ့သာကြိုးဝိုင်းအတွင်း ကျွန်းပင်ဧက (၇၀)အားလည်းကောင်း၊ ကနီမြို့နယ် သင်္ဂဒုံ တိုးချဲ့ကြိုးဝိုင်း(၂)အတွင်း ပိတောက် (၂၅)ဧက အားလည်းကောင်း၊ ကသာမြို့နယ် ဖတ်ဆွတ်ကြိုးဝိုင်းအတွင်း ပျဉ်းကတိုး (၅၀)ဧကအားလည်းကောင်း၊ ကောလင်းမြို့နယ် သော်ကြိုးဝိုင်းအတွင်း ကျွန်းပင်(၂၈)ဧကနှင့် သဖန်းတောင်ကြိုးပြင် ကာကွယ်တောအတွင်း ကျွန်းပင် (၂၅)ဧကအားလည်းကောင်း၊ ပင်လည်ဘူးမြို့နယ် နန်းလုံးကြိုင်ကြိုပြင် တောအတွင်း ကျွန်းပင်(၅၇)ဧကအားလည်းကောင်း၊ ဝန်းသိုမြို့နယ် နန်းခမ်း အတွင်း ကျွန်းပင် (၃၀)ဧက နှင့်ပျဉ်းကတိုး (၃၀)ဧကအားလည်းကောင်း၊ အင်းတော်မြို့နယ် ကဟဲကြိုးဝိုင်းအတွင်း ကျွန်းပင် (၈၀)ဧက၊ ကလုံကြိုးဝိုင်းအတွင်း ကျွန်းပင် (၂၀)ဧကနှင့် စီးမော်ကြိုးပြင်ကာကွယ်တောအတွင်း ကျွန်းပင်(၉၀)ဧကအား လည်းကောင်း၊ တမူးမြို့နယ် ကဘော်ကြိုးဝိုင်းအတွင်း ပျဉ်းကတိုး (၉)ဧကအားလည်းကောင်း ပြန်လည်ပြုစု ထိန်းသိမ်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)