စီးပွားရေးလုပ်ငန်းတွေ ပြန်စဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ရန်စွယ် တွန်းလှန်ဖယ်ရှားရေး ဗျာများနေတဲ့ အနောက်နိုင်ငံတွေ

ထွန်းသစ်စ

 

ပြင်သစ်နိုင်ငံနဲ့ စပိန်နိုင်ငံတို့ဟာ ရက်သတ္တပတ် အတော်ကြာချမှတ်ထားတဲ့ တင်းကျပ်တဲ့ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးမယ့် အစီအစဉ်တွေကိုချမှတ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သလို အခုအချိန်ဟာ တချို့နိုင်ငံတွေအနေနဲ့ ရပ်တန့်နေတဲ့ စီးပွားရေးတွေကို ပြန်လည်စတင်ဖို့နဲ့ တချို့နိုင်ငံတွေဟာ ဆိုးရွားစွာခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ရန်စွယ်ကို တွန်းလှန်ဖယ်ရှားဖို့ကြား ဗျာများနေရတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။

 

ဖြေလျှော့ဖို့အစီအစဉ်တွေ လုပ်ဆောင်

တစ်ချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံတွေနဲ့မတူဘဲ အမေရိကန်ပြည်သူ ၅၆၀၀၀ ကျော် သေဆုံးပြီး အသေအပျောက် အများဆုံးဖြစ်ခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံမှ လျော်ကြေးတောင်းခံကောင်း တောင်းခံသွားမယ်လို့လည်း ပြေပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကလည်း ချက်ချင်းကိုပဲ ပြန်လှန်တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေး သမားတွေဟာ မျက်နှာပြောင်တိုက်ပြီး အခြေအမြစ်မရှိ တဲ့လိမ်လည်မှုတွေ ပြောနေတယ်လို့ တရုတ်ဘက်က ပြန်လည်ချေပ ပြောကြားခဲ့ပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာပြီး ကမ္ဘာ့နိုင်ငံအနှံ့ပျံ့နှံ့ကာ လူပေါင်း သုံးသန်းကျော်ကူးစက်ခဲ့ပြီး ၂၁၁၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ဟန့်တားထိန်းချုပ်ဖို့အတွက် ကမ္ဘာ့လူဦးရေထက်ဝက်ကျော်လည်း အလုံပိတ် ကန့်သတ်မှုတစ်မျိုးမျိုးနဲ့ နေထိုင်နေရဆဲဖြစ်ပါတယ်။ သို့သော်လည်း လတ်တလောမှာတော့ တချို့နိုင်ငံတွေမှာ ဒီကိုရိုနဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အရေအတွက်ဟာ ကျဆင်းလာပါတယ်။ အစိုးရတွေကလည်း ကမ္ဘာ့စီးပွားရေးကို အဆက်မပြတ်ဆိုးရွားစွာ ထိခိုက်စေတဲ့ အလုံပိတ်ကန့်သတ်ချုပ်ချယ်မှုများကို ဖြေလျှော့ဖို့ အစီအစဉ်တွေ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

 

စပိန်နိုင်ငံဟာ သူ့ရဲ့ တင်းကျပ်တဲ့ အလုံပိတ်ကန့် သတ်ချုပ်ချယ်မှုကို စတင်ပြီးဖြေလျှော့နေပြီဖြစ်သလို ဒါနဲ့ပတ်သက်တဲ့ အသေးစိတ်အစီအစဉ်များကိုလည်း ဧပြီ ၂၈ ရက်က ကြေညာခဲ့ပါတယ်။ ထို့အတူပဲ ပြင်သစ်နိုင်ငံမှာလည်း အလားတူ လုပ်ဆောင်လျက်ရှိပါတယ်။

 

အားလုံးသတိထားရမယ်

လာမယ့်ရက်သတ္တပတ်ကစပြီး အီတလီနိုင်ငံသားတွေဟာ အပြင်ထွက်လို့ရတော့မှာဖြစ်ပြီး ဆွေမျိုးတွေဆီ သွားရောက် လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့တွေဟာ နှာခေါင်းစည်းတပ်ဆင်ရမှာဖြစ်ပြီး ပွေ့ဖက်ခြင်းနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းတွေကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။

 

ဥရောပမှာရှိတဲ့ အခြားနိုင်ငံသုံးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ထိခိုက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။ အဲဒီနိုင်ငံ တစ်နိုင်ငံချင်းစီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀၀ စီလောက် အသီးသီး ရှိကြပါတယ်။ ဂျာမနီနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်ထဲက တချို့ဆိုင်လေးတွေကို ပြန်ဖွင့်ခွင့်ပြုနေပြီဖြစ်ပါတယ်။ ကိန်းဂဏန်းအချက်အလက် အသစ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အနည်းငယ် မြင့်တက်လာပြီးနောက် အခုလို အထိတ်ကန့်သတ်ချက် တွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့ခြင်းတွေ မလုပ်သင့်သေးကြောင်း ဗိုင်းရပ်စ် ကျွမ်းကျင်သူတွေက သတိပေး ပြောကြားထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ပိုမိုမကူးစက်စေချင်ရင် ဒါမှမဟုတ် ပိုမိုကူးစက်မှုနဲ့ အဆုံးမသတ်ချင်ရင် ကျွန်တော်တို့အားလုံး သတိထားရမယ်လို့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ရောဘတ်ကော့ခ်အင်စတီကျမှ ဥက္ကဋ္ဌလိုသာဝယ်လာက ပြောပါတယ်။

 

စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်ကြောက်ရွံ့မှုများ

ကမ္ဘာ့စီးပွားရေးအလားအလာဟာ မျှော်လင့်အားရဖွယ်မရှိမှုနဲ့အတူ အချို့နေရာတွေမှာ စီးပွားရေးအကျပ်အတည်း ရှောင်ရှားဖို့၊ အစိုးရကို အလုံပိတ်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေဟာလည်း မြင့်တက် လာခဲ့ပါတယ်။ ဒါဟာ ရာစုနှစ်တစ်နှစ်အတွင်းမှာ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုပဲ ဖြစ်တယ်လို့ သတိပေးချက်တွေနဲ့ အတူ ဆီဈေးနှုန်းတွေဟာလည်း အတား အဆီးမရှိ ကျချင်တိုင်း ကျနေတော့တာပါပဲ။ ထို့အတူ ခရီးသွားကဏ္ဍကိုလည်း ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နှစ်လိုဖွယ်မရဖြစ်နေတာကို လည်းတွေ့ရပါတယ်။ မိမိတို့ဟာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မပျော်ရွှင်ကြောင်း၊ တကယ့်ဇာစ်မြစ်ကို ရှာဖွေပြီး ပိတ်ပစ်ဖို့ ကောင်းကြောင်း၊ မြန်မြန်ဆန်ဆန်ပိတ် နိုင်ရင်ပိုကောင်းကြောင်း၊ ဒါမှသာ တစ်ကမ္ဘာလုံးကို မပျံ့မှာလို့ အမေရိကန်သမ္မတဒ ေါ်နယ်ထရမ့်က ပြောပါတယ်။

 

ဂျာမန်သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် တရုတ်နိုင်ငံကို ဂျာမနီက လျော်ကြေး အမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံပေးဖို့ တောင်းဆိုထားပါတယ်။ ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေနဲ့ မိမိကိုယ်တိုင် ကိုယ်ပိုင်လုပ်ဆောင်ချက်နဲ့လုပ်မယ်လို့ လိုက်ပါတယ်။ ထို့အတူ မိမိတို့အနေနဲ့ ဂျာမနီတောင်းဆိုတဲ့ ပိုက်ဆံထက်ပိုမိုတောင်းဆိုမှာဖြစ်ကြောင်း နောက်ဆုံး ပမာဏကို မသတ်မှတ်ရသေးကြောင်း၊ ဒါပေမယ့်လည်း များပြားတဲ့  ပမာဏဖြစ်ကြောင်း ပြောလိုက်ပါတယ်။

 

ပြတ်ပြတ်သားသား တုံ့ပြန်

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြတ်ပြတ်သားသား တုံ့ပြန်ထားတာကို တွေ့ရပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဂန်ရှောင်ကတော့ အမေရိကန် နိုင်ငံရေးသမားတွေဟာ ရည်ရွယ်ချက်တစ်ခုပဲရှိကြောင်း၊ အဲဒါကတော့ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်ညံ့ဖျင်းတဲ့အပေါ် ခေါင်းရှောင်ချင်တဲ့သဘော ပဲဖြစ်ကြောင်း၊ ပြည်သူ့အမြင်ကို အာရုံလွှဲချင်လို့ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက သတိပေးချက် တွေ ပြုလုပ်ထားတာတောင်တချို့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့မှာ ကန့်သတ်မှုတွေကို ဖြေလျှော့နေကြပါပြီ။ ဒီလိုဖြေလျှော့ပေးတဲ့အတွက်ကြောင့် တချို့နိုင်ငံသား တွေကတော့ ပျော်ရွှင်နေကြပါတယ်။ မိမိတို့အနေနဲ့ လူချင်းထိတွေ့ဆက်ဆံဖို့လိုကြောင်း အသက် ၆၄နှစ်အရွယ် ကင်ကာဆီတာက အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ နံနက်စာသုံးဆောင် နေရင်း ပြောပါတယ်။ ပြည်နယ်အများစုမှာတော့ အိမ်မှာနေတဲ့ ကန့်သတ်မှုကို ဖြေလျှော့ပေးဖို့ ကိုဗစ်-၁၉ စမ်းသပ်မှုကို လုံလုံလောက်လောက် မလုပ်ရသေးကြောင်း ဟားဗတ် သုတေသနပညာရှင်တွေနဲ့ ကျန်းမာရေးသတင်းဆိုက်  တစ်ခုဖြစ်တဲ့ စတတ်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

အဆုံးသတ် ဘယ်သူမျှမသိနိုင်

သမ္မတထရမ့်ကစမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး ကျောင်းများကို ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တချို့ ဥရောပနိုင်ငံတွေမှာ ကျောင်းတွေနဲ့ ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေကြသလို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဗြိတိန်အနေနဲ့ အဲဒီလိုတွေလိုက်လုပ်ဖို့ စောလွန်းသေးတယ်လို့ ပြောပါတယ်။ ဂျွန်ဆင်က ဆက်ပြီးတော့ သူ့အနေနဲ့ ကြိုးစားမှုတွေကို သဲထဲရေသွန်မဖြစ်စေချင်ကြောင်း၊ ဗြိတိန်တွေကို အလကားအသက်တွေ မစတေးစေချင် ကြောင်း ပြောပါတယ်။

 

နယူးဇီလန်မှာတော့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က သူ့နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်တိုက်နိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်သလို နိုင်ငံအတွင်းမှာ ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်း လိုက်ပြီဖြစ်ပါတယ်။

 

ဩစတြေးလျမှာလည်း ရေလွှာလှိုင်းစီးကစားသူတွေ၊ ရေကူးသမားတွေဟာ ဆစ်ဒနီမှာရှိတဲ့ ဘွန်ဒီကမ်းခြေကို သူ့ထက်ငါ အရင်အပန်းဖြေဖို့ သွားနေကြပါပြီ။ ဘွန်ဒီကမ်းခြေကို အစိုးရကလွန်ခဲ့တဲ့ ငါးပတ်က တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ အရပိတ်ခဲ့တာပါ။ အခုတော့လည်း ပြန်လည်ဖွင့်လှစ်လိုက်မှုနဲ့အတူ လူတွေဟာ မွန်းကျပ်မှုတွေကို ဖြေလျှော့နေကြပါပြီ။

 

ဒီကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ကြီးဟာ ဘယ်တော့အဆုံးသတ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်သလို သိပ္ပံပညာရှင်တွေက လည်း သူ့ထက်ငါအရင် ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့ အပြိုင်ကြိုးစားလျက်ရှိဆဲပါ။   ။

ကိုးကား အေအက်ဖ်ပီ