စီးပွားရေးမောင်းနှင်အား ပြုပြင်ဆောင်ရွက်

၂၄ စက်တင်ဘာ

 

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလည်ပတ်မောင်းနှင်မှုတွင် အဓိကကျသည့် နိုင်ငံခြားငွေကြေးအပြောင်းအလဲ ပေါ်တွင် မူတည်ကာ မောင်းနှင်ကြသည်။ လက်ရှိတွင် အဓိကငွေကြေးကိုင်တွယ်သည့် နိုင်ငံကြီး၏ စီးပွားရေးစစ်ခင်းမှုကြောင့် ထိုငွေကြေးကိုအမှီပြုသည့် ကမ္ဘာ့နိုင်ငံများအားလုံး စီးပွားရေးကမောက်ကမ ဖြစ်ကြရသည်။ ယင်းအရေးတွင် မြန်မာနိုင်ငံမှာ ငွေကြေးမတည်ငြိမ်မှု ပိုမိုသက်ရောက်မှုရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ပို့ကုန်ထက် သွင်းကုန်ပမာဏများပြားသည်။ ထို့ကြောင့် ကုန်သွယ်မှုလိုငွေပြနေပြီး ကုန်သွယ်မှုမညီမျှသည့် အခြေအနေနှင့်ရင်ဆိုင်ရသည်။ ယင်းအခြေအနေတွင် အမေရိကန်ဒေါ်လာသည် ပြီးခဲ့သည့်လများမှစတင်၍ ပိုမိုခိုင်မာအားကောင်းလာပြီး မြန်မာကျပ်ငွေသာမက တစ်ကမ္ဘာလုံးရှိ ငွေကြေးတန်ဖိုးများအားလုံး ကျဆင်းလာခဲ့သည်။ မြန်မာနိုင်ငံအဖို့မူ နိုင်ငံရေး၊စီးပွားရေး အခြားအကြောင်းအချက်များလည်းရှိသဖြင့် အခြားနိုင်ငံများထက် ကျဆင်းမှုပိုမိုမြင့်မား လာရခြင်းဖြစ်သည်။

 

ထို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုး သိသာစွာကျဆင်းခဲ့သည်။ ထိုသို့ကျဆင်းရသည့် အကြောင်းအရင်းတွင် ပြည်ပသက်ရောက်မှုမှ စတင်သည်ဆိုသော်လည်း ပြည်တွင်းအခြေအနေမှာ စီးပွားရေးအခြေအနေ မညီမျှမှုပြဿနာများနှင့် စီးပွားရေးနှင့်ပတ်သက်သည့် အခြေခံအားနည်းချက်များ ရှိနေသောကြောင့်ဟု ဆိုနိုင်ကြောင်း နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

 

ယခုဖြစ်စဉ်တွင် အဓိကမှာ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေ ဆက်စပ်မှုဖြစ်သည်။ ကုန်သွယ်မှုတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ့စီးပွားရေးကို များစွာထိခိုက်နစ်နာနိုင်သည်။ တရားမဝင်ကုန်သွယ်မှုကြောင့် ပို့ကုန်ဝင်ငွေလျော့နည်းကျဆင်းခြင်း၊ အခွန်ဘဏ္ဍာဆုံးရှုံးခြင်း၊ သဘာဝသယံဇာတ ပြည်တွင်းအရင်းအမြစ်များ ပျက်သုဉ်းခြင်း၊ တရားမဝင်တင်သွင်းသော လူသုံးကုန်၊ စားသုံးကုန်များကြောင့် ပြည်တွင်းမှ ထုတ်လုပ်သော အသေးစား၊ အလတ်စားစက်မှု စီးပွားရေးလုပ်ငန်းများ ကြီးမားစွာထိခိုက်နစ်နာခြင်း၊ ထိုကုန်ပစ္စည်းများကြောင့် ပြည်တွင်းစားသုံးသူများအတွက် အန္တရာယ်ဖြစ်စေခြင်း စသည့် ဆိုးကျိုးများနှင့် ရင်ဆိုင်ရသောကြောင့် ထိုစိန်ခေါ်မှုများအား ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်ရန် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

မျက်မှောက်ကာလတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသောကြောင့်လူသုံးကုန်၊ စားသုံးကုန်၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေးမှအစ ပြည်သူများအတွက် အဘက်ဘက်တွင် အခက်အခဲ ရှိလာသည်။ မြန်မာကျပ်ငွေကျဆင်းခြင်းတွင် ကျပ်ငွေတန်ဖိုး သို့မဟုတ် ငွေလဲလှယ်နှုန်းကို လွှမ်းမိုးထားသည့် အဓိကအချက်များမှာ ကုန်သွယ်မှု လိုငွေ၊ အတိုးနှုန်း၊ငွေဖောင်းပွမှုနှုန်းနှင့် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာများဖြစ်သည်။ လက်ရှိတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းများရှိနေသော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုများနှင့် ကြုံတွေ့နေရာတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ့စီးပွားရေးကဏ္ဍတွင် အရေးအကြီးဆုံး စိန်ခေါ်မှုဖြစ်သည်။ ယင်းကြောင့်ပင် နိုင်ငံခြားငွေကြေးရိုက်ခတ်မှု အမြင့်ဆုံးဖြစ်လာသည်။ ထို့ကြောင့် ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေး ဖွဲ့စည်းတည်ဆောက်မှု မှန်ကန်ခိုင်မာပြီး သက်ရောက်မှုအမျိုးမျိုးအပေါ် ခံနိုင်ရည်ရှိစေရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများနှင့် ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။

 

သို့ဖြစ်ရာ ငွေကြေးဈေးကွက်ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသောစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အတွက် စီးပွားရေးလုပ်ငန်းများ မှန်ကန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကြိုးနီစနစ်နှင့် အဂတိလိုက်စားမှု များအား ရှောင်ရှားပြီး လက်ရှိနိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒများ၊ ရည်မှန်းချက်များနှင့်အညီ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အမြန်ဆုံးပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ကြရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း။ ။(ကြေးမုံ)