စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၁

၂၀၂၃ ခုနှစ်၊ မတ်  ၂၁ ရက်၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui တို့ ဦးဆောင်၍ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၃) နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး၊ (၄) ကြိမ်မြောက် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချမ်း) နယ်စပ် စီးပွားကုန်စည်ပြပွဲ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် ရေးထိုးနိုင်ရေးအတွက် နှစ်ဦးနှစ်ဘက်မှ တွန်းအားပေး ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဖြတ်ကျော်သည့် တတိယနိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေး၊ နယ်စပ်ဂိတ် ကုန်သွယ်မှုများ တိုးမြှင့်နိုင် ရေးကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်တာဝန်ခံများနှင့် တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်