စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၂၆ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနရုံးအနီးရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရန်၊ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရန်၊ လေထုကိုသန့်စင်ပေးနိုင်ရန်၊ မြေဆီလွှာတိုက်စားမှုကိုကာကွယ်နိုင်ရန်၊ စားရေ ရိက္ခာဖန်တီးပေးရန်နှင့် ရာသီဥတုကောင်းမွန်စေရန်ရည်ရွယ်၍ သစ်ပင်များစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟ စနစ် ပိုမိုအားကောင်းလာပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင်နှင့် ပျဉ်းကတိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကို  လှည့်လည်ကြည့်ရှု အားပေးသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၃၁၃ ပင်နှင့် ပျဉ်းကတိုးပင် ၃၀၀၊ ပတ္တမြားငမောက်ပင် ၈၀၀၊ စိန်တလုံး သရက် ၃၂၅ ပင်နှင့် ဝါးပိုးဝါး ၁၀၀ အပါအဝင် ပျိုးပင်စုစုပေါင်း ၂၀၉၈ ပင်တို့ကိုစိုက်ပျိုးခဲ့ပြီး ယခင်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးပြီးသော စိန်တလုံးသရက်ပင် ၁၁၀၀၀၊ ပတ္တမြားငမောက်သရက် ပင် ၇၀၀၊ ရတနာတန်းဝင်ကျွန်းပင် ၂၁၀၀၊ ပျဉ်းကတိုးပင် ၄၀၀၊ မဟော်ဂနီပင် ၁၅၀၊ မန်ဂျန်ရှားပင် ၁၅၀ နှင့် ဝါးပိုးဝါး ၁၀၀၀ တို့မှာအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်(၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာနည်တင်က Implementation of Article 66.2 of the WTO TRIPS Agreement ခေါင်းစဉ်ဖြင့် ဆွေးနွေးသော စကားဝိုင်းဆွေး‌နွေးပွဲသို့ တက်ရောက်သည်။ 

ဆွေးနွေးပွဲတွင် ကမ္ဘာ့ကုန်သွယ်‌ရေးအဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပေးအပ်သော ကင်းလွတ်ခွင့်များ၊ ကုန်သွယ်မှုဆိုင်ရာ အကျိုးခံစားခွင့်များနှင့်စပ်လျဉ်းပြီး တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် ပို့ကုန်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်