စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်အတွက် ပညာရည်ထူးချွန်ဆုပေးပွဲနှင့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်၊ ဇွန် ၂၄

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်အတွက် ပညာရည်ထူးချွန်ဆုပေးပွဲနှင့် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသားမိဘများနှင့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရမူဝါဒနှင့်အညီ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးနှင့် အထောက်အပံ့ ဖြစ်စေရေးတို့အတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်စဉ်တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သား၊ သမီးများကို ပညာတတ်လူချွန် လူကောင်းများ ဖြစ်လာစေရေးအတွက် အလေးထားပြုစုပျိုးထောင်ပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း ပညာရည်မြင့်မားမှသာ မိမိဘဝတိုးတက်မည်ကို သိရှိနားလည်ပြီး ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်အောင်၊ နိုင်ငံတော်က အားထားရသည့် သားကောင်း၊ သမီးမွန်ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ မောင်သန်းထိုက်ဆွေ၊ မောင်လင်းလွင်ဟိန်း၊ မနှင်းနန္ဒာခင်နှင့် လေးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ မောင်မင်းသန့်အောင်၊ မဟန်နီဇော်တို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ မောင်ရင်မင်းသန့်၊ မလင်းလတ်ရွှေရည်သန့်နှင့် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူမမေသဇင်ဦးတို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်း သား၊ သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံပေးအပ်သည်။

 

ယခုနှစ် ပညာသင်နှစ်တွင် ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၈၀ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၃၂,၂၃၀,၀၀၀/- (ကျပ်သုံးရာနှစ်ဆယ့်နှစ်သိန်းသုံးသောင်းတိတိ) ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်