စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အစိုးရဝန်ထမ်းတွေအား ဒီပါဝလီချေးငွေထုတ်ပေးမယ်လို့သိရ

၁၃ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံက  သန်းချီတဲ့ အစိုးရဝန်ထမ်းတွေအား ဒီပါဝလီချေးငွေအဖြစ် ရူပီးငွေ ၁၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၃၅) ကို ၁၀ လ ဆပ်အနေနဲ့ ထုတ်ချေးသွားမယ်လို့ အစိုးရက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ အရေးပါတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဒီပါဝလီပွဲတော်မှာ  မိသားစုတွေ သုံးစွဲနိုင်ရန် အစိုးရဝန်ထမ်းတွေကို ငွေထုတ်ချေးပေးဖို့ စီစဉ်တာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပါတယ်။

 

ငွေချေးအစီအစဉ်အတွက် ရူပီးငွေ ၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ)  အသုံးပြုသွားမှာဖြစ်ပါတယ်။

 

ငွေချေးအစီအစဉ်ကြောင့်  နိုင်ငံသားတွေရဲ့ စုငွေတွေကို ပိုသုံးလာအောင် လုပ်ဆောင်တာဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာ ၄.၉ ဘီလီယံလောက် နိုင်ငံ့စီးပွားရေးထဲကို လည်ပတ်လာစေရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

အစိုးရက အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကိုလည်း လမ်းတွေ၊ ကာကွယ်ရေးနဲ့ တခြား အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် နှစ် ၅၀ ချေးငွေအဖြစ်သုံးစွဲရန် သီးခြားထားပြီးကြောင်း ဘဏ္ဍာရေး ဝန်ကြီးကပြောပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု တားမြစ်ရန်အတွက် တစ်နိုင်ငံကို မတ်လကုန်ပိုင်းကစပြီး အသွားလာကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ တားမြစ်မှုတွေကို ဇွန်လက စပြီး ပြန်ဖွင့်ပေးပေမယ့် သန်းချီတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်ကြရကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP