စီရင်ထုံးများကညွှန်ပြသော အာမခံဆိုင်ရာသဘောတရားများ

၂ ဇန်နဝါရီ

အာမခံ (Bail) ဆိုသည်မှာ ရာဇဝတ်မှုဖြင့် စွပ်စွဲခံရသူ၊ သို့မဟုတ် တရားခံတစ်ဦးဦးအား အချုပ်လွတ် ထုချေခွင့် ဖြစ်ပါသည်။ ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု စွပ်စွဲခံရသောသူများအား ရဲစခန်း၌ချုပ်နှောင်ခြင်း၊ အကျဉ်းထောင်၌ ချုပ်နှောင်ခြင်းစသည့် ဖမ်းဆီးချုပ်နှောင် ပြီးနောက် ရဲစခန်းတွင်သော်လည်းကောင်း၊ တရားရုံးတွင်သော်လည်းကောင်း အမှုကြားနာစစ်ဆေးသည့်အခါ အချုပ်မှကင်းရှင်းစွာ စစ်ဆေးခံနိုင်ခြင်း၊ ခုခံချေပနိုင်ခြင်းအတွက် အာမခံသူလူပုဂ္ဂိုလ်များက စွပ်စွဲခံရသူ တရားခံသည် တရားရုံးသို့အမှုစစ်ဆေးစဉ်မပြီးပြတ်မချင်း မှန်မှန်လာရန် တာဝန်ယူပါသည်။ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိရန်တာဝန်ယူပါသည်။ သက်သေများကို မလျော်သြဇာ မသုံးရန် တာဝန်ယူပါသည်ဟု အာမခံသူနှစ်ဦးက အာမခံ တန်ဖိုးငွေကြေးဖြင့် လည်းကောင်း၊ ပိုင်ဆိုင်သောပစ္စည်း များဖြင့်လည်းကောင်း ရုံးတော်သို့ အာမခံတင်သွင်း၍ အာမခံခြင်း ဖြစ်သည်။ ရုံးတော်မှ အာမခံပေးသင့် မပေးသင့် စဉ်းစားဆုံးဖြတ်၍ အာမခံပေးသင့်သည်ဟုယူဆလျှင် အာမခံပေးပါသည်။ အာမခံမပေးသင့်ဟု ယူဆပါက ဆက်လက်ချုပ်နှောင်ထားပါမည်။

သို့ကြောင့် စွပ်စွဲခံရသူများ၊ တရားခံများအနေဖြင့် အာမခံရရှိရေးမှာ အထူးအရေးကြီးလှပါသည်။ အာမခံ မရ၍ အချုပ်ထဲနေရလျှင် မိသားစုနှင့်ကင်းကွာ၍ အနေဆင်းရဲ၊ အစားဆင်းရဲ၊ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံကြရသလို မိသားစုအားလုံးမှာလည်း စိတ်ဆင်းရဲကြီးစွာ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ကြရပါသည်။ သို့ပါ၍အာမခံ သဘောတရားကို ဥပဒေနှင့် နှီးနွှယ်သူအားလုံး သဘောပေါက် သိရှိကြစေပြီး စွပ်စွဲခံရသူတရားခံများအားလုံး အာမခံဟူသော အချုပ်လွတ်ထုချေလွှာရစေရန် အာမခံ နှင့် ပတ်သက်သည့် စီရင်ထုံးများကညွှန်ပြသော သဘောတရားများကို တက်နိုင်သရွေ့ရှာဖွေ စုဆောင်းရေးသား တင်ပြပါသည်။

အာမခံဆိုင်ရာစီရင်ထုံးများ

အာမခံပေးသင့်သော စီရင်ထုံးများ

(၁) အောက်ရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄ အရစွဲဆိုမှု တွင် အာမခံပေးထားသည့်အမိန့်ကို ခရိုင်ရာဇဝတ် တရားသူကြီးကပယ်ဖျက်ပြီး ပြန်ဖမ်းခြင်းမှာ ဥပဒေနှင့် မညီ။ ပုဒ်မ ၄၉၇ အရ အာမခံပေးထားသည့်အမိန့်ကို တရားလွှတ်တော်နှင့် စက်ရှင်တရားရုံးတို့ကသာ ပယ်ဖျက်ပြီး တရားခံကို ပြန်လည်ဖမ်းပိုင်ခွင့်ရှိသည်။ (Maung Ba Chit and V. King - Emperor. 1911, Vol. IV, BLT.70)

(၂) ပုဒ်မ ၄၉၆ နှင့် ၄၉၇ တို့မှကောက်ယူနိုင်သောအမှုမှာ အာမခံပေးခြင်းသည် အစဉ်အလာနည်းဥပဒေဖြစ်၍ ငြင်းပယ်ခြင်းမှာ ခြွင်းချက်ဖြစ်သည်။ ဥပဒေအရတရားခံကို အပြစ်ရှိသည်ဟု သက်သေထင်ရှားမပြနိုင်သေးသမျှ အပြစ်ကင်းသည်ဟု မှတ်ယူသည့်အတိုင်း ၎င်းသည်တရား လိုပြသက်သေများကို ဩဇာလွှမ်းတန်ရာသည်။ ခြိမ်းခြောက်တန်ရာသည် သို့မဟုတ် အာမခံပေးလိုက်လျှင် ထွက်ပြေးတန်ရာသည်။ မဟုတ်လျှင် အမှုစစ်ဆေးနေစဉ်အတွင်း ၎င်းအားအာမခံဖြင့် လွှတ်ထားသင့်သည်။ (Hussain Bux Khan V. The Union of Myanmar 1960. BLR, HC,192)

(၃) ရာဇသတ်ကြီးပုဒ်မ ၃၃၆ အရ အရေးယူသည့် တရားခံကို အမှုသွားအမှုလာနှင့် ရဲစစ်ချက်နှင့် ရဲအစီရင်ခံစာတို့ကို ကြည့်ရှုပြီး အမှုစစ်ရုံးနှင့် စက်ရှင်တရားရုံးတို့က အာမခံပေးထားခြင်းမှာ မှားယွင်းသည်ဟု မဆိုနိုင်သဖြင့် တရားရုံးချုပ်က ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။ (မသန်းသန်းမြင့်နှင့် ရှိတ်အာရဖာအလီ။ ၁၉၆၆၊ မတစ၊ ၉၆၀)

(၄) တရားခံအား အာမခံခွင့်ပြုရန် သင့်မသင့်စဉ်းစားရာတွင် အမှုနှင့်ပတ်သက်၍ မလျော်သြဇာ သုံးလိမ့်မည် သို့မဟုတ် ထွက်ပြေးတိမ်းရှောင်မည်ဟူသော အချက်များ မပေါ်ပေါက်လျှင် အာမခံပေးနိုင်သည်။ အာမခံခွင့်ပြု ရာတွင် အဆမတန် တန်ဖိုးထားသင့်သော်လည်း တရားခံအပေါ် စွပ်စွဲသောငွေကြေးပမာဏနှင့် အာမခံအတွက် ငွေကြေးပမာဏတို့မှာ လိုက်လျောညီထွေဖြစ်သင့်ကြောင်း သတိရှိရမည်။ (ဦးဝင်းသောင်းနှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ၁၉၇၉၊ မတစ၊ ၁၅၃)

(၅) မူလရုံးတရားသူကြီးသည် အမှုသွားလာနှင့် တရားရုံး ရှေ့တွင် တိုက်ရိုက်မျက်မြင်တွေ့ရသည့် တရားခံ၏ ကျန်းမာရေးအခြေအနေကို ထည့်သွင်းစဉ်းစားပေးခဲ့ခြင်း ဖြစ်သဖြင့် အထက်ရုံးများအနေဖြင့် အကြောင်းထူးမရှိလျှင် ထိုအာမခံကိုပယ်ဖျက်ရန်သင့်မည်မဟုတ်။ (မမြသက်ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၉၆၊ မတစ၊ ၁၇၇)

(၆) အာမခံလျှောက်ထားသည်မှာ စောလွန်းသည်ဟုဆိုပြီး ပလပ်ခြင်းမှာ လုံလောက်သော အကြောင်းပြချက်မဟုတ်။ စက်ရှင်တရားသူကြီးက စဉ်းစားရမည်မှာ တင်ပြသော အချက်အလက်များအရ တရားခံသည် စွဲဆိုသောပြစ်မှုဖြင့် အပြစ်ရှိသည်ဟု ယုံကြည်ရန်အကြောင်းရှိ၊ မရှိဖြစ်သည်။ (Maung Lu Min V. The Union of Myanmar 1956, BLR, HC, 112)

(၇) စသုံးလုံးတရားသူကြီးက အာမခံပယ်သည့်အမိန့်ကို မကျေနပ်သည့်လျှောက်လွှာအား ပုဒ်မ ၄၉၈ အရ စက်ရှင် ရုံးသို့ ကနဦးတင်သွင်းသည်။ (မောင်သန်း (ခ) ရာကွတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၅၊ မတစ၊ ၁၁၀၈)

(၈) စသုံးလုံးဌာနတွင် ငွေစာရင်းလျော့နည်းမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၄၀၉ အရ စွဲဆိုမှုကို စစ်ဆေးနေစဉ် တရားခံအား အာမခံပေးသဖြင့် အစိုးရက ပြင်ဆင်မှု လျှောက်ထားသည်။ ဤကဲ့သို့ ငွေစာရင်းရှင်းလင်းရန် လိုသော အမှုမျိုးနှင့် အခြားလူသတ်မှုစသော ပြစ်မှုမျိုးနှင့် သဘောထားချင်းမတူ။ လူသတ်မှု၌ သူတစ်ဦးသေစေသည်မှာ ထင်ရှားပြီးဖြစ်သည်။ ငွေစာရင်းကွာခြားမှုမျိုး၌ ရုံးတင်သောအချိန်တွင် မည်သူမျှငြိစွန်းသည်ကို အတော်အသင့် ခန့်မှန်းနိုင်သော်လည်း ငွေကွာ၍စာရင်းရှင်းလင်းရန်လိုသော အမှုမျိုး၌ ထိုသို့ ခန့်မှန်းရန်ခဲယဉ်းသည်။ စာရင်းရှင်းလင်းရန် အတွက် အာမခံပေးခြင်းကို စွက်ဖက်ရန်မသင့်။ (ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဦးစံခင် ၁၉၆၅၊ မတစ၊ ၄၈၈)

(၉) ဘိန်းမှုဖြင့် စွဲဆိုခံရသူများသည် နိုင်ငံခြားသို့ တိမ်းရှောင်ရန် အကြောင်းရှိသည်ဆိုကာ အာမခံငြင်းပယ်ခဲ့မှု ဖြစ်သည်။ ဤအမှုတွင် အာမခံပေးခဲ့သည်မှာ လေးလကျော် ရှိခဲ့သော်လည်း တိမ်းရှောင်ခြင်းမရှိသဖြင့် ထိုသို့ယူဆရန် ခဲယဉ်းသည်ဖြစ်၍ အာမခံပေးသင့်သည်။ သို့သော် လုံလောက်သည့် ခံဝန်တောင်းဆိုသင့်သည်။ (ပြည်ထောင်စု မြန်မာနိုင်ငံနှင့် မောင်ဖေကြည်။ ၁၉၆၅၊ မတစ၊ ၆၄၇)

(၁၀) အာမခံပေးရမည့် အမှုများနှင့်စပ်လျဉ်း၍ စဉ်းစား ရမည့် မူများကိုလည်း ချမှတ်ထားပြီးဖြစ်သည်။ သာမန် အားဖြင့် စွပ်စွဲခံနေရသူတစ်ဦးအား အမှုကိုရုံးသို့တင်၍ စစ်ဆေးခြင်းမပြုသေးမီ သို့မဟုတ် အမှုကိုစစ်ဆေးနေစဉ် အတွင်း၌ ကြာမြင့်စွာချုပ်နှောင်ထားအပ်သည် မဟုတ်။ ထိုသို့ချုပ်နှောင်ခြင်းဖြင့် ၎င်းအပေါ်ပြစ်မှုထင်ရှား မတွေ့ရှိသေးဘဲ ကြိုတင်၍ ပြစ်ဒဏ်ပေးခြင်းမျိုး မဖြစ်အပ်ပေ။ (မောင်ကျော်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ။ ၁၉၆၅၊ မတစ၊ ၆၆၆)

(၁၁) စက်ရှင်တရားသူကြီးက ခွင့်ပြုထားသည့်အာမခံကို တရားရုံးချုပ်က ပုဒ်မ ၅၆၁ အရ ဝင်ရောက်စွက်ဖက်နိုင်ကြောင်း စီရင်ထုံးများရှိသည်။ သို့ရာတွင်အောက်ရုံးတရား သူကြီးသည် မိမိခွင့်ပြုထားသည့် အာမခံကို ပုဒ်မ ၄၉၈ အရ ပယ်ဖျက်နိုင်သည့် အာဏာမရှိ။ (ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်လှရွှေ။ ၁၉၆၅၊ မတစ၊ ၈၉၈)

(၁၂) အာမခံလျှောက်ထားသူသည် အချုပ်နှင့်နှစ်နှစ်နီးပါးရှိရာ ၎င်းသည်တရားလိုပြသက်သေများအား ဖျက်ဆီးရန် အကြောင်းမရှိတော့သည့်အပြင် အမှုစစ်ဆေးနေစဉ် ပြည့်ပြည့်စုံစုံခုခံချေပနိုင်ရန်အတွက် လိုအပ်သည်များဆောင်ရွက်နိုင်ရေး အာမခံဖြင့်လွှတ်ထားသင့်သည်။ (မောင်ကိုနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ။ ၁၉၆၆၊ မတစ၊ ၄၀၁) (င) တရားစီရင်ထုံးများ

(၁၃) အောက်ရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄ အရ စွဲဆိုမှုတွင် အာမခံပေးထားသည့်အမိန့်ကို ခရိုင်ရာဇဝတ် တရားသူကြီးက ပယ်ဖျက်ပြီး ပြန်ဖမ်းခြင်းမှာ ဥပဒေနှင့်မညီ။ ပုဒ်မ ၄၉၇ အရ အာမခံပေးထားသည့်အမိန့်ကို တရားလွှတ်တော်နှင့် စက်ရှင်တရားရုံးတို့ကသာ ပယ်ဖျက်ပြီး တရားခံကို ပြန်လည်ဖမ်းဝိုင်ခွင့်ရှိသည်။ (Maung Ba Chit and V. King - Emperor. 1911, Vol. IV, BLT.70.)

(၁၄) အမှုစစ်တရားသူကြီးသည် အထက်ရုံးမှပေးထားသော အာမခံကို ပယ်ဖျက်ပိုင်ခွင့်အာဏာမရှိ။ အာမခံပေးသင့်၊ မပေးသင့်တွင် ရောဂါအမျိုးအစား၊ ဆေးရုံ၌ကုသနိုင်သည့် အခွင့်အလမ်း ရှိ/ မရှိ။ ၎င်း၏ဂုဏ်သရေ၊ ထွက်ပြေး တိမ်းရှောင်မည့်သူ မဟုတ်ခြင်း၊ ရုံးချိန်းတိုင်းလာနိုင်သည့် အခြေအနေရှိခြင်းတို့ကို အာမခံပေးရာ၌ ထည့်သွင်းစဉ်းစား နိုင်သည်။ (U Maung MaungV. The Union of Myanmar, 1949, BLR. HC, 503)

အာမခံမပေးသင့်သော စီရင်ထုံးများ

(၁) အာမခံပေးသင့်၊ မပေးသင့် တရားရုံးကချင့်ချိန်သည့်အခါ ပြစ်မှုအမျိုးအစား၊ တရားခံအပေါ်စွပ်စွဲသည့် သက်သေ ခံချက်နှင့် ချမှတ်နိုင်သည့်ပြစ်ဒဏ်တို့ကို ထည့်သွင်းစဉ်းစား သင့်သည်။

အချုပ်မှလွှတ်ထားလျှင်သက်သေများကို ခြောက်လှန့်မည်။ မုသားသက်သေခံစေမည်ဟု ယုံကြည်စရာအကြောင်း ယုတ္တိရှိလျှင် အာမခံဖြင့် အချုပ်မှလွှတ်ထားရန် ငြင်းဆိုနိုင် op (Mohammed Eusoof and one V. King - Emperor. 1925, Vol. III, ILR, Ran., 538)

(၂) သေဒဏ်၊ ကျွန်းဒဏ် မထိုက်သင့်သည့်ပြစ်မှုများတွင် တရားသူကြီးက ဆင်ခြင်တုံတရားသုံး၍ အာမခံပေးနိုင်သော်လည်း သေဒဏ်၊ ကျွန်းဒဏ်ထိုက်သင့်သည့်အမှုများတွင် ပုဒ်မ ၄၉၇ (၁) ခြွင်းချက်ပါအချက်များနှင့် အကျုံးမဝင် လျှင် အာမခံပေးရန်မသင့်။ (King- Emperor V. Nga San Htwa end others. 1927, Vol.V, ILR, Ran., 276)

(၃) ရာဇသတ်ကြီးပုဒ်မ ၄၀၉ အရ ပြစ်မှုမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးနိုင်သဖြင့် ပုဒ်မ ၄၉၇ အရ အာမခံ မပေးနိုင်သော ပြစ်မှုဖြစ်၍ ပြစ်ဒဏ်ချလျှင် လျှော့ပေါ့သောထောင်ဒဏ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အာမခံ ပေးခြင်းမှာ မှားယွင်းသည်။ (U Ba Than V.The Union of Myanmar. And one. 1959, BL, HC, 158)

(၄) ရာဇသတ်ကြီးပုဒ်မ ၃၀၇/ ၃၂၆/၁၁၄ အရစွဲဆိုမှုတွင် တရားခံသည် ကိုယ်ထိလက်ရောက် ရန်မူတတ်သော လက္ခဏာရှိသည့် စိတ္တဇဝေဒနာသည်တစ်ဦး ဖြစ်သည့် အလျောက် သူ့အားအမှုအတွင်း အချုပ်လွတ်ထုချေခွင့်ပြု ခြင်းဖြင့် အခြားသူအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေ့ရသဖြင့် အာမခံပေးရန်လျှောက်လွှာကို ပယ်သည်။ (ဦးကြည်လင်းနှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ၁၉၈၃၊ မတစ၊ ၄)

(၅) ပုဒ်မ၄၉၈ အရချမှတ်သော စက်ရှင်ရုံး၏အမိန့်သည် ပုဒ်မ ၄၉၇ အရချမှတ်သည့်မူများနှင့်ညီရမည်။ ပုဒ်မ ၄၉၈ အရစက်ရှင်ရုံးက အာမခံဖြင့်လွှတ်ထားသောတရားခံအမှု၌ ပုဒ်မ ၄၉၇ (၅)သည် အကျုံးမဝင်၊ သို့သော် တရား လွှတ်တော်က ပုဒ်မ ၅၆၁- ကအရ တရားခံအား စက်ရှင်ရုံးက အာမခံပေးထားသည့်အမိန့်ကို ဝင်ရောက်စွက်ဖက် နိုင်သည်။ သေဒဏ်၊ တစ်ကျွန်းဒဏ်ပေးနိုင်သည့်အမှုတွင် အလွန်ထူးခြားသည့် အကြောင်းများရှိသည့်အခါမှတစ်ပါး တရားရုံးက အာမခံပေးမည်မဟုတ်။ (The Union of Myanmar V. U Khin Maung. 1949, BLR, HC, 657)

(၆) အာမခံလျှောက်ထားမှုကို စဉ်းစားရာ၌ သက်သေခံအချက်အလက်များအရ စွဲချက်တင်ထားသော ပြစ်မှုများအတွက် အပြစ်ရှိကြောင်းယုံကြည်ရန် အကြောင်းရှိ/မရှိ ကိုလည်း စဉ်းစားရသည်။ ပုဒ်မ၄၉၈ အရတရားလွှတ်တော်သည် သေဒဏ်၊ တစ်ကျွန်းဒဏ်ထိုက်သင့်သည့် ပြစ်မှုများတွင် အလွန်ထူးခြားသည့် အခြေအနေရှိမှသာ အာမခံပေးရန် ဖြစ်သည်။ (U Hla Myint V. The Union of Myanmar 1851 BLR. HC, 56)

အာမခံဆိုင်ရာ အခြားစီရင်ထုံးများ

(၁) အမှုစစ်တရားသူကြီးသည် အထက်ရုံးကပေးထားသော အာမခံကို ပယ်ဖျက်ပိုင်ခွင့်အာဏာမရှိ။ အာမခံပေးသင့်၊ မပေးသင့်တွင် ရောဂါအမျိုးအစား၊ ဆေးရုံ၌ကုသနိုင်သည့် အခွင့်အလမ်းရှိ/မရှိ။ ၎င်း၏ဂုဏ်သရေ၊ ထွက်ပြေး တိမ်းရှောင်မည့်သူမဟုတ်ခြင်း၊ ရုံးချိန်းတိုင်းလာနိုင်သည့် အခြေအနေရှိခြင်းတို့ကို အာမခံပေးရာ၌ ထည့်သွင်းစဉ်းစားနိုင်သည်။ (U Maung Maung V. The Union of Myanmar. 1949, BLR. HC, 503)

 (၂) တရားရုံးများလက်စွဲ၌ပါရှိသော ညွှန်ကြားချက်များ သည် အက်ဥပဒေကဲ့သို့ အာဏာမရှိအာမခံမပေးနိုင်သော အမှုများ၌ စွဲချက်တင်ပြီးနောက် အာမခံဖြင့်လွှတ်ထားသော တရားခံကိုပြန်လည်ဖမ်းဆီးရန် တရားရုံးလက်စွဲပါ ညွှန်ကြားချက်သည် တရားခံကိုထွက်ပြေးခြင်းမှ ကာကွယ်ရန်နှင့် ဥပဒေနှင့်မညီသော အပြုအမူများမှ လုံခြုံမှုရှိစေရန် အုပ်ချုပ်ရေးအရဖြစ်သည်။ (The Union of Myanmar. V.Mr Bernard and four other. 1958, BLR, HC, 43)

(၃) တရားခံနှင့် အာမခံသူတို့သည် တရားရုံးက သက်သေခံပစ္စည်းတင်ပြရန်ညွှန်ကြားလျှင် အချိန်မရွေး တင်ပြရန် တာဝန်ရှိပြီး တင်ပြရန်ပျက်ကွက်လျှင် ၎င်းတို့၏ တာဝန်သာ ဖြစ်သည်။ ဤသို့ပျက်ကွက်သဖြင့် တရားခံ၏ အကျိုးဆောင်အား အမှုလိုက်ပါခွင့်ပိတ်ပင်ရန် မဟုတ်။ တရားလွှတ်တော်ရှေ့နေတစ်ဦး ထားရှိသင့်သည့် ကျင့်ဝတ်ဖောက်ဖျက်ပါက တရားလွှတ်တော်ရှေ့နေများ ကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီသာလျှင် လိုအပ်သလို ဆောင်ရွက်ရန်ဖြစ်သည်။ (ဒေါ်အမာနှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်ပါ ။ ၁၉၈၃၊ မတစ၊ ၁၄၄)

(၄) အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည) အမှုကို ရန်ကုန်တိုင်း တရားရုံးက မူလအမှုဖြင့် စစ်ဆေးပြီးနောက် လမ်းမတော်မြို့နယ် တရားရုံးသို့ လွှဲပြောင်းပေးပို့ခဲ့သော အမှုဖြစ်သည်။ ဤအမှုတွင် တိုင်းတရားရုံးက တရားခံအား ခံဝန်ပေးခဲ့သောအမိန့်သည် ထိုအမှု မြို့နယ်ရုံးသို့ ရောက်ရှိသွားသည်နှင့် ပျက်ပြယ်သွားပြီး ခံဝန်ချုပ်အသစ် ပြန်လည်ချုပ်ဆိုရမည်ဖြစ်သည်။ (ဒေါ်ရှုရင် (ခ) ဒေါ်အေးအေးမြင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၊ ၁၉၈၉၊ မတစ၊ (၃၀)

(၅) တရားသူကြီးသည် အာမခံပေးခွင့်မရသောအမှုကို အမှုအတွင်း အချုပ်လွတ်ထုချေခွင့်ပြုရာ၌ ပုဒ်မ ၄၉၇ (၃)အရ အချုပ်လွတ်ထုချေ ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ကျိုးကြောင်းဖော်ပြပြီး မလွဲမသွေမှတ်တမ်း တင်ရမည်ဖြစ်ပါလျက် ယင်းအချက်များကို မျက်ကွယ်ပြု၍ အမိန့်ချမှတ်ခြင်းမှာ ပေါ့ဆလွန်းရာ ရောက်နေသည်။ (ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နောင်တောင်၊ ၁၉၉၂၊ မတစ၊ ၃၃)

(၆) စက်ရှင်တရားသူကြီးသည် မိမိပေးလိုက်သော အာမခံကို ပုဒ်မ ၄၉၈ အရ ဖျက်သိမ်းနိုင်သော အာဏာမရှိ။ တောင်းသောအာမခံကို လျှော့နိုင်သည့်အာဏာရှိသည်။ တရားရုံးချုပ်သည် ပုဒ်မ ၅၆၁ - ကပါ မူလဘူတ အာဏာအရ မိမိပေးလိုက်သော အာမခံကို မိမိဖျက်သိမ်း နိုင်သည်။ ထို့ပြင် ပုဒ်မ ၄၉၇ (၅)အရ အောက်ရုံးက အာမခံပေးထား သည်ကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အာဏာရှိသည်။ ပုဒ်မ ၄၉၇ (၅) သည် ပုဒ်မ ၄၉၈ အရ လွှတ်ထားသော တရားခံများနှင့် အကျုံးမဝင်။ (U Ohn Kyaw, Maung Saw Maung and one and Maung Ba Sein V. The Union of Myanmar. 1962.BLR, CC, 511) (၇) တရားခံအား ရမန်ပေးသောတရားသူကြီးထံ အာမခံလျှောက်ထားရန် အပယ်ခံရသဖြင့် အထက်ရုံးသို့ လျှောက်ထားသည်။ ထိုစဉ် အမှုတွဲကို တရားရုံးသို့ တင်ပို့လိုက်ပြီးနောက် ထိုအမှုတွဲကို တရားရုံး ချုပ်ကခေါ်ယူ၍ တင်ပြလိုက်သည့်အချိန်တွင် တရားခံက အာမခံလျှောက်လွှာကို တရားရုံးချုပ်သို့ တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမှုစစ် ရုံးက အာမခံလျှောက်လွှာကို ပယ်သည့်အမိန့်အပေါ် ပုဒ်မ ၄၉၈ အရ အာမခံပေးနိုင်သည်ဖြစ်၍ လျှောက်လွှာကို ပယ်လိုက်သည်။ (U Ohn Myint V. The Union of Myanmar 1963, BLR, CC, 246)

အထက်ပါ အာမခံဆိုင်ရာ စီရင်ထုံးများသည် ရှေ့နေ၊ ရှေ့ရပ်များ၊ တရားသူကြီးများအဖို့ လေ့လာသင့်သော စီရင်ထုံးများဖြစ်ပါသည်။ ရှေ့နေဆိုသည်မှာ အာမခံပေးသင့်ကြောင်း တရားခံဘက်မှနေ၍ လျှောက်ထားရသူများရှိသလို အာမခံမပေးသင့်ကြောင်း တရားလိုဘက်မှ လျှောက်ထားရသူများလည်းရှိပါသည်။ သို့ဖြစ်၍ တရားရုံး၌ လျှောက်လဲချက်များ ရေးသားတင်ပြသည့်အခါ မိမိတို့၏ အာမခံလျှောက်ထားလွှာ၌ အကိုးအကားလမ်းညွှန်စီရင်ထုံးအဖြစ် ထည့်သွင်း အသုံးပြုနိုင်ရန် ဖော်ပြအပ်ပါသည်။ ထို့အတူတရားသူကြီးများအနေဖြင့် မိမိရှေ့မှောက်သို့ ရောက်ရှိလာသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ ( အာမခံ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရာတွင် အခြေခံအားဖြင့် ထည့်သွင်းဆုံးဖြတ်နိုင်ရန်လည်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

ရာဇဝတ်မှုခင်းများ၌ စွပ်စွဲခံရသူတရားခံများသည် အာမခံရသင့်ပါလျက် မရရှိပါက အလွန်ပင်နစ်နာလှပါသည်။

အာမခံပေးခြင်းသည် အစဉ်အလာနည်းဥပဒေဖြစ်၍ ငြင်းပယ်ခြင်းမှာ ခြွင်းချက်ဖြစ်သည် (the grant of bail is the Rule and refusalis an exception) ဟူသောမူကို တရားရုံးများက အဓိကကိုင်စွဲ၍ အာမခံ ပေးသင့်၊ မပေးသင့်ကို တရားမျှတစွာ ဆုံးဖြတ်နိုင်ရန် တရားမျှတရေးကို အခြေခံ၍ တင်ပြအပ်ပါသည်။ ။

ဉီးအောင်စိုးဉီး