စိန်ခေါ်မှုကိုဖြတ်သန်း ရှေ့သို့တက်လှမ်း

 

 

“ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့လှမ်းမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုတဲ့အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူ လူထုအကျိုးကို ရှေးရှုပြီးပိုမိုကောင်းမွန်တဲ့  နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း တိုင်းရင်းသားပြည်သူလူထုကို အသိပေး ပြောကြားလိုပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာရှိတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်”

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈) လပြည့် နိုင်ငံ တော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားခဲ့သည့် အထက်ပါမိန့်ခွန်း ကောက်နုတ်ချက်တစ်ခုကို ပြန်လည်ဆင်ခြင် သုံးသပ်ကြည့်လျှင် နိုင်ငံတော်၏ရည်မှန်းချက်၊ ပကတိဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့် ရှေ့သို့ဆက်လက်တက်လှမ်း ကြိုးပမ်းစွမ်းဆောင်ရမည် တို့ကို ပေါ်လွင်ထင်ရှားစွာ မြင်တွေ့သိရှိလာမည်ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို စတင်တာဝန်ယူ ဆောင်ရွက်သည့်အချိန်မှစ၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးကို ရှေးရှုပြီး နိုင်ငံတော်ကို ပိုမိုကောင်းမွန်လာစေရန်အတွက် ပြည်သူလူထု၏ဆန္ဒနှင့် မျှော်လင့်ချက်ဖြစ်သည့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာအောင် ပြန်လည်တည်ဆောက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ ဒီမိုကရေစီ အစိုးရနှစ်ဆက်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ တတိယသက်တမ်းသို့ ကူးပြောင်းသောအခါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီ စံနှုန်းများနှင့်ဆန့်ကျင်သည့် မရိုးမသားလုပ်ဆောင်မှုများရှိခဲ့သောကြောင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ပြန်လည်တည့်မတ်ဆောင်ရွက်ပေးနေသည်။

 

တစ်ချိန်တည်းတွင် တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှု၍ ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို တည်ဆောက်ပေးလျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို သယ်ပိုးထမ်းရွက်ရာ၌ အဖျက်အမှောင့် အန္တရာယ်မျိုးစုံနှင့် စိန်ခေါ်မှုများစွာတို့ကို ကျော်ဖြတ်ခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စိန်ခေါ်မှုများကို ကြီးကြီးမားမားရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး မြန်မာနိုင်ငံ အပါအဝင် ကျရောက်နေသော အချိန်ကာလနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြန်လည်တည့်မတ်ပေးနေသောအချိန်ကာလများ၌ စိန်ခေါ်မှုများကို တစ်ပြိုင်တည်း ကျော်ဖြတ်နိုင်ခဲ့သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မဆုတ်မနစ်သော စွမ်းပကားများနှင့် ပြည်သူလူထု၏ အသိတရားဖြင့် ပူးပေါင်းလက်တွဲပါဝင် ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲထိခိုက်မှုများကြောင့် ပြည်သူလူထု၏ လူမှုစီးပွား အခြေအနေများ ပုံမှန်ပြန်လည်တည့်မတ်လာအောင် ပြတ်သားသောဆုံးဖြတ်ချက်နှင့် ထိရောက်သော ကူညီဆောင်ရွက်မှုများပေးခဲ့သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်သည်။ မျက်မှောက်ကာလသည် စိန်ရတုပြည်ထောင်စုနေ့နှင့် စိန်ရတု လွတ်လပ်ရေးနေ့ကာလ ဖြစ်သဖြင့် ထူးခြားသည့်ထိုကာလ၌ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်အောင် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိသည်။

 

နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကို မမှိတ်မသုန် ဆောင်ရွက်ပေးနေချိန်၊ စည်းကမ်းပြည့်ဝပြီး လွတ်လပ်၍ တရားမျှတမှု ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင် ဖန်တီးပေးနေချိန်တွင် ပြည်တွင်း/ပြည်ပ အဖျက်အမှောင့်များ၏ နှောင့်ယှက် တိုက်ခိုက်မှုများကိုလည်း ဖယ်ရှားရှင်းလင်းနေရသည်။ နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူအကျိုးကို စွမ်းအားပြည့် သယ်ပိုးထမ်းဆောင်မှုများသည် နှစ်နှစ်တာကာလ အချိန်တိုအတွင်း သိသာထင်ရှားသော အောင်မြင်တိုးတက်မှုများရရှိ လာခဲ့ပေသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက်ရာ၌ ပြည်တွင်း/ ပြည်ပအဖျက်အမှောင့်အနှောင့်အယှက်များကို ရှင်းလင်းဖယ်ရှားနိုင်စွမ်း ရှိသရွေ့ အောင်မြင်မှုများလည်း အလျင်အမြန်တိုးတက်ရရှိလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝများကို ပိုမိုတည်ဆောက်ပေးနိုင်ရန်အတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ