စိတ်အေးချမ်းသာစီးနင်းစရာ ရန်ကုန်အဝါရောင်ကျောင်းကားလေးပါ

ရှင်နော်၊ ဓာတ်ပုံ- ထိန်လင်း

ရန်ကုန်မြို့တော်ကြီးဟာတစ်နေ့နဲ့ တစ်နေ့မတူညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထင်သာအမြင်သာဆုံးဖြစ်တဲ့ ကားဟောင်းကြီးတွေကနေ ကားသစ်ကြီးတွေအဖြစ် ပြောင်းလဲသွား တာ၊ အကိုင်းအခက် အရွက်အလက်တို့နဲ့ ဖုံးလွှမ်းနေတဲ့ အများပြည်သူသုံး ပန်းခြံကြီးများဘဝကနေ မြက်ခင်းစိမ်းစိမ်း ဝင်ကြေးအခမဲ့နဲ့ စိတ်ကြည်နူးစရာ မြင်ကွင်းအဖုံဖုံကိုပေးစွမ်းနိုင်တဲ့ ပန်းခြံများအဖြစ် ပြောင်းလဲသွားတာတွေ၊ မိုးရွာစဉ်ရေပြည့်နေတဲ့ လမ်းဆုံကြီးတွေမှာ ရေဖုံးလွှမ်းမှုတွေ မတွေ့ရတော့တာတွေက မြို့တော်ရန်ကုန်ရဲ့ ပြောင်းလဲမှုအပိုင်းအစတွေပဲ ဖြစ်ပါတယ်။

အဝါရောင်ကျောင်းကားများ

ဒီလိုပြောင်းလဲမှုအပိုင်းအစတွေကို နေ့စဉ်ရက်ဆက် စောင့်ကြည့်နေခဲ့ရာမှာ အမှတ်တမဲ့ မကြည့်ဖြစ်ခဲ့တဲ့ ပြောင်းလဲမှုများလဲပါဝင်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း အခြေခံကျောင်းများ ဖွင့်ချိန်မှာ ကျောင်းသားကျောင်းသူလေးများရဲ့ ကျောင်းတက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ဂရုတစိုက်ရေးသားလာခဲ့ပေမယ့် ဒီနှစ်မှာတော့ သတိမမူဖြစ်ခဲ့ပါဘူး။ စာရေးသူအနေနဲ့ စတင်သတိထားမိတဲ့အချက်ကတော့ ကျောင်းသား ကျောင်းသူလေးများကို ယခင်လိုလမ်းပေါ်မှာ မတွေ့ရတော့တဲ့ အခြေအနေ တစ်ရပ်ပါပဲ။ သတိတရနဲ့ စုံစမ်းမိတဲ့အခါမှာကျောင်း တက်ချိန်များ ပြောင်းလဲထားတယ်လို့ သိရပါတယ်။ နောက်တစ်ခုထူးခြားတာကတော့ ကျောင်းကားများပါ။ ကျောင်းကားများကို ပုဂ္ဂလိကပိုင် အဝါရောင်ကျောင်းကားများ တွေ့ မြင်ရသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး  ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တာဝန်ယူ ပြေးဆွဲပေးနေတဲ့ ကျောင်းကားများကိုလည်း တွေ့ မြင်ရပါတယ်။

တိုက်ဆိုင်မှုလို့ပဲဆိုရမှာပါ။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ (၄/၂၀၁၉) ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်း ပွဲမှာ YRTA ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်တဲ့ ဦးအောင်ညီညီမော်က အဝါရောင်ကျောင်းကားများကိစ္စနဲ့ ပတ်သက်ပြီး အခုလိုရှင်းလင်းပြောကြား ခဲ့ပါတယ်။

ကျောင်းကားတွေတိုးချဲ့ပေးဖို့ စီစဉ်

“ကျွန်တော်တို့အနေနဲ့ ကျောင်းကားအရေအတွက်ကို ထပ်မံတိုးချဲ့သွားဖို့ ရှိပါတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ ကျောင်း ၁၂ ကျောင်းအပြင် ထပ်မံတောင်းခံလာတဲ့ ကျောင်းတွေ အပေါ်မှာလည်း ညှိနှိုင်းပြီး ဆောင်ရွက်သွားဖို့ အခြေအနေရှိပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ကျောင်း ၁၂ ကျောင်းမှာမှ တစ်နေ့တစ်နေ့ ပိုမိုတိုးလာနေတဲ့ ကျောင်းသား အရေအတွက်ကို ကျွန်တော်တို့ကျောင်းကားပေးနိုင်ရေး စနည်းနာတဲ့ အခြေအနေရှိပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့က ကျောင်းကားရဲ့ လမ်းကြောင်းပေါ်မှာမူတည်ပြီး အစီးရေကိုခွဲပြီးတော့ ထပ်မံပြေးဆွဲပေးဖို့ လက်ရှိပြေးဆွဲနေတဲ့ ကျောင်းတွေနဲ့ စီစဉ်ဆောင်ရွက်နေတာရှိသလို နောက်ထပ်အခြားကျောင်းကို ဥပမာ- မြို့ထဲက ကျောင်းတွေကလည်း ကျွန်တော်တို့ဘက်ကို ပြန်ပြီးပြောလာတာတွေ ရှိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့အနေနဲ့ ကနဦးကျောင်းမှာ သွားရောက်ပြီး ဆွေးနွေးပါ့မယ်။ ပြီးရင်ကျောင်းသားအရေ အတွက်ရယ်၊ ပြေးဆွဲပေးရမယ့် လမ်းကြောင်း ဧရိယာရယ် သတ်မှတ်ပေးပြီးတဲ့အခါကျရင် ဒီလုပ်ငန်းကိုရှေ့ ဆက်တိုးချဲ့သွားဖို့ အစီအစဉ်ရှိပါတယ်။

ကျောင်းကားကို စီးနင်းလိုက်ပါလာတဲ့ ကျောင်းသား ကျောင်းသူများရဲ့ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေးအတွက်ကိုလည်း နည်းပညာ အသုံးပြုတဲ့ အခြေအနေတွေကို တိုးမြှင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီနေရာမှာသုံးစွဲသွား နိုင်မယ့် ကျောင်းကားပေါ်မှာသွားမယ့် ကတ်စနစ်ကိုလည်း ဒီထက်ပိုမိုကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီးတော့ ကတ်စနစ်မှာအသုံးပြုမယ့် သတင်းအချက်အလက်တွေကိုလည်း ကျောင်းသားတွေရဲ့ မိဘအုပ်ထိန်းသူများထံ ပေးပို့ကောက်ခံသွားဖို့ အစီအစဉ်များကိုလည်း လက်ရှိဆောင်ရွက်လျက် ရှိပါတယ်။ ဒါကို ဒီလအတွင်းမှာ ပေးပို့ ဆောင်ရွက်သွားမှာဖြစ်ပြီး သတင်းအချက်အလက် ကောက်ယူပြီးတာနဲ့ တစ်ပြိုင်နက်တည်းမှာ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းကားကို အတက်အဆင်းမှာပါ အသုံးပြုနိုင်မယ့် စမတ်ကတ်စနစ်နဲ့သွားမှာ ဖြစ်ပါတယ်။

ကျောင်းကားစီးမှု အတက်အဆင်းသိနိုင်

ဒါဆိုရင် ဒီကျောင်းကားကို စီးနင်းလိုက်ပါလာမယ့် ကျောင်းသားကျောင်းသူများရဲ့ ကျောင်းကားပေါ် အတက်အဆင်းအချိန်တွေကိုလည်း မိဘများဟာ မိုဘိုင်းအက်ပလီကေးရှင်းကနေတစ်ဆင့် သိရှိရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီကိုလည်း ပြောကြားထားပြီးဖြစ်ပါတယ်။ အဓိကအချက်အလက်ကတော့ ကျောင်းသားရဲ့ ကိုယ်ရေးအချက်အလက်ကို ဒီကတ်ထဲမှာ ထည့်သွင်းဖို့ရှိပါတယ်။ ဒါမှလည်း ဘယ်ကျောင်းသား၊ ဘယ်ကားပေါ်မှာ၊ ဘယ်အချိန်လိုက်ပါတယ်။ ဘယ်အချိန်စီးနင်းတယ်။ ဘယ်အချိန်ပြန်ဆင်းသွားတယ် ဒါကို အတိအကျ သိရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကို ဒီလအတွင်းမှာအချက်အလက်တွေ ကောက်ယူပြီး လို့ရှိရင် မကြာခင်ကာလအတွင်းမှာ စတင်ဆောင် ရွက်ပါမယ်။ စက်ပစ္စည်း ကိရိယာတွေအနေနဲ့က ကျောင်းကားတွေပေါ်မှာ စီစီတီဗွီအပါအဝင်၊ အတက်အဆင်း ဖတ်နိုင်တဲ့ ျွနေိနမ တွေဟာ မနှစ်ကတည်းကတပ်ဆင်ပြီးဖြစ်ပါတယ်။ ကျောင်း သားလေးတွေ အသုံးပြုမယ့်ကတ်ကို ပုံစံရေးဆွဲပြီး ဖြစ်ပါတယ်။ အဲဒီအတွက် အချက်အလက်ကို ကနဦးကောက်ယူပါမယ်။ ကောက်ယူပြီးစတင်သုံး စွဲမယ့်အခြေအနေကိုလည်း ပြန်ပြီးပြောပါမယ်။ အက်ပလီကေးရှင်းသုံးတဲ့အခါမှာ အသုံးပြုမှုကိစ္စ ရပ်တွေကို လွယ်ကူအောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီကိုဆက်သွယ်ပြီး မေးမြန်းလာရင် ဖြေကြားနိုင်အောင် စီမံဆောင်ရွက်ပေးထားမှုရှိပါတယ်။ ဒါမှကျောင်းသားမိဘ တစ်ယောက်က ဒီအက်ပလီ ကေးရှင်းကို ဘယ်လိုအသုံးပြုရမလဲလို့ မေးတဲ့အခါမှာ လွယ်လင့်တကူပြောနိုင်မှာပါ။ လိုအပ်ရင် အသုံးပြုမှု လမ်းညွှန်တွေကိုလည်း ပေးပို့ဆောင် ရွက်သွားဖို့ရှိပါတယ်။ ဒါက ကျွန်တော့်အနေနဲ့ ကျောင်းကားပေါ်မှာ အသုံးပြုနေတဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတင်ပြခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် အဝါရောင်ကျောင်းကားများဟာ လိုအပ်နေဆဲပါ။ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးနည်းပညာ အဆင့်မြှင့်ထားတဲ့ အဝါရောင် ကျောင်းကားများ အစီးရေတိုးပွားလာမှသာ ကိုယ်ပိုင်ကားနဲ့ ကျောင်းလာတက်သူတွေ၊ ကျောင်းသားဦးရေ အနည်းငယ်နဲ့ ပြေးဆွဲနေတဲ့ ကျောင်းကားတွေ လျော့ပါးသွားမှာပါ။ ကားအစီးရေနည်းသွားလို့ လမ်းပေါ်မှာ ယာဉ်ကြောကျပ်တည်းမှု နည်းသွားသလို၊ လုံခြုံရေးနည်းပညာ အဆင့်မြှင့်တင်ထားတဲ့ စမတ်ကတ်များကြောင့် လုပ်ငန်းခွင်ဝင်နေရတဲ့ မိဘများအနေနဲ့လည်း ကျောင်းသားကျောင်းသူများအတွက် တစ်ဖက်တစ်လမ်းက စိတ်အေးရမှာဖြစ်ပါတယ်။ လက်ရှိမှာ ကျောင်းကား ၉၈ စီးနဲ့ ကျောင်းသားဦးရေ ၁၈၀ဝ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ ရန်ကုန် စာမျက်နှာမှာ ရန်ကုန်ကျောင်းသား ကျောင်း သူလေးများ လုံခြုံစိတ်ချအဆင်ပြေချောမွေ့ စွာ သွားလာနိုင်ရေးဆောင်ရွက်ပေးနေတဲ့ YRTA အဖွဲ့ ကြီးအား ရန်ကုန်ကျောင်းကား အစီအစဉ်ကို ရှေ့ဆက်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြု ပြောပါရစေ။

မြန်မာ့အလင်း