စိတ်ခွန်အားဖြင့် ကိုဗစ်-၁၉ ကို တာဝန်ကိုယ်စီပါဝင်ကူညီ တိုက်ထုတ်မည်

ဒေါက်တာအေးမြတ်လွင်(ဟင်္သာတ)

ကျွန်မတို့ ငယ်ငယ်က စာသင်တဲ့အထဲမှာ “ပေါက်ပင် ဘာလို့ ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်၊ ဗျိုင်းဘာလို့ နားရတယ်၊ ငါးပေါ်လို့ နားရတယ်၊ ငါးဘာလို့ ပေါ်ရတယ်။ ကျွဲလူးလို့ပေါ်ရတယ်၊ ကျွဲဘာလို့ လူးရတယ်၊ ဖြုတ်ကိုက်လို့ လူးရတယ်” ဆိုတဲ့ ကဗျာလေးလိုပါပဲ။ ခုချိန်မှာ ကပ်ရောဂါအသွင် ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနဲ့ ပတ်သက်လို့ ကြည့်ရင်လည်း အကြောင်းကြောင်းကြောင့် ပေါ်လာတဲ့ရလဒ်ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ ကိုယ်လိုက်နာကျင့်သုံးရမယ့် အပေါ်မှာထားတဲ့ ကိုယ်ခံယူတဲ့ အတွေးအခေါ်၊ ကိုယ်တန်ဖိုး ထားသလောက်သာ ပြဋ္ဌာန်းတဲ့ အပြုအမူပုံစံတွေ၊ ကာကွယ်ရန်အတွက် သန့်ရှင်းသော လူနေမှုပုံစံအမျိုးမျိုးတို့ကို အကြောင်းပြုလို့ ဆင့်ကဲဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကူးစက်မှုကလည်း မြန်ဆန်သလို၊ လူတိုင်းမှာ စိတ်ဖိစီးမှု တွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

 

သည် ကပ်ရောဂါနဲ့ ပတ်သက်လာရင် သံသယ အရှိခံရသူ၊ ပိုးတွေ့သူ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ စောင့်ရှောက်မှု ပေးသူအားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်မှာ နေထိုင်နေသူတွေ၊ ပြည်သူလူထု အားလုံးတွေမှာ စိုးရိမ်ကြောက်လန့်တာတွေ၊ ထိတ်လန့်တာတွေ၊ ပူဆွေးသောက ရောက်ကြရတာတွေ၊ တုန်လှုပ်ချောက်ချား ကြရတာတွေ၊ လမ်းစပျောက်ကြရတာတွေ၊ စသဖြင့် ဖြစ်ပေါ်ခံစားကြရပါတယ်။

 

တစ်ခါမှ မကြားဖူးတဲ့ ကူးစက်မြန်ရောဂါလည်းဖြစ်၊ ကပ်ရောဂါလည်း ဖြစ်တဲ့အတွက် လူတွေရဲ့ ပုံမှန်နေထိုင်မှုကို ပြုပြင်ပြောင်းလဲရတဲ့ အပေါ်မှာပဲဖြစ်ဖြစ်၊ သတင်းမျိုးစုံ ကြားရကြည့်ရတဲ့အပေါ် လိုက်ပါတွေးတောလာတဲ့ အခါမှာပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ ရှိလာကြတာကို တွေ့မြင်နေရပါတယ်။

 

စိတ်ခွန်အားပေးရန် ဆောင်ရွက်ကြခြင်း

ဘယ်အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ်၊ ယခု ကိုဗစ်-၁၉ မှာပဲဖြစ်ဖြစ် ပေါ်လာတဲ့ သည်စိတ်ဖိစီးမှုတွေ ကလည်း ဝုန်းခနဲ တောက်လောင် ဖိစီးမှုတွေရှိကြသလို၊ တမြည့်မြည့် တောက်လောင်နေသူတွေလည်း ရှိကြပါတယ်။ ရေတို၊ ရေရှည် ခံစားကြရပါတယ်။ ယခုအခါ အားပေးကူညီပေးသူနဲ့ ကူညီခံရသူကြားမှာ နီးကပ်နွေးထွေးစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အကာအကွယ်တွေ မပါမဖြစ် အသုံးပြုဆောင်ရွက်လာကြရပါတယ်။ တယ်လီဖုန်းနဲ့ အားပေးရတာတွေလည်း ရှိလာပါတယ်။

 

ဒါကြောင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကို ကမ္ဘာနဲ့အဝန်း၊ နိုင်ငံနဲ့အဝန်းမှာ ကာကွယ်ထိန်းချုပ်တားဆီးရေး လုပ်ငန်းတွေကို ဘက်စုံထောင့်စုံကနေ အရှိန်အဟုန်မြှင့်ပြီး တာဝန်ရှိသူတွေက ကျရာတာဝန်ကို မညည်းမညူနဲ့ ထမ်းဆောင်ကြချိန်မှာ လူတိုင်းနီးပါးရဲ့ စိတ်သောကတွေ၊ လူမှုရေးအခက်အခဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးစောင့်ရှောက်သူတွေက စနစ်တကျ နှစ်သိမ့်အားပေးမှုတွေလည်း ပါဝင်နေပါတယ်။

 

ကျွန်မတို့နိုင်ငံမှာ ခေါင်းစဉ်ပေါင်းများစွာနဲ့ စိတ်လူမှု ထောက်ပံ့သူတွေ၊ ကောင်ဆယ်လာတွေကို မွေးထုတ်ခဲ့ကြသလို သင်တန်းရပြီးတဲ့အခါမှာလည်း သက်ဆိုင်ရာ အခက်အခဲမျိုးစုံ၊ စိတ်ခံစားချက်မျိုးစုံအတွက် နေရာအနှံ့မှာ စနစ်တကျ အားပေးဆောင်ရွက်နေကြပါတယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတွေက စိတ်လူမှုစောင့်ရှောက်ရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ကြပါတယ်။ ကျန်းမာရေးနယ်ပယ်မှာ အေအိုင်ဒီအက်စ်ကစလို့ မျိုးဆက်ပွား ကျန်းမာရေးအတွက် စိတ်ကျန်းမာရေးအတွက်၊ တီဘီရောဂါအတွက်၊ ကင်ဆာရောဂါအတွက်၊ မူးယစ်ဆေးဖြတ်ဖို့အတွက် စသဖြင့်တွေကို အပြုအမူပြောင်းလဲခြင်းတွေပါဝင်တဲ့ စိတ်လူမှုထောက်ပံ့မှုတွေကို လုပ်ဆောင်ခဲ့ရာမှာ ယခုလည်း ကိုဗစ်-၁၉ အတွက် ဆက်လက်ဆောင်ရွက်နေကြပါတယ်။

 

သည်လိုပါပဲ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာလည်း ဖြစ်ရပ်စီမံခန့်ခွဲသူ ဝန်ထမ်းများဟာ အကြမ်းဖက်ခံရသူတွေ၊ လူကုန်ကူးခံရသူတွေ၊ ဘေးအန္တရာယ်မျိုးစုံ ကျရောက်ခံရသူတွေ၊ ဆယ်ကျော်သက်ဆိုင်ရာ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာတွေ အားလုံးအတွက် စိတ်လူမှု စောင့်ရှောက်ခြင်း၊ အားပေးကူညီခြင်း၊ ကောင်းဆဲလင်း ပြုလုပ်ခြင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေကြပါတယ်။

 

အစိုးရဌာနတွေအပြင် သက်ဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ လူမှုရေး အသင်းအဖွဲ့တွေ၊ ပြည်သူလူထုအခြေပြု လူမှုရေး အသင်းအဖွဲ့တွေကလည်း စိတ်လူမှု အားပေးခြင်း၊ ကောင်းဆဲလင်း ပြုလုပ်ခြင်းတွေအတွက် လိုအပ်တဲ့သင်တန်းတွေပေးပြီး လိုအပ်တဲ့နေရာတွေကို အချိန်နဲ့ တစ်ပြေးညီ အားဖြည့်နိုင်ခဲ့ကြ ပါတယ်။ နေရာဒေသတိုင်းမှာ ကြီးငယ်မဟူ လိုအပ်သူတွေကို လိုအပ်တဲ့အချိန်အခါတိုင်းမှာ စောင့်ရှောက်အားပေး နေကြပါတယ်။

 

လေ့ကျင့်ဆွေးနွေးသည့်ပုံစံ ပြောင်းလဲခြင်း

ယခုလည်း သည်ရောဂါ ကပ်ဆိုးကြီးပေါ်ပေါက်လာတဲ့အခါ ဘက်စုံထောင့်စုံက ကိုယ်စွမ်းရှိသမျှ။ ဉာဏ်စွမ်းရှိသမျှ။ တာဝန်ရှိသူများက ဆောင်ရွက်နေကြလို့ ပြည်သူတွေအနေနဲ့ ရောဂါပိုးအကြောင်းကို သိလာကြပါတယ်။ ဘယ်လို ကူးစက်တတ်တယ် ဆိုတာကိုလည်း တော်တော်များများ သိရှိနေကြပြီးဖြစ်ပါတယ်။

 

အလုပ်လုပ်ရင်း ရင်ဆိုင်ရင်းနဲ့ပဲ စိတ်ပူပင်မှုတွေ၊ စိတ်ဖိစီးမှုတွေဟာ တာဝန်သိသူ၊ တာဝန်ယူသူတွေ အပါအဝင် ပြည်သူတွေကြားမှာ ခိုအောင်းတွယ်ကပ်နေကြပါတယ်။

 

ကျွန်မက နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ စိတ်လူမှုထောက်ပံ့တဲ့ အလုပ်တွေကို အဖွဲ့အစည်း တော်တော်များများနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်နေသူဖြစ်ပါတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး အကြောင်းအရာတွေ ပြောင်းတိုင်း (အေအိုင်ဒီအက်စ်၊ မျိုးဆက်ပွား၊ အကြမ်းဖက်၊ လူကုန်ကူး၊ သဘာဝဘေး စသည်ဖြင့်) ကို နည်းဗျူဟာ၊ နည်းပညာ နည်းစနစ် စသည်တို့ကို ကိုက်ညီတဲ့ပုံစံတွေကို ရည်ညွှန်းကိုးကားချက်များစွာနဲ့ အမှားမပါအောင်၊ အကျိုးသက်ရောက်မှု များအောင် ပြန်ပြောင်းဖန်တီးရပါတယ်။

 

ယခင်က လေ့ကျင့်ဆွေးနွေးပေးတဲ့ပုံနဲ့ ယခု ကိုဗစ်၁၉ ဆိုင်ရာ စိတ်လူမှုသင်တန်းပေးနိုင်ဖို့ကို လေ့ကျင့် ဆွေးနွေးပေးတဲ့ ပုံစံတွေကို ပြင်ဆင်ရာမှာ ကူးစက်မြန် ရောဂါရဲ့ သဘောသဘာဝ၊ တွေ့ကြုံရတဲ့ စိတ်ဖိစီးမှု အခက်အခဲတွေအပေါ် မူတည်လို့ လေ့ကျင့်ပုံ၊ လုပ်ဆောင်ပုံတွေ လည်း အထူးပြုမှုတွေ လုပ်ဆောင်ရပါတယ်။

 

ယခုအခါမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီး အသီးသီး၊ ပြည်နယ်အသီးသီးမှ ဝန်ထမ်း ၆၄ ဦး ကို အွန်လိုင်းသင်တန်းပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လမ်းညွှန်မှုပေးခဲ့ပြီး လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အစီအမံနဲ့ ကိုဗစ်- ၁၉ ဆိုင်ရာ စိတ်လူမှုအားပေးထောက်ပံ့ခြင်း၊ ကောင်းဆဲလင်းအခြေခံသဘောတရား၊ တယ်လီဖုန်း ကောင်းဆဲလင်း အကြောင်းတွေ အပြင် အချင်းချင်း ပြန်လည်စောင့်ရှောက်နိုင်ရန်ပါထည့်သွင်းပြီး အွန်လိုင်းသင်တန်းနဲ့ ကျွန်မတို့ လေ့ကျင့်ဆွေးနွေး အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

 

ကျွန်မတို့ အားလုံးအတွက် အချိန်တိုကာလအတွင်း Zoom application ကို အသုံးပြုနိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းတို့ရဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ သတင်းအချက်အလက် ဆက်သွယ်ရေး သင်ကြားလေ့ကျင့်ရေးစင်တာ၏ နည်းပညာပံ့ပိုးမှုတွေကို ရယူရပါတယ်။

 

ဘာသာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေးနိုင်မယ့် ဗျူဟာ၊ ပြန်လည်ဆင့်ပွားနိုင်အောင် လုပ်ဆောင်ရမယ့် နည်းလမ်းများ၊ တယ်လီဖုန်းနဲ့ အားပေးတတ်အောင်လေ့ကျင့်တဲ့ အစီအစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါ နိုင်ငံနှင့်အဝန်းအတွက် စိတ်လူမှုထောက်ပံ့ခြင်းတွေကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအနေနဲ့လည်း ကိုဗစ်-၁၉ ဖြစ်ပြီး သိပ်မကြာခင်မှာ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက သူတို့ဝန်ထမ်းတွေနဲ့ နှီးနွှယ်အဖွဲ့တွေအတွက် ကိုဗစ်-၁၉ဆိုင်ရာ စိတ်လူမှုထောက်ပံ့ခြင်း သင်တန်းပေးပေးပါဆိုလို့ ဆင့်ပွားနိုင်အောင်အထိ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြစ်ရပ် စီမံခန့်ခွဲသူများ အပါအဝင် သက်ဆိုင်ရာ ဝန်ထမ်းများ၊ ဆက်စပ်ဆောင်ရွက်နေကြသော ဆေးလူမှု ဆက်ဆံရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူငယ်ကော်မတီအဖွဲ့ဝင်များ၊ တခြားသော လူမှုရေးအသင်းအဖွဲ့များကို ကနဦးကာလမှာ (Social Distancing) အနေအထားနဲ့ ဆရာဖြစ် သင်တန်းပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ဆင့်ပွားသင်တန်းများလည်း ပေးကြပြီး ဆက်လက်အားပေးနှစ်သိမ့်နေကြပြီး ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ ကို တုံ့ပြန်သည့် စိတ်ခွန်အားပေးမှု

ဘေးအန္တရာယ်အမျိုးမျိုး တုံ့ပြန်ဆောင်ရွက်တဲ့ အခါမှာ များသောအားဖြင့် ဝန်ဆောင်မှုပေးသူတွေနဲ့ ခံယူသူတို့ကြားမှာ နီးကပ်နွေးထွေးစွာ ဆောင်ရွက်လို့ ရကြပါတယ်။ သို့သော်လည်း ယခုဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကိုတော့ နီးနီးကပ်ကပ် ပြုစုအားပေးဖို့ဆိုတာ ပြည့်စုံလုံလောက်တဲ့ အကာအကွယ်တွေကို ဦးစွာ စဉ်းစားစီစဉ်ပြီးမှ အနီးကပ်ဆောင်ရွက် ကြပါတယ်။ စိတ်လူမှုစောင့်ရှောက်သူတွေ အနီးကပ်နေမပေးလို့ အားပေးခံရသူကလည်း ဝမ်းမနည်းစေချင်ပါဘူး။ တခြားသော ဆက်သွယ်မှုတွေနဲ့ အားပေးသူမှာ ပိုလို့ အရေးပေး အလေးထားကြပါတယ်။

 

အမျိုးမျိုးသော ဝန်ဆောင်မှုပေးသူအားလုံးဟာ တစ်ခါမှမဖြစ်ဖူးတဲ့ သည်ကူးစက်မြန်ရောဂါ ကပ်ဆိုးကြီးကို ဘက်စုံ ထောင့်စုံကနေ စီမံထိန်းချုပ်၊ ကာကွယ်တားဆီးနေကြရပါတယ်။ တစ်ဖက်မှာလည်း ကျွန်မတို့ အပါအဝင် အများပြည်သူများက ဖြစ်ပေါ်ခံစားနေရတဲ့ စိတ်သောကတွေ၊ စိုးရိမ်ပူပန်မှုတွေကို အားပေးသူများနဲ့ ဆွေးနွေးတိုင်ပင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင် ဖြေရှင်းရင်း သည်ရောဂါဆိုးကြီးကို ကာကွယ်ထိန်းချုပ် ကျော်လွှားပြီး အေးချမ်းတဲ့ဘဝတွေကို ကိုယ်တိုင်ပြန်လည်ရယူ ပိုင်ဆိုင်နိုင်ဖို့လည်း လိုအပ်ပါတယ်။

 

မိမိတာဝန် မိမိယူရင်း စိတ်ခွန်အားများမြှင့်တင်ပါ

ဒါကြောင့် မိမိကို မကူးစက်အောင် မိမိတို့ကိုယ်တိုင် အလေးအနက်ထားပြီး လိုက်နာကျင့်သုံး ကိုယ်တိုင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိအမူအကျင့် (ခဏခဏ စနစ်တကျလက်ဆေးတဲ့ အကျင့်၊ Mask တပ်ဖို့အကျင့်၊ လူစုလူဝေး ရှောင်ဖို့အကျင့်)တွေကို ပြုပြင်နိုင်ဖို့ စိတ်လူမှု စောင့်ရှောက်သူများနဲ့ တခြားသော ဝန်ဆောင်မှု ပေးသူ တွေက စဉ်ဆက်မပြတ် ပြောပေးနေကြပါတယ်။

 

မိမိအမြဲနေထိုင်တဲ့ လူနေမှုပုံစံတွေကို ရောဂါပိုး ကူးစက်နိုင်လို့ ပြုပြင်ရတဲ့အခါမှာ မိမိရဲ့ အတွေးအခေါ်၊ သဘောထား တန်ဖိုးထားမှုတွေနဲ့ ပတ်သက်နေလို့ မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။ လူတိုင်း ကြိုးစားပြုပြင်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒါတင် မလုံလောက်ပါဘူး။ မိမိကိုယ်မိမိ တာဝန်ယူပြီးရင် ကိုယ်တိုင် ဦးဆောင်ကာ မိမိရဲ့ မိသားစုဝင်၊ မိမိပတ်ဝန်းကျင် စသည်တို့ကို ရှေ့ဆောင်လမ်းပြပြီး ဆပွားတာဝန်ယူဆောင်ရွက်နိုင်ရင် အားလုံးဟာ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပြီး ကူးစက်မှုတွေ နည်းသွားတာနဲ့အမျှ ကျွန်မတို့နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါကနေ ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။

 

“ဖြုတ်မကိုက်ရင် ကျွဲမလူးပါ။ ကျွဲမလူးရင် ငါးမပေါ်ပါ။ ငါးမပေါ်ရင် ဗျိုင်းမနားပါ။ ဗျိုင်းမနားရင် ပေါက်ပင် မကိုင်းပါ။” ကျွန်မတို့ ပြည်သူတွေလည်း ကိုယ်တိုင်၊ ပတ်ဝန်းကျင်၊ ပြည်သူလူထု စသည်တို့အပေါ်မှာ ရောဂါပိုး မတွယ်ကပ် နိုင်အောင် ကာကွယ်တဲ့နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ကြရပါမယ်။ ကာကွယ်တဲ့နည်းလမ်းတွေကို လိုက်နာလုပ် ဆောင်နိုင်ဖို့ဆိုတာ ဒါကို ငါ့အနေနဲ့ မဖြစ်မနေလုပ်ရမှာပါလားလို့ စဉ်းစားဖို့ လိုပါတယ်။ မဖြစ်မနေလုပ်နိုင်ဖို့ဆိုတာ မိမိရဲ့ အတွေးအမြင်၊ အသိခံယူချက်တွေ မှန်ကန်ဖို့ လိုပါတယ်။ မိမိရဲ့ အတွေးအမြင်၊ အသိခံယူချက်တွေ မှန်ကန်ဖို့ဆိုတာ ကိုယ်တိုင် အာရုံစူးစိုက်ပြီး ဆင်ခြင်တုံတရားထားတတ် ဖို့လိုပါတယ်။ သည်လိုသာ ကွင်းဆက်တိုင်းကို စဉ်းစား ဆောင်ရွက်ဖို့ ပြည်သူပြည်သားတိုင်း တစ်ဦးချင်း တာဝန် ယူမယ်ဆိုရင် စိတ်သောကရောက်မှုတွေ၊ စိတ်ဖိစီးမှု တွေ ကင်းရှင်းစွာနဲ့ ကပ်ရောဂါဆိုးကြီး အမြန်တွန်းလှန် တိုက်ထုတ်နိုင်မှာ အမှန်ဖြစ်ပါတယ်။

 

ကပ်ရောဂါဘေးမှ မိမိအသိမိမိသတိဖြင့်လည်း ကာကွယ်တားဆီး တိုက်ထုတ်နိုင်ကြပါစေ။    ။