စိတ်မနှံ့သူ အမျိုးသမီးအား ကာမကျူးလွန်သူကို ဖမ်းဆီးအရေးယူ

မိတ္ထီလာ ၂ ဇူလိုင်


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် စိတ်မနှံ့သည့် အမျိုးသမီးအား ကာမကျူးလွန်သူကို ဇူလိုင် ၁ ရက်က ဖမ်းဆီးအရေးယူထားကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ မိတ္ထီလာမြို့ မြာကျေးရွာအုပ်စု မြာကျေးရွာနေ ဒေါ်ခင်ချို (၅၀)နှစ်သည် ဇွန် ၂၂ ရက် ညနေပိုင်း၌ နေအိမ်၌ထမင်းချက်နေစဉ် တစ်ရွာတည်းနေ ကိုငဇော် (၄၁)နှစ်နှင့် ကိုမင်းညွှန့် (၅၂)နှစ်တို့ နှစ်ဦးမှာ နေအိမ်သို့ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးမှ ကျေးရွာအနောက်ဘက်ရှိ ဆည်ရေပေးမြောင်းသို့ ရေသွားချိုးနေစဉ် ဒေါ်ခင်ချိုနှင့်အတူနေ အမေတူအဖေကွဲ အမဖြစ်သူ ဒေါ်----- (၆၂)နှစ် (စိတ်မနှံ့သူ)အား တစ်ရွာထဲနေ ငမော့ (၃၁)နှစ်က ကျေးရွာအနောက်ဘက် (၃)ဖာလုံခန့်အကွာရှိ ချောင်းဘေးကန္တာရတောအစပ်တွင် သားမယားပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောပြချက်အရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်းကြားခဲ့ပြီး အမှုဖွင့်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ငမော့အား ဇူလိုင် ၁ ရက်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး မိတ္ထီလာမြို့မရဲစခန်းမှ (ပ)၃၉၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရသည်။


ဘိုဘို(မလှိုင်)