ခင်သန်းမြင့်
အခုတစ်လော နိုင်ငံပိုင်သတင်းစာတွေမှာ စီးပွားရေးသတင်းတွေ အတော်များများ ဖော်ပြလာတာတွေ့ရတယ်။ အထူးသဖြင့် နိုင်ငံတော်က လက်ရှိအားပေးနေတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) သတင်းဆောင်းပါး၊ အင်တာဗျူးတွေ၊ ဒေသထွက်ကုန်သတင်းတွေအပါအဝင် ပြည်တွင်း ပြည်ပ စီးပွားရေးသတင်းတွေအစုံအလင်ပါပဲ။ စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတလည်းရတယ်။
အရင်ကတော့ အများနည်းတူ ကျွန်မလည်း စီးပွားရေးသတင်းတွေဆို နိုင်ငံရေး၊ စစ်ရေး သတင်းတွေလောက် ခံတွင်းသိပ်မတွေ့လှဘူး။ ဗီယက်နမ်စစ်ပွဲ၊ အီရန်-အီရတ်စစ်ပွဲ၊ ဖောက်ကလန်စစ်ပွဲစတဲ့ စစ်ရေးသတင်းတွေ၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲသတင်းတွေ အပါအဝင် စစ်ရေး၊ နိုင်ငံရေးသတင်းတွေပဲ မလွတ်တမ်း လေ့လာဖတ်ရှုဖြစ်ခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်ကတော့ အခုလို သတင်းအချက်အလက် နည်းပညာတွေမဖွံ့ဖြိုး၊ မတိုးတက်သေးတော့ သတင်းစာတွေ၊ ဂျာနယ်တွေပဲ အားထားဖတ်ရှု ရတာပေါ့။
နည်းပညာတွေ တိုးတက်လာ
သတင်းအချက်အလက်နဲ့ နည်းပညာတွေ တိုးတက်လာတဲ့ လက်ရှိခေတ်ကာလကြီးမှာ တော့ လက်ကိုင်ဖုန်းထဲကတစ်ဆင့် ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကြည့်ရှုလေ့လာနိုင်ပါပြီ။ ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေးသတင်းတွေကို လေ့လာ ကြည့်ရှုရတာ အရင်လို အာသာငမ်းငမ်းမရှိတော့ပါဘူး။ လက်ရှိ ဂါဇာစစ်ပွဲဆိုရင် ဟားမားစ်တို့ရဲ့ အစ္စရေးနိုင်ငံတောင်ပိုင်းကို စတင်ကျူးကျော် ဝင်ရောက်တိုက်ခိုက်မှုတွေ၊ အစ္စရေးရဲ့လက်တုံ့ပြန် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပါလက်စတိုင်း ကလေး၊ လူကြီးမကျန် ထိခိုက် သေဆုံးခဲ့ရမှုတွေ၊ စစ်ရဲ့နောက်ဆက်တွဲဆင့်ကဲ ဒုက္ခမျိုးစုံ ခံစားနေရမှုတွေ စတဲ့ အနိဋ္ဌာရုံသတင်းတွေကို ဖတ်ရ၊ ကြည့်ရတာ စိတ်မချမ်းမြေ့လှဘူး။ အသက်အရွယ်က စကားပြောလာတယ်ထင်ပါရဲ့။ မင်္ဂလာရှိတဲ့သတင်းတွေ၊ မင်္ဂလာရှိတဲ့မြင်ကွင်းတွေကိုပဲ မြင်ချင်ကြားချင်ပါတော့တယ်။
အခုရက်ပိုင်းမှာ အစ္စရေးနဲ့ ဟားမားစ်တို့ ရက်ပိုင်း အပစ်အခတ်ရပ်စဲရေးကာလအတွင်း နှစ်ဖက်ဓားစာခံတွေ အပြန်အလှန်လဲလှယ်နေကြတဲ့ သတင်းတွေဖတ်ရတော့ ဝမ်းသာကြည်နူးရတယ်။ ဒီကြားထဲ အစ္စရေးကလည်း မြေပြင်ထိုးစစ် စတင် ဝင်မယ်တကဲကဲဖြစ်နေပြန်တော့ ဘယ်အချိန် ပြန်ချကြမလဲဆိုပြီး စိတ်ပူရတယ်။ ပြောလို့မှမဆုံးသေးဘူး၊ အခုရက်ပိုင်းမှာပဲ အစ္စရေးရဲ့တစ်ကျော့ပြန် တိုက်ခိုက်မှုတွေ ပြန်စလာပြန်ပါပြီ။ စစချင်းရက်မှာပဲ ပါလက်စတိုင်းအရပ်သားတွေ ရာနဲ့ချီ သေဆုံးကြ ရပြန်ပြီ။ အများစုကတော့ အမျိုးသမီးနဲ့ ကလေး သူငယ်တွေပါပဲ။
မြန်မာနိုင်ငံမှာလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် ဒေသအချို့မှာ လူမျိုးစွဲ၊ ဒေသစွဲနဲ့ တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို ကိုင်စွဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့ရဲ့ တိုက်ကွက်ဖော်မှုကြောင့် တိုက်ပွဲ တွေက အခုထိ မစဲနိုင်သေးပါဘူး။ တိုက်ပွဲတွေ အတောမသတ်နိုင်လေလေ ဒေသခံပြည်သူတို့ရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေ၊ နိုင်ငံပိုင်လမ်းတံတား အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးလေလေပါပဲ။
စစ်ရဲ့အနိဋ္ဌာရုံတွေ
စစ်ရဲ့အနိဋ္ဌာရုံတွေကို ကိုယ်တိုင်ကိုယ်ကျ မခံစားဖူးတဲ့သူတွေ၊ ကိုယ်ချင်းစာတရား နည်းပါး ကင်းမဲ့တဲ့သူတွေအဖို့ကတော့ နကမ္ပတိ မတုန်မလှုပ် နေနိုင်အားကြပေမယ့် ကုန်စည်စီးဆင်းမှုအနှောင့် အယှက်၊ အတားအဆီးတွေကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် စီးပွားရေးကျပ်တည်းမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကိုတော့ အချိန်ကြာလာ တာနဲ့အမျှ အားလုံးရင်ဆိုင်ကြုံတွေ့ကြရမှာပါ။
ရေခံမြေခံ အခြေခံကောင်းမွန်တဲ့ မြန်မာနိုင်ငံဟာ ကြိုးစားရင် ကြိုးစားသလောက် ခရီးပေါက်နိုင် မယ့် အခွင့်အလမ်းကောင်းတွေ အများကြီးရှိလျက် သားနဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခတွေကြောင့် အခွင့်အလမ်းကောင်းတွေကို ယခုတိုင် လက်လွှတ်ဆုံးရှုံးနေရဆဲပါ။ မြန်မာတွေ စီးပွားရေးကို စိတ်ပါဝင်စားဖို့လိုပါပြီ။ ယခု ရက်ပိုင်းအတွင်းက နိုင်ငံပိုင်သတင်းစာနှစ်စောင်မှာ တစ်ရက်တည်းဖော်ပြခဲ့တဲ့ စီးပွားရေးဆိုင်ရာ သတင်းနှစ်ပုဒ်ဆို ကျွန်မဖြင့်ဖတ်ပြီး စဉ်းစားဆင်ခြင်စရာဖြစ်ရတယ်။
နိုဝင်ဘာ ၂၉ ရက်စွဲနဲ့ မြန်မာ့အလင်းက ဖော်ပြတဲ့ နိုင်ငံခြားသတင်းမှာ ဗီယက်နမ်ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ပုစွန်တင်ပို့တဲ့နိုင်ငံဖြစ်လာပြီး ယခုနှစ် ပထမ ၁၀ လ အတွင်း ပုစွန်တင်ပို့ရာမှ အခွန်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရရှိတယ်လို့ဖတ်ရတယ်။ ၂၀၁၀-၂၀၂၃ ခုနှစ်ကာလအတွင်း ရေငန်ပုစွန်မွေးမြူရေးဧရိယာ ၆၄၄၀၀၀ မှ ၇၃၇၀၀၀ ဟက်တာအထိ ရှိလာပြီး ဗီယက်နမ် နိုင်ငံရဲ့ အကြီးမားဆုံး ပုစွန်တင်ပို့တဲ့ ဈေးကွက် ငါးခုက ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်တယ်လို့ဆိုတယ်။
တစ်ရက်တည်းမှာပဲ ကြေးမုံသတင်းစာမှာ တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိတဲ့ ပနားမီး ပုစွန်ဖြူကို တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံကို အများဆုံး တင်ပို့လျက်ရှိတယ်ဆိုတာကို ဖတ်ရပြန်တယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ပနားမီးပုစွန်ဖြူမွေးမြူတာ ငါးနှစ်ကျော်ပဲရှိသေးပြီး အမြတ်အစွန်းကြီးသလို ရင်းနှီးမှုလည်းကြီးတယ်။ မြန်မာ့ပုစွန်ဖြူက အရည်အသွေးကောင်းတဲ့အတွက် ပြည်ပနိုင်ငံတွေက နှစ်ခြိုက်မှုရှိပြီး လက်ရှိမှာ တရုတ်နဲ့ ဂျပန်နိုင်ငံက အများဆုံး ဝယ်ယူနေတယ်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း၊ မြိတ်၊ ထားဝယ်ခရိုင်ရှိ ကျွန်းစု၊ ပုလော၊ ရေဖြူမြို့နယ် တွေက ရေငန်ပုစွန်မွေးမြူဧက ၁၈၂၇ ဒသမ ၄၄ ဧကမှာ ပုစွန်မွေးမြူရေးကန်ပေါင်း ၂၀၉ ကန်နဲ့ လေးလခန့် တစ်ကြိမ် မွေးမြူထုတ်လုပ်လျက်ရှိ တယ်လို့ဆိုပါတယ်။ ကုမ္ပဏီတစ်ခုလျှင် ရေငန်ပုစွန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့အထက် ရရှိနေတဲ့အတွက် မွေးမြူရေးကုမ္ပဏီတွေ တိုးပွားလာရင် ပြည်ပပို့ကုန်ဝင်ငွေ တိုးမြင့်ရရှိလာမယ်လို့ လည်းဆိုပါတယ်။
ကြိုးစားကြရဦးမယ်
ရေမြေတောတောင် သဘာဝရာသီဥတုချင်း တူညီတဲ့ ဒေသတွင်းနိုင်ငံချင်းအတူတူ ကျွန်မတို့လည်း ထုတ်လုပ်မှု၊ တင်ပို့မှု အချိုးအစားတွေ ဒီထက်မက တိုးတက်လာဖို့အများကြီး ကြိုးစားကြရ ဦးမယ်။
တစ်ခါ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ပြည်ပ ခရီးသွားဝင်ရောက်မှု ယခုထက် ပိုမိုတိုးတက်မယ်လို့ မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ မျှော်လင့်ချက်ကိုလည်း ဖတ်လိုက်ရတယ်။
“ပြည်ပခရီးသွားတွေ မူလခန့်မှန်းထားတာထက် အများကြီးကျဆင်းသွားတာမျိုးတော့ မဟုတ်ပေ မယ့် အားရစရာကောင်းလောက်တဲ့ ကိန်းဂဏန်းမျိုး မဟုတ်ဘူး။ ဒါပေမယ့် ထိုးကျသွားတာမျိုးမဟုတ်တဲ့အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ထပ်ပြီးမျှော်လင့်နိုင်သေးတယ်။ အလားအလာအားဖြင့် မဆိုးဘူး၊ ကောင်းတယ်လို့ ပြောလို့ရတယ်”ဆိုတဲ့ ဥက္ကဋ္ဌရဲ့ သုံးသပ်ချက်ကို လည်းတွေ့ရတယ်။
တစ်ဆက်တည်းမှာပဲ အိမ်နီးချင်း လာအိုနိုင်ငံ က လာအိုခရီးသွားနှစ် ၂၀၂၄ အတွက် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက စတင်ပြုလုပ်ခဲ့တဲ့ သတင်း တစ်ပုဒ်ဖတ်လိုက်ရပြန်တယ်။ ဒီလှုပ်ရှားမှုက လာအိုနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ That Luang ပွဲတော်နဲ့လည်း တိုက်ဆိုင်နေပြီး လှုပ်ရှားမှု ၇၉ ခု ပါဝင်မယ်လို့ဆိုတယ်။ တစ်နှစ်တာ လာအိုခရီးသွား နှစ်ရဲ့ဆောင်ပုဒ်က “လာအိုယဉ်ကျေးမှု သဘာဝနှင့်သမိုင်းတို့၏ သုခဘုံ” ရယ်လို့ တင်စားထားပြီး လာဘ်ကောင်အဖြစ် ဆင်ကို ရွေးချယ်ထားတယ်လို့ သိရတယ်။
လာအိုခရီးသွားနှစ် ၂၀၂၄ ကို နိုင်ငံရဲ့ခရီးသွား လုပ်ငန်းကဏ္ဍမှာ ကုန်ပစ္စည်းအသစ်တွေနဲ့ ဝန်ဆောင်မှုတွေဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ် ထားတဲ့အပြင် လာအိုအစိုးရက နိုင်ငံတကာနဲ့ လာအိုခရီးသွား ၄ ဒသမ ၆ သန်းထက်မနည်းကို ဆွဲဆောင်သွားဖို့နဲ့ ၎င်းတို့ထံက ဝင်ငွေအမေရိကန် ဒေါ်လာ ၇၁၂ သန်းရရှိဖို့ မျှော်လင့်ထားတယ်တဲ့။ လာအိုနိုင်ငံကို ယခုနှစ် ပထမကိုးလအတွင်းမှာ နိုင်ငံတကာခရီးသွား ၂ ဒသမ ၄ သန်း ဝင်ရောက်ခဲ့တဲ့ အတွက် ယမန်နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် ၂၈၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့လည်း ဆိုတယ်။
အမှတ်ရမိတယ်
ကျွန်မဖြင့် ပြည်တွင်း ပြည်ပခရီးသွားဆိုင်ရာ သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ဖတ်ရှုရင်း တစ်ခေတ် တစ်ခါက Visit Myanmar Year 1996 ဆိုတဲ့ ၁၉၉၆ ခုနှစ်က မြန်မာခရီးသွားနှစ်ကို ပြန်ပြောင်းအမှတ် ရမိတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာ့ခရီးသွားနှစ်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လိုဂိုဆိုင်းဘုတ်တွေမှာ အမြဲတွေ့မြင်နေကျ လာဘ်ကောင်ဖြစ်တဲ့ ဖိုးဝရုပ်ကလေးကိုလည်း သတိရမိတယ်။
တကယ်တော့ ခရီးသွားလုပ်ငန်းဆိုတာ ကလည်း သဘာဝရှုမျှော်ခင်းတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါကြွယ်ဝရုံနဲ့ မပြီးပါဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့နဲ့လည်း ဆက်စပ် နေပါတယ်။ အိမ်သာမှ ဧည့်လာမှာပေါ့။ မြန်မာနိုင်ငံက မီးခိုးမထွက်တဲ့ စက်ရုံကြီး အင်နဲ့အားနဲ့ အဆက်မပြတ် လည်ပတ်နိုင်ဖို့ဆိုတာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းနဲ့ လုပ်ယူလို့မရပါဘူး။ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ခရီးသွားလုပ်ငန်းကတစ်ဆင့် ဖြစ်တည်လာတဲ့ ဝန်ဆောင်မှု၊ ရောင်းဝယ်ဖောက်ကားမှုအပါအဝင် ဆက်စပ်လုပ်ငန်းတွေက ရရှိလာမယ့် အသီးအပွင့် တွေကလည်း ဒေသခံပြည်သူတွေအားလုံး မျှဝေခံစားကြရမှာ မဟုတ်လား။ စီးပွားရေးအသိအမြင် ဗဟုသုတတွေတိုးပွားဖို့ စီးပွားရေးသတင်းတွေလည်း ဖတ်ကြပါဦး။ ။