စိုက်ပျိုးမြေဧက ၁၀၀ ကျော်အကျိုးပြုမည့် ခုတ်နမ့်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

သိန်းနီ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ခုတ်နမ့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို ငွေကျပ် ၃၇ ဒသမ ၆၇၆ သန်း အသုံးပြု ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လားရှိုးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းထံမှ သိရသည်။ 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်နေတောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် သိန်းနီမြို့နယ်၊ ခုတ်နမ့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆ ဒသမ ၇ ဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်းကို ငွေကျပ် ၃၇ ဒသမ ၆၇၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် Mahark9 ကုမ္ပဏီအား ဇူလိုင်လ ဒုတိပတ်မှ စတင်ကာ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း လားရှိုးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းထံမှ သိရသည်။ 

“အခုလိုမျိုး ကျနော်တို့ ခရိုင်အတွင်းမှာ ကုန်ထုတ်လမ်း၊ တံတားတွေ ဖောက်လုပ်ပေးနေတာဆိုရင် ဒေသတွင်း စိုက်ပျိုးရေးတောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ၊  အခုလိုဖောက်လုပ်ပေးနေတာကလဲ မြို့နယ်အလိုက် ဒေသခံတောင်သူတွေ တောင်းဆိုတဲ့အတွက်ကြောင့် လုပ်ဆောင်ပေးနေတာပါ၊ ကုန်ထုတ်လမ်းဖောက်လုပ်တဲ့အခါမှာ ကျောက်ရောမြေ တစ်ပေထုနဲ့ မြေနီကျောက်စရစ်ကိုးလက်မထု နှစ်လွှာခင်းပေးတာပါ၊ မြေသားလမ်းဖြစ်တဲ့အတွက် ပျက်စီးမှု နည်းအောင် သတ်မှတ်တဲ့ သိပ်သည်းထုရအောင်လည်း လုပ်ဆောင်ပေးထားတာပါ” ဟု လားရှိုးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက ပြောပြသည်။

အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၅၃)၊ လူဦးရေ(၂၅၁)ဦးတို့၏ စိုက်ပျိုးမြေဧက ၁၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ၎င်းစိုက်ပျိုးမြေများမှ လယ်ယာထုတ်ကုန်/ထွက်ကုန်များနှင့် လယ်ယာသုံးစက်ကိရိယာများ အလွယ်တကူ သယ်ပို့သွားလာနိုင်မှာဖြစ်ကြောင်း သိရသည်။

နီလာ