စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ကုန်ထုတ်စွမ်းအား မြင့်မားရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၇

နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နင့် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုး မွေးမြူရေးအခြေခံသည့် ကုန်ထုတ်စွမ်းအား မြင့်မားရေးနင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်း သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဦးစီးဌာနဝန်ထမ်းများမှာ ကျေးရွာအနှံ့ ရောက်ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများဖြစ်၍ မိမိဌာန၏ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမပုံစံစုဖွဲ့၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကျေးလက်ပြည်သူများအား စည်းရုံးဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် သတ်မှတ်စံချိန် စံညွှန်း၊ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလထက် စောပြီးစေရေး သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်များရှိ တာဝန်ရှိသူက ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

အသက်မွေးဝမ်းကျောင်းသင်တန်းများကို အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသူများကိုသာ စုစည်းသင်ကြားပေးပြီး သင်တန်းပြီးဆုံး၍ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်း၊ လုပ်ငန်းသုံးကိရိယာများကို ထောက်ပံ့ပေးနိုင်ရေး မြစိမ်းရောင်စီမံကိန်းချေးငွေ၊ RBF ချေးငွေများဖြင့် ချိတ်ဆက်ပေးရန် အလေးထား မှာကြားလိုကြောင်း။

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဦးစီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များနင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိ အမြဲရှိကြရန် မှာကြားလိုကြောင်း၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး မှူးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး က သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများနှင့်  စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား သုံးသပ်ဆွေးနွေးတင်ပြသည်။

ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်  သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ကျရောက်မှုကြောင့် သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်ခဲသည့် ဒေသများအတွက် သောက်သုံးရေများရရှိရေး ရွေ့လျားရေသန့်စင်ကားများဖြင့် သောက်သုံးရေ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းများကို ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်