စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင် ဆောင်ရွက်နိုင်မည်ဆိုပါက  ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်

နေပြည်တော်     ဖေဖော်ဝါရီ     ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၆ လ သက်တမ်း တိုးပြီးချိန်တွင် အသစ်ထပ်မံဖွဲ့စည်းသည့်ကောင်စီဝင်များဖြင့် ပထမဆုံးအကြိမ် ပြုလုပ်သည့်အစည်းအဝေး ဖြစ်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း နိုင်ငံတော်အတွက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဆောင်ရွက်ရန်ရှိသည့်   ကိစ္စများကို     တိုင်ပင်ဆွေးနွေးဆောင်ရွက်ရန် ဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်အဆင့်မူဝါဒများ ချမှတ်ဆောင်ရွက် ရကြောင်း၊   မိမိတို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ အသစ်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် များ၊   ဦးတည်ချက်များကို    အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်  ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းနှင့်  လွတ်လပ်ပြီး တရားမျှတသည့်   ရွေးကောက်ပွဲကျင်းပနိုင်ရန် အခြေခံလိုအပ်ချက်များမှအစ      ဖြည့်ဆည်း ဆောင်ရွက်ရန်   လုပ်ငန်းများရှိနေခြင်းတို့ကြောင့် အရေးပေါ်အခြေအနေကာလကို ၆ လ သက်တမ်းတိုး ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ လာမည့်ရွေးကောက် ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်  ရွေးကောက်ပွဲ ဖြစ်ရန်၊ လူတိုင်းမဲပေးနိုင်ခွင့်ရှိရန်နှင့်  နိုင်ငံတစ်ဝန်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဆန္ဒမဲပေးခြင်းကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊    မဲပေးခြင်း၊ မပေးခြင်းမှာ  ပြည်သူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအားလုံး  လွတ်လပ်စွာမဲပေး နိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ် ကြောင်း၊       ဆန္ဒမဲပေးချိန်တွင် ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများနှင့်    ဖိအားပေးမှုများမရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊   မဲဆန္ဒရှင်များ             လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ အချို့ EAO များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်  နိုင်ငံတစ်ဝန်း ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းမှုမရှိသည်ကို တွေ့ရှိ ရပြီး   တည်ငြိမ်အေးချမ်းမှုရှိအောင်    ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း။

လာမည့်ရွေးကောက်ပွဲကို  အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ဆောင်သင့်သည်များကိုကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နိုင်ငံရေးပါတီများနှင့်ပတ်သက်၍  ပါတီအရေ အတွက်များပြားသော်လည်း   ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အရွေးခံရသည့်  ပါတီများ နည်းပါးခဲ့သည်ကို  တွေ့ရကြောင်း၊  ယင်းအခြေအနေ သည် နိုင်ငံရေးပါတီများအနေဖြင့် ဒေသနှင့် ပြည်သူ လူထုတို့၏    အမှန်တကယ်လိုလားချက်များကို ဖော်ဆောင်ပေးနိုင်ရန် အားနည်းမှုရှိနေပြီး ပြည်သူ များ၏  ယုံကြည်ကိုးစားမှုနည်းပါးသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် ဒေသနှင့်ပြည်သူများ၏ လိုလား ချက်များကို     အမှန်တကယ်အကောင်အထည်               ဖော်ဆောင်ပေးနိုင်သော  ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသည့်     နိုင်ငံရေးပါတီများဖြစ်ရန် လိုကြောင်း၊ အလားတူရွေးကောက်ပွဲတွင်ပါဝင်သည့် ပါတီများသည် လွှတ်တော်ထဲတွင် ကိုယ်စားပြုမှုများ မှသာ ပြည်သူ၏အသံနှင့် တိုင်းပြည်မှဖြစ်စေချင်သည် များကို  ပြောခွင့်ရမည်ဖြစ်ကြောင်း၊    ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင် ထုတ်ပြန်ခဲ့ကြောင်း၊  ပါတီများတွင် ဦးဆောင်သည့် သူများကိုလည်း ပြည်သူတို့၏လိုလားချက်၊ လိုအပ် ချက်များကို သိရှိနိုင်ရေးအခွင့်အလမ်းများ ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားများ ကိုယ်စားပြုမှုများပြားလာ စေရေး  PR  စနစ်ဖြင့်  ကျင့်သုံးမည်ဆိုပါက  ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း၊  ထို့ကြောင့် PR စနစ်ကို ကျင့်သုံးနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီ များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရာတွင် လက်ခံမှု ရှိသည်ကိုတွေ့ရကြောင်း၊  နိုင်ငံရေးပါတီများနှင့် ၎င်းတို့ကို ဦးဆောင်မည့်သူများ၏ အခြေအနေများကို ပြည်သူများက လေ့လာနိုင်ရန်အတွက်လည်း အချိန် တစ်ခုပေးရန်လိုအပ်ကြောင်း။

မဲစာရင်းနှင့်ပတ်သက်၍ မဲစာရင်းသည် လူဦးရေ နှင့်သန်းခေါင်စာရင်းကို အခြေခံ၍  ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်သည့်  မဲပေးပိုင်ခွင့် ရှိသူစာရင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက် သည့် မဲစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းဟူ၍ ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့်  ပိုမိုတိကျမှန်ကန်နိုင်မည် ဖြစ်ပြီး  အနည်းဆုံး ၁၀  နှစ်လျှင်တစ်ကြိမ်  သန်းခေါင် စာရင်းကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက် သင့်သည့်     နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ နောက်ဆုံး သန်းခေါင် စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် တွင်  ခန့်မှန်းလူဦးရေတွက်ချက်မှု  အစီရင်ခံစာကိုထုတ်ပြန်ခဲ့ကြောင်း၊  ၂၀၁၄ ခုနှစ်တွင်  ကောက်ယူ ခဲ့ခြင်းဖြစ်သဖြင့် ဆယ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သောကြောင့်    အချို့သောအချက်များကို    ပြန်လည် အတည်ပြုဆောင်ရွက်ရန်  လိုအပ်သည်ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊  ၂၀၂၀-၂၀၂၁-၂၀၂၂ ခုနှစ်များတွင်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် သွားလာမှုခက်ခဲမှုနှင့် သေဆုံးမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့်  အကြမ်းဖက်မှု ဖြစ်စဉ်များ၊ နိုင်ငံရေးပဋိပက္ခများကြောင့် ကိန်းဂဏန်း အချက်အလက်များသည်   တိကျမှန်ကန်မှုရှိရန်        အားနည်းချက်များရှိမည်ဖြစ်ကြောင်း၊   ထို့ကြောင့် စာရင်းဇယားအချက်အလက်များ   မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို      ပြန်လည် ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း၊  သို့မှသာ မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊  ထို့ကြောင့်  ရာနှုန်းပြည့်အသင့်ဖြစ်မှု ဖြစ်ရန်အတွက်  အချိန်လိုအပ်ချက်ရှိခြင်းကြောင့် မိမိအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ကို တင်ပြ၍ အရေးပေါ်အခြေအနေကာလကို ၆ လ           ထပ်မံသက်တမ်းတိုးရန်လိုအပ်မှုကို  တင်ပြခဲ့ခြင်းဖြစ် ကြောင်း၊    ထိုသို့တင်ပြခဲ့ချိန်တွင်   နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက်  ဦးစားပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ကို ယာယီသမ္မတကြီးက  မေတ္တာ ရပ်ခံခဲ့ခြင်းကြောင့်     အချို့သော   မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍     တည်ငြိမ် အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိ

မိမိတို့အနေဖြင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းစဉ်ကတည်းကပင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူများ၏           လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်    ရှေ့ လုပ်ငန်းစဉ်များ၊  ဦးတည်ချက်များချမှတ်၍   ယင်း အပေါ် ဦးတည်ပြီး   လုပ်ငန်းများကို    စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း  ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အသစ်ထပ်မံချမှတ်ပြင်ဆင်၍ ဆောင်ရွက်လျက်ရှိပြီး      ပထမအချက်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အချို့သော မြို့နယ် များတွင် စစ်အုပ်ချုပ်ရေးအမိန့်များကို  ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းရေးကို  ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်း သည်  ပြည်သူများကို  ထိန်းချုပ်ကန့်သတ်ခြင်း မဟုတ်ဘဲ ဒေသခံပြည်သူလူထုတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်  ဆောင်ရွက်နေကြသည့် အကြမ်းဖက်သမားများ၏  လုပ်ဆောင်ချက်များကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို အလေးထား ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး        လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် တည်ငြိမ်မှုရှိရန်  လိုအပ်သည့်ဒေသများတွင် ပိုမိုအလေးထားဆောင်ရွက်သွားရန်    မှာကြား လိုကြောင်း။

လူအများစုဖြစ်သည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိ

ရှေ့လုပ်ငန်းစဉ်    ဒုတိယအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက်  ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်း များကို   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  သာယာဝပြောရေး ဟူသည်   ရှေ့လုပ်ငန်းစဉ်  ပထမအချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့်   တိုက်ရိုက်ဆက်စပ် နေသည်ကို သတိပြုရန်လိုကြောင်း၊  စားရေရိက္ခာ ဖူလုံရေးအတွက် မိမိတို့နိုင်ငံတွင် အဓိကဆောင်ရွက်၍ ရနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို  အခြေခံ သည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို    အားပေး              မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများအားလုံးနီးပါးသည်    စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို  ဆောင်ရွက်ကြကြောင်း၊   စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့်    ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်        ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံစီးပွားရေး အကျပ်အတည်း များရှိခဲ့ကြောင်း၊ သို့သော်  ကုန်ဈေးနှုန်းကြီးမြင့်မှုမှ လွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ အခြေခံလူတန်းစားများ၏   လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်းဖြင့်  တိုင်းပြည်သာယာဝပြောမှု ကိုလည်း  ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊  မိမိတို့ အနေဖြင့် လူနည်းစု၏အကျိုးစီးပွားကို  အားပေးခြင်း မဟုတ်ဘဲ  လူအများစုဖြစ်သည့်  ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်သည့် အတွက်  ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အားပေးဆောင်ရွက်ခြင်းသည် ပြည်နယ်များ၏ နယ်စွန်နယ်ဖျားဒေသများ ဖွံ့ဖြိုး တိုးတက်ရေးကိုပါ များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း။

အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆန်စပါး ဝမ်းစာဖူလုံမှုထက် ကျော်လွန်သော်လည်း အချို့ဒေသများတွင် ဖူလုံမှုမရှိသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆန်ဖူလုံမှုမှာ ၁၄၂ ရာခိုင်နှုန်းရှိကြောင်း၊ ဆန်ဖူလုံမှုမရှိသည့် ဒေသ များတွင် တစ်ဧကချင်းအလိုက်  အထွက်နှုန်းများ ပြည့်မီအောင်ဆောင်ရွက်မည်ဆိုပါက  ဒေသတွင်း ဝမ်းစာဖူလုံမှုကို  အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ အလားတူ  ဝမ်းစာဖူလုံမှုရှိပြီးဖြစ်သည့် ဒေသများတွင်လည်း  တစ်ဧကချင်းအထွက်နှုန်း များကို ယခုထက် ပိုမိုတိုးတက်အောင်ထုတ်လုပ်နိုင် မည်ဆိုပါက ဆန်ထွက်ကုန်များကို ပြည်ပသို့ ပိုမို တင်ပို့နိုင်မည်ဖြစ်သောကြောင့်  ပြည်ပဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး တောင်သူများ၏  လူမှု စီးပွားဘဝ ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်ရန် လိုကြောင်း၊ လိုအပ်ပါကလည်း အချို့နေရာများတွင် စိုက်ပျိုးမြေများ  တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိထွက်ရှိနေသည့် အထွက်နှုန်းထက် တစ်ဧက လျှင် ငါးတင်း ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက် နိုင်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊  ဥပမာ အားဖြင့် မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်း ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက်မှာ တစ်ဧကလျှင် တင်း  ၁၀၀ ဖြစ်သော်လည်း ယခုအခါပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးတွင်  တစ်ဧက ၇၅ တင်းသာ  ထွက်ရှိ လျက်ရှိကြောင်း၊ ထို့ကြောင့် စပါးတစ်ဧကလျှင် စပါး ငါးတင်းပိုမိုထွက်အောင်   စိုက်ပျိုးနိုင်မည်ဆိုပါက စပါးတင်းပေါင်း ၇၅ သန်း ပိုမိုထွက်ရှိလာမည်ဖြစ်ပြီး စပါးစိုက်တောင်သူများအတွက် ဝယ်လိုအား တက်လာ စေမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက်လည်း ဝင်ငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့်            တောင်သူတစ်ဦးချင်း   တစ်ယောက်ချင်းစီ၏     ဝင်ငွေများတိုးပွားလာမှုမှ အစပြု၍ ဒေသတွင်နေထိုင် သူများအားလုံး၏ ဝင်ငွေ များ     ယခင်ကထက်တိုးတက် ကောင်းမွန်လာပြီး  ဒေသတွင်း  လည်ပတ်သုံးစွဲငွေ များပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  လယ်ယာစိုက်ပျိုးရေးကဏ္ဍမြင့်မားစေရေး မိမိအနေဖြင့်  အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

လူသားအရင်းအမြစ်များကြွယ်ဝစေရေး ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်း များ  ဆောင်ရွက်ရန်အတွက်  လူသားအရင်းအမြစ် ကောင်းများ လိုအပ်ကြောင်း၊  ထို့ကြောင့်  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များရရှိစေရေး ကျောင်းသား ကျောင်းသူ များပညာရည်မြင့်မားရန်  အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား မှုနှင့်ပတ်သက်၍  ယခုအချိန်တွင်  အခြေခံပညာ ကျောင်းများ    ပြန်လည်ဖွင့်လှစ်ထားသော်လည်း အချို့သော ကျောင်းသား ကျောင်းသူများအနေဖြင့် လုံခြုံရေးအရ၊  စီးပွားရေးအရ  ပညာပြန်လည်        သင်ကြားမှုမရှိသည်များလည်းရှိကြောင်း၊    ပညာ သင်ကြားရန်ပျက်ကွက်နေသည့်     ကျောင်းသား ကျောင်းသူများအားလုံး  လာမည့်ပညာသင်နှစ်တွင် ပညာသင်ကြားနိုင်စေရေး တာဝန်ရှိသူများအနေဖြင့် တိုက်တွန်းဆောင်ရွက်ကြစေလိုကြောင်း၊  အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်  နိုင်ငံရေးအခက်အခဲ များကြားမှ  ကျောင်းများကို  တက်ရောက်နိုင်ရေး ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့်    ကျောင်းနေအရွယ် ကလေးငယ်များအားလုံး     ကျောင်းနေနိုင်ရေး        တိုက်တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်  စိုက်ပျိုးရေးနှင့်  မွေးမြူရေးနိုင်ငံ ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်  ပတ်သက်သည့် ကျွမ်းကျင်လုပ်သားများရှိရန်လိုကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်၌ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပေါင်း ၅၀ ရှိ  အခြေခံပညာကျောင်းများ၌    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊    ပညာရည် မြင့်မားစေရန် နိုင်ငံသားတိုင်း KG+9 အထိ ပြီးမြောက် စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ ပညာပြီးဆုံးသည့်အချိန်တွင် ထိုအထဲမှထူးချွန်သူများ အနေဖြင့်      သက်ဆိုင်ရာဘာသာရပ်များအလိုက် ကောလိပ်နှင့်   တက္ကသိုလ်များသို့    ဆက်လက် တက်ရောက်  ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်  ပညာရည်မြင့်မားသည့် လူသား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်မှသာ  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်လျက်ရှိ

ရှေ့လုပ်ငန်းစဉ် တတိယအချက်အနေဖြင့် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့်  ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍ဖြစ်ပြီး နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး သွားမည်ဖြစ်ကာ အုပ်ချုပ်ရေးအနေဖြင့်  ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို  ကျင့်သုံးနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင်  လျော်ကန်သင့်မြတ်သည့်  အုပ်ချုပ်မှု အာဏာကို မဖြစ်မနေခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်အုပ်ချုပ်ရေးဟူသည်မှာ   အာဏာခွဲဝေ ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အချိန်တွင်   လိုအပ်ချက်များကို   ပြန်လည် ဆွေးနွေးပြီး  ပြည်ထောင်စုနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ဖက်ဒရယ် ဆိုင်ရာ  လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၁၊၂၊၃၊၅)ပါ    ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊   ပြည်နယ်အဆင့်နှင့်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်းရမည့် ထုတ်ပြန် ရမည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်း များ  ပြည့်စုံစွာဆောင်ရွက်နိုင်မှုမရှိသေးသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊  မိမိတို့တာဝန်ယူချိန် တွင်  ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှုအာဏာခွဲဝေ မှုအားလုံးကို    အကောင်အထည်ဖော်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေးနှင့်ပတ်သက်၍  ထိရောက်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း၊  တရားမျှတသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို  သွားနိုင်ရမည်ဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့်လည်း  ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီခိုင်မာစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့ကြောင့် ပါတီများ ဖွဲ့ရာတွင် ခိုင်မာသည့်ပါတီများဖွဲ့စေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း။

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်လျက်ရှိ

စတုတ္ထအချက်အနေဖြင့် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက်  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေး ထားလုပ်ဆောင်သွားမည်ဟူ၍       ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့် ဥပဒေဖြစ်ပြီး ပြည်သူတို့အပေါ်ထားရှိသည့်   ကတိကဝတ်ဖြစ် ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည်လည်း အစိုးရနှင့် EAO များအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများအကြား ထားရှိခဲ့သည့် ကတိကဝတ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို အခြေခံ၍ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊       တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာ တွင်လည်း အပြုသဘောဆောင်သည့် ဆွေးနွေးမှု ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများမရှိသည့်မဲပေးမှုများဖြစ်ရန်လိုအပ်

ရှေ့လုပ်ငန်းစဉ်၏  နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး  တရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအား  ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား  ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက်အား  အကောင်အထည်ဖော်နိုင်ရေးအတွက်   တည်ငြိမ် အေးချမ်းမှုရှိရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး     ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင်  လွတ်လပ်၍  တရားမျှတသည့် စစ်မှန်သည့်   ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်  အချို့သော   နယ်မြေများ၌                   ခြိမ်းခြောက်မှုများရှိခြင်းကြောင့် မဲရလဒ်များ ပြောင်းလဲ သွားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများမရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလဒ်များမှန်ကန်မည်ဖြစ်ကြောင်း၊   ထို့ကြောင့် မိမိတို့အနေဖြင့်   တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို  အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို  ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက် များ၊ ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့် ဖြစ်ထိုက်သည်များနှင့် ချိန်ထိုး၍  အကောင်းဆုံးဖြစ် အောင် တပ်မတော်အနေဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊  ဒီမိုကရေစီစနစ်တွင် လွှတ်တော် သည်  နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး  တိုင်းရင်းသား များအနေဖြင့်လည်း  မိမိတို့ဒေသ၏  အခွင့်အရေး များကို  တရားဥပဒေနှင့်အညီ  တောင်းဆိုနိုင်ရေး အတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင်  ပိုမိုပါဝင် နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ အတွက် လုံလောက်သည့်အချိန်တစ်ခုပေးရန် လိုအပ် နေသေးကြောင်း။

အရေးပေါ်သက်တမ်းကာလ ထပ်မံတိုးမြှင့်မှုအပေါ်ပြည်သူများ၏တုံ့ပြန်ချက်များ၊ လိုအင်ဆန္ဒများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ နှစ်တာ ကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီ သမ္မတထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အရေးပေါ်အခြေ အနေ  သက်တမ်းကာလကို   ၆  လ  ထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့်    ဝေဖန်မှုများ၊     တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို    လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ    ရွေးကောက်ပွဲပြန်လည် ဆောင်ရွက်ပေးရန်၊  တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့်    ကုန်ဈေးနှုန်းကျဆင်းမှု ရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက် ၃ ချက် သည် အဓိကဖြစ်ကြောင်း၊  တည်ငြိမ်အေးချမ်းမှုရှိရန် အတွက်  အချို့သောမြို့နယ်များတွင်   စစ်အုပ်ချုပ် ရေးအမိန့်ကိုထုတ်ပြန်ခဲ့ကြောင်း၊    တပ်မတော် အနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက် ရာတွင် ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဥပဒေနှင့်အညီသာ  ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ လက်ရှိအခြေအနေတွင် စစ်မှန်သည့်ဒီမို ကရေစီဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အမည်ခံသူများ အနေဖြင့် မဲစာရင်းမှားယွင်းမှုများအပေါ် ဥပဒေအရ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်လမ်းစဉ် ကို ဆောင်ရွက်ခဲ့ခြင်းသည် မှားယွင်းသည့် နည်းလမ်း ဖြစ်ကြောင်း၊        ထိုသို့ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်ရန်   လိုကြောင်း၊  ရွေးကောက်ပွဲသည် တိုင်းပြည်တစ်ခု၏  သိက္ခာပင်ဖြစ်သဖြင့် သိက္ခာရှိ သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊    မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက်    လိုအပ်သည်များကို ဆောင်ရွက်ရန် အချိန်လိုအပ်နေသေးကြောင်း။

ကုန်ဈေးနှုန်းကျဆင်းစေရေးနှင့်ပတ်သက်၍ ကုန်ဈေးနှုန်းများမြင့်တက်ရခြင်းမှာ     ယခင်က ထုတ်ကုန်နည်းပါးပြီး   သွင်းကုန်များ    များပြားခြင်း ကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်  ကမ္ဘာနှင့်တစ်ဝန်း  ကုန်ပစ္စည်း ရှားပါးမှု၊  ပို့ဆောင်ရေးနှင့် လုပ်သားလိုအပ်ချက်များ ကြောင့်  ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း၊ ဓာတ်မြေဩဇာများ၊    စက်သုံးဆီများ   စသည့် သွင်းအားစုများ၏ ကုန်ဈေးနှုန်များမြင့်တက်လာခြင်း နှင့် လုပ်သားရှားပါးလာခြင်းများကြောင့် ထုတ်ကုန် များ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိသည့် နိုင်ငံဖြစ်သဖြင့်   စက်သုံးဆီများဈေးနှုန်းမြင့်တက်လာချိန်တွင် လျှပ်စစ်ဓာတ်အားခများလည်း မြင့်တက် လာသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ဈေး နှုန်းများ မြင့်တက်ခဲ့သော်လည်း အခြေခံကုန်ပစ္စည်း များ  ပြတ်လပ်မှုမရှိခဲ့ကြောင်း၊  နိုင်ငံ့ဝင်ငွေတိုးတက် စေရေးအတွက်    ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊  သို့မှသာ  ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ကျဆင်း စေရေး တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတကာဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်

နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံသည်   အာဆီယံအဖွဲ့ဝင်နိုင်ငံ၊  ဘင်းစတက်စ် အဖွဲ့ဝင်နိုင်ငံနှင့်     ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံမှု ကောင်းရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်၌ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို စောင့်ထိန်းလျက် အခြား နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဝတ် မပျက်   ပေါင်းဖက်ဆက်ဆံရေးကို   အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊   ယခုနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊     ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း မိမိတို့နိုင်ငံ၏ရွေးကောက် ပွဲဖြစ်ပြီး  ကမ္ဘာ့ရွေးကောက်ပွဲမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံသားများအတွက် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးပမ်းလျက် ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း ရှေ့သို့ရောက်ရှိစေ ရေး  ဆက်လက်ကြိုးပမ်း  အားထုတ်နေရမည်ဖြစ် ကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ဆက်လက် ကြိုးပမ်း   ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိ၏အမြင်များကို ဆွေးနွေးခဲ့ခြင်းဖြစ် ပြီး ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း တိုင်းပြည် အတွက် ကောင်းရာကောင်းကျိုးများကို ဆောင်ရွက် နိုင်ရေး    လိုအပ်သည်များကို   အကြံပြုဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။

ထို့နောက်     ကောင်စီဝင်များက     တည်ငြိမ် အေးချမ်းမှု     လိုအပ်နေသည့်   အချို့ဒေသများ အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရေး၊ တိုင်းရင်းသား ဒေသများတွင်   ခန့်အပ်ထားသော   တိုင်းရင်းသား ဘာသာစကားသင် နေ့စားလပေး ဆရာ ဆရာမများ ၏ကိစ္စရပ်များ၊ Application အသုံးပြု၍ Online ငွေချေးလုပ်ငန်း ဆောင်ရွက်နေသူများကို စိစစ်မှုများ ပြုလုပ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ 

ဆွေးနွေးတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆောင် ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နေ့စားလပေး ဆရာ ဆရာမများ၏ လစာ၊ ခံစားခွင့်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆွေးနွေးသုံးသပ်၍ ပြဋ္ဌာန်းထား သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးနိုင်မည့်ကိစ္စရပ်များ၊ ပညာရေးကဏ္ဍကို ဦးစား ပေးဆောင်ရွက်ပေးလျက်ရှိသည့်  ကိစ္စရပ်များနှင့် Online  ငွေချေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ပြည်ထဲ ရေးဝန်ကြီးဌာနမှ    စိစစ်သွားမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြား သည်။

ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသစ်ဖွဲ့စည်းထားသည့် ကောင်စီနှင့်ကောင်စီဝင်များအား ကြိုဆိုပါကြောင်း၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံကိုကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်၍ မိမိတို့၏ဒေသအတွက်၊ နိုင်ငံတော် ၏အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ကြရန်လိုကြောင်း၊     ထိုသို့    ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက် များအပေါ်အခြေခံပြီး နိုင်ငံတော်အတွက် အကျိုးရှိ စေမည့်   ကိစ္စရပ်များကို    ဦးစားပေးတင်ပြခြင်း၊ ဆောင်ရွက်ခြင်းတို့ကို  လုပ်ဆောင်စေလိုကြောင်း၊ အချို့ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြ ရန်နှင့်    ထိုသို့တင်ပြမှသာ    ကြန့်ကြာမှုမရှိဘဲ ဆောလျင်စွာ  ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ဖြည့်စွက်ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် နိုင်ငံရေး၊ အုပ်ချုပ် ရေးအတွေ့အကြုံနှင့် လုပ်ငန်းတာဝန် အပေါ်မူတည် ၍ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အတတ်နိုင်ဆုံး တိုင်းရင်းသား အားလုံးကို  ကိုယ်စားပြုပါဝင်နိုင်အောင်  ရွေးချယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။
ကောင်စီဝင်များအနေဖြင့် တိုင်းပြည်အတွက် ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပြီး ကောင်စီသည် နိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး အဖွဲ့အစည်းဖြစ် သည့်အတွက် ယင်းနှင့်လျော်ညီစွာ  ပြောဆို၊  ပြုမူ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်စီ ဝင်တစ်ဦးချင်းသည်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ကိုယ်စားပြု၍ တာဝန်ယူဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် တိုင်းပြည်ကို  တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပြီး ပြည်သူများ လုံခြုံစိတ်ချ စိတ်ချမ်းသာစွာ နေနိုင်အောင်  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် အောင်    လုပ်ဆောင်ပေးရန်လိုကြောင်း၊   ထိုသို့ လုပ်ဆောင်ပေးရာတွင် ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးပြီး စီးပွားရေး ကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှာသာ တိုင်းပြည်၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုး တိုးတက်လာပြီး တိုင်းပြည်၏ ဂျီဒီပီ တိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များသည် သမိုင်းတစ်ခုကို   တာဝန်ယူခြင်းဖြစ်သည့်အတွက် မှတ်ကျောက်တင်ခံနိုင်သော လုပ်ဆောင်ချက်များ ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အရာရာကို အရှည် မြော်တွေး၍   လုပ်ဆောင်ကြရန်   လိုအပ်ကြောင်း  မှာကြားခဲ့ကြောင်း သိရသည်။       
          သတင်းစဉ်