စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော အားကစားပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇွန် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ဘော်လီဘော အားကစားကို စိတ်ဝင်စားသူ ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက် အားကစား နည်းများအလိုက် ဌာနပေါင်းစုံ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဘော်လီဘော အားကစားပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အားကစားထူးချွန်သူများ ပေါ်ထွက်လာစေရေးအတွက် အားကစားစိတ်ဓာတ် အပြည့်အဝ ထားရှိပြီး ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော အားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပရာ သတ်မှတ်အုပ်စုအလိုက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အားကစားအသင်းများသည် ပြိုင်ဘက်အသင်းများနှင့် စတင်ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါပြိုင်ပွဲများကို ဇွန် (၁၆) ရက်မှ (၂၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ကြံဖိုစုလျှပ်စစ်ရေတင်လုပ်ငန်း ရေသောက်စနစ်၊ ကွင်းအမှတ် ၁၆၂၃-က ရှိ တောင်သူဦးကျော်ဌေး၏ နွေနှမ်းသီးနှံများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လျှပ်စစ် ရေတင်လုပ်ငန်းဖြစ်၍ ရေအသုံးချသူများအဖွဲ့ (WUG) အနေဖြင့် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေရယူမည့် သီးနှံများတူညီစေရေး၊ သုံးသီး စိုက်ပျိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆင်သေချောင်း ဘေးဝဲယာတစ်လျှောက် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ လယ်မြေများစိုက်ပျိုး‌ရေ ဧကတိုးတက်ရရှိရေးနှင့် ရေဆင်းဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးမြေများကို ဆင်သေချောင်းမှ ရေကူဖြည့်သွင်းနိုင်ရေးအတွက် ရေရရှိရေး နည်းလမ်းများ ထပ်မံစူးစမ်းလေ့လာ တိုင်းတာနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်