စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ (ပထမ အကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ရေလှောင်တမံ၌ ကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဒေသခံ ဝါးစိုက်တောင်သူများ တက်ရောက်ကြ၍ ရတနာတန်းဝင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ တမလန်းသစ်နှင့် ဝါးပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နှစ်အလိုက် မိုးရာသီ သစ်ပင်စိုက်ပျိုးခဲ့မှုနှင့် ထိန်း သိမ်းပြုစုထားရှိမှု၊ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများ၊ ငလိုက်ရေလှောင်တမံ၏ ရေသို လှောင်ထိန်းသိမ်းထားရှိမှုနှင့် ဒေသ၏ စိုက်ပျိုးရေ၊ သောက်သုံးရေ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

နေပြည်တော် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေး၊ သစ်တောသစ်ပင် သဘာဝ သယံဇာတများ တည်တံ့တိုးပွားစေရေးနှင့် ရာသီဥတု ညီညွတ်မျှတစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုပထမအကြိမ်တွင် ရတနာတန်းဝင် ကျွန်း၊ နှစ်ရှည်သစ်မာပင်နှင့် ဝါးပင် စုစုပေါင်း ၅၂၀ ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်