စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး အကြို လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဆရာ ဆရာများနှင့်တွေ့ဆုံရာ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်း နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပါမောက္ခချုပ် ဒေါက်တာမာမာဝင်းတို့က ကျောင်းများ စတင်လက်ခံပေးနေမှု၊ ကျောင်းသူ ကျောင်းသားအဆောင်များ စာသင်ဆောင်များ ကျောင်းသားဦးရေ လက်ခံနိုင်မှု ပမာဏနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူနိုင်ရေး စီမံဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ရေဆင်းဒေသသည် အဆင့်မြင့်ပညာ သင်ကြားရေးနှင့် သုတေသနဌာနများ တည်ရှိနေပြီး စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး၊ မွေးမြူဆေးကု တိုင်းပြည်ပြု ဆောင်ပုဒ်များနှင့်အညီ အဆင့်မြင့် ပညာရပ်များ မွေးထုတ်ပေးသည့် ရပ်ဝန်းတစ်ခုဖြစ်သည့် အားလျော်စွာ တက္ကသိုလ်များအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားရေး၊ လေ့ကျင့်ရေး၊ သုတေသန လုပ်ငန်းများကို တိကျသော အချိန်ဇယားခွဲဝေမှု ပုံစံဖြင့် စနစ်တကျ သင်ကြားပေးကြရန်လိုကြောင်း၊ အလားတူ အင်တာနက်များ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး တက္ကသိုလ်များ အချင်းချင်း ချိတ်ဆက်၍ နည်းပညာဖလှယ်နိုင်ရေး၊ ရာသီအလိုက် အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အခြေခံသည့် အခမ်းအနားများ၊ ကျပန်းစကားပြောပွဲများ စသည်တို့ ဆောင်ရွက်ပေးပြီး ပတ်ဝန်းကျင်နှင့် သဟဇာညီစွာ ဝင်ဆံ့သည့် ဘက်စုံထူးချွန်သူများ ဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက် ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး ဆရာသမားကောင်းများပီသစွာ အားထုတ် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ လက်တွေ့ဆောင်များ၊ သုတေသန ဓါတ်ခွဲခန်းများ၊ စာကြည့်တိုက်နှင့် စားရိပ်သာများ၊  ကျောင်းသားကျောင်းသူ အဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားခဲ့ရသဖြင့် ဆုံးရှုံးခဲ့ရသော စာသင်ကာလများ အစားထိုးဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်မှုကြောင့် သင်ကြားမှု သင်ယူမှု အရည်အသွေး ထိခိုက်မှု မရှိစေရေး၊ ကျောင်းတက်ရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်နိုင်ကြရန် တတ်နိုင်သည့်ဘက်က ကူညီဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဆရာ ဆရာမများ ဝန်ထမ်းများ၏ မိသားစုများ နေရေးစားရေး ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာများကို တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။

 

mdn

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းဆည်သို့ ရောက်ရှိကြပြီး ရေဆင်း ဆည်ရေသောက်အတွင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှုနှင့် ဆည်ရေပေးဝေနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူအတွက် ဝင်ငွေအများဆုံး သီးနှံပုံစံ ဖော်ထုတ်ပေးရေး၊ မြေဆီဩဇာထက်သန်ရေး၊ သဘာဝ မြေဩဇာ၊ ဓါတ်မြေဩဇာများ စနစ်တကျ အသုံးပြုရေး၊ တစ်နှစ် (၂) သီးစားမှ (၃) သီးစားအထိ တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ စိုက်ကွင်းများ ရေသွင်းရေထုတ် မှန်ကန်ရေး နှင့် ရေတင်နည်း မျိုးစုံဖြင့် စိုက်ပျိုးရေ အသုံးပြုနိုင်ရေး၊ ဒေသစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များ သုတေသနဌာနများနှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်