စိုက်ပျိုးရေးကျောင်း၊ ပျဉ်းမနား တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၄

စိုက်ပျိုးရေးကျောင်း၊ ပျဉ်းမနား စတင်တည်ထောင်ခြင်းနှစ်(၁၀၀)ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်းရှိ နှစ်(၁၀၀)သက်တမ်း ရှေးဟောင်းအဆောက်အအုံရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ် စိုက်ပျိုးရေးသိပ္ပံကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးအထက်တန်း ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ တောင်သူ လယ်သမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့်စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားဟောင်းများက စိုက်ပျိုးရေးကျောင်း၊ ပျဉ်းမနား စတင်တည် ထောင်ခြင်း နှစ်(၁၀၀)ပြည့် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ် အဖြစ် ကံ့ကော်ပင်နှင့် စိန်းပန်း၊ သပြေဘူတ၊ ငုရွှေဝါပင်များကို စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌနှင့်  ဧည်သည်တော်များက အထိမ်းအမှတ် ကမ္ပည်းကျောက်စာနှင့် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းကြေးပြားကို အမွှေး နံ့သာရည်များပက်ဖျန်းပေးကြပြီး ခေတ်အဆက်ဆက်က သုံးစွဲခဲ့သည့် ရှေးဟောင်း လယ်ယာသုံး စက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် လက်သမားပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေး ကျောင်း၊ ပျဉ်းမနား စမ်းသပ်ဖွင့်လှစ်ခဲ့သည့် Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး) ကိုယ်တိုင်ရေးသားစပ်ဆိုခဲ့သော စိုက်ပျိုးရေးကျောင်းဩဘာ သီချင်းဖြင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် စိုက်ပျိုး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်နေသော လူသားအရင်းအမြစ်များ၊ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ပညာရှင်များ သင်ကြားလေ့ကျင့် မွေးထုတ်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်း ကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲအောက်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်း (၁၅)ကျောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားစိုက်ပျိုးရေးကျောင်းကို လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ့လေးနှစ်ကျော် ခန့်မှ စတင်၍ စိုက်ပျိုးရေးကျောင်းအဖြစ် တည်ထောင်ခဲ့ပါကြောင်း။

မှတ်တမ်းများအရ ၁၉၁၇ ခုနှစ်တွင် Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး)မှ စိုက်ပျိုးရေးကျောင်းကို စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် စိုက်ပျိုးရေးကျောင်းအဖြစ် တရားဝင်ဖွင့်လှစ်နိုင်ရေး လျှောက်ထားခဲ့ရာ စိုက်ပျိုးရေးကျောင်း (American Baptist Missionary (ABM) Agricultural School အဖြစ် ၁၉၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား (၃၉)ယောက် တက်ရောက်ခဲ့ပါကြောင်း၊ နှစ်(၁၀၀)ပြည့် သမိုင်းအထောက် အထားအဖြစ် ၁၉၂၃ ခုနှစ်၌ စိုက်ပျိုးရေးကျောင်းသစ်အတွက် ဆောက်လုပ်ခဲ့သည့် လယ်ယာ စက်မှုအဆောက်အဦကို တွေ့မြင်နိုင်ပါကြောင်း၊ စိုက်ပျိုးရေးပညာသင်ကြားခဲ့သည့် သမိုင်း တွင်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအရလည်း သမိုင်းတန်ဖိုးကြီးမားသည်ကို တွေ့ရှိရပါကြောင်း။

၁၉၅၄ ခုနှစ် ဇွန် ၁ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော စိုက်ပျိုးရေးသိပ္ပံအဖြစ် အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးပညာရှင် အမြောက်အများကို မွေးထုတ် ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်တွင် အဆင့်မြင့် တာဝန်များအထိ ထမ်းဆောင်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခဲ့ပါကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးမွေးမြူရေးအတွက် အရည်အချင်းပြည့်ဝသော စံပြကျောင်းအဖြစ် ဝိုင်းဝန်းကြိုးစား ထိန်းသိမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဧည့်သည်တော်များကို အထိမ်းအမှတ် လက်ဆောင်များပေးအပ်သည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  ဧည့်သည်တော်များသည် ခေတ်အဆက်ဆက် စိုက်ပျိုးရေးပညာရပ် သင်ရိုးညွှန်းတမ်း ပြခန်း များ၊ မျိုးစေ့ပြခန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ၊ စက်မှုလယ်ယာသုံး ယာဉ် များ၊ ပစ္စည်းကိရိယာများ၊  စိုက်ပျိုးရေ ပေးဝေရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးကျောင်း၊ ပျဉ်းမနား စတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားဟောင်းများဖြစ်ကြသည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာမြင့်သောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီး (အငြိမ်းစား) ဦးတင်ဆန်း၊ လက်ထောက်ကထိက (အငြိမ်းစား) ဦးချစ်ဝိုင်း၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးဟိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဦးဆောင် ဆွေးနွေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ မေးမြန်းမှုကို ပြန် လည်ဖြေကြားကြသည်။

ယင်းနောက် စိုက်ပျိုးရေးကျောင်း၊ ပျဉ်းမနား စတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လိုဂို၊ ပန်းချီ၊ ကဗျာ၊ သီချင်းနှင့် အားကစားပြိုင်ပွဲ၌ ဆုရရှိသူများကို ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်