စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား) အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၁

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၏ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ  ဆရာမများ၊ ဒီပလိုမာတက်ရောက်ယူကြမည့် ကျောင်းဆင်း မောင်မယ် များနှင့် မိဘများဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၃ နှစ်တာကာလအတွင်း စာတွေ့သင်ယူခဲ့ကြသည့် နည်းပညာများ နှင့် လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ခြင်းမှရရှိသည့် အသိပညာ အတတ်ပညာများကို စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများတွင် အလယ်အလတ် ပညာရှင်များအဖြစ် နိုင်ငံတော်၏ လယ်ယာကဏ္ဍကြီး ဆတက်ထမ်းပိုးတိုးတက်အောင် စွမ်းဆောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားတန်းစဉ်ပေါင်း အမှတ်အများဆုံးဆုရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီး မြှင့်ပြီး ကျောင်းဆင်းမောင်မယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ကျောင်အုပ်ကြီး ဒေါ်ဝင်းရီက ကျောင်းဆင်း မောင်မယ် (၁၇၄)ဦးကို စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်များ အပ်နှင်းသည်။

 

၂၀၂၃ ခုနှစ်တွင် ရာပြည့်အခမ်းအနားကျင်းပခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)မှ ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ (၅၅၄၄)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းမြန်မာနိုင်ငံ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (၁၅) ကျောင်းမှ   ၁၉၅၆ ခုနှစ်မှ ယခု ၂၀၂၃ ပညာသင်နှစ်အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ (၂၅၅၅၂) ဦး နှင့် မွေးမြူရေး ဒီပလိုမာ လက်မှတ်ရ (၄၁၇)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)