စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ) တွင် မွေးမြူရေးဒီပလိုမာသင်တန်း ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး 

နေပြည်တော် ဧပြီ ၂၂
    
စိုက်ပျိုးရေး မွေးမြူရေး အလယ်အလတ်အဆင့် ပညာရှင်များဖြစ်စေရေး သင်ကြား လေ့ကျင့်မွေးထုတ်ပေးရာတွင် စိုက်ပျိုးရေး မွေးမြူရေး ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးသာမက စုပေါင်းဆောင်ရွက်သည့်အလေ့အကျင့် ကောင်းများနှင့် ၊ စဉ်ဆက်မပြတ်လေ့လာကြိုးစားလိုစိတ် ၊ တွေးခေါ် မြော်မြင်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ် နိုင်စွမ်းမြင့်မားသည့် အသိပညာဖွံ့ဖြိုးရေးကိုပါ အလေးထားပို့ချပေးကြ စေလိုကြောင်း ယမန်နေ့က မကွေးတိုင်းဒေသကြီးရှိ စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ) ကျောင်း တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ)တွင် မွေးမြူရေးဒီပလိုမာ သင်တန်းတိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိရာ မွေးမြူရေးပညာ လက်တွေ့သင်ကြားရေး အဆောက် အအုံများ ဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်နှင့် နွားမွေးမြူရေးခြံများ တည်ဆောက်ပြီးစီးပြီဖြစ်သကဲ့သို့ လျာထား ကျောင်းသား ကျောင်းသူ ဦးရေ အပြည့်အဝ လက်ခံသင်ကြားပေးနိုင်ရေး အတွက် အိပ်ဆောင်များ နှင့် စာသင်ဆောင်များ တိုးချဲ့ပြင်ဆင် မွမ်းမံမှုများ ဆောင်ရွက်ပြီးဖြစ်ကာ၊ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က သတ်မှတ်ထားသည့် စာသင်ကာလ အတွင်း သင်ကြားရေးလုပ်ငန်းများ ထိရောက်စွာ သင်ကြားပေးနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်း စစ်ဆေးကြခြင်းဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည်  မဲဇလီရေလွှဲဆည်မှ ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေစပါး ဧက(၃)သောင်းခန့်အပါအဝင် စိုက်ပျိုးမြေ စုစုပေါင်း ဧက (၆)သောင်းကျော် စိုက်ပျိုးရေ ပေးဝေနေမှုကိုကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက် တောင်သူများ စုပေါင်းဖွဲ့စည်းထားသည့် ရေအသုံးချသူများအဖွဲ့(WUG)များ နှင့် တွေ့ဆုံ၍ ဆည်ရေများ လေလွင့်ဆုံးရှုံးမှု မဖြစ် ပေါ်စေရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး၊ စိုက်ပျိုး ရေးလုပ်ငန်း၊ ရေအသုံးချမှု လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်း(ပွင့်ဖြူ)သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နွားများတွင်ဖြစ်ပွားတတ်သော Coccidia ကပ်ပါးရောဂါအပေါ် Toltrazuril နှင့် Amprolium တို့၏ နှိမ်နင်းနိုင်စွမ်းကို Coccidia ကပ်ပါးရောဂါ စွဲကပ်နေသော ဒေသနွား (နွားရွှေနီ) (၉)ကောင် (Average BW 200 kg)ကို အသုံးပြု၍  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် သုတေသနပြု ဆောင်ရွက်ခဲ့မှု၊ သုတေသနရလဒ် များကို အများပြည်သူထံ အသိပညာဖြန့်ဝေနိုင်ရန် ဆောင်ရွက်ထားရှိမှု ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တိရစ္ဆာန် မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန်အတွက် မျိုးရင်းမျိုးစစ်များ ထိန်းသိမ်းခြင်း၊ မျိုးထိန်းမျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း တို့အတွက် သုတေသနပြုဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားပြီး မွေးမြူရေး သုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်