စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပြခန်းများအား ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လေ့လာ

နေပြည်တော် ဇွန် ၂၄

 

နေပြည်တော်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ဇွန် ၂၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြခန်းများ ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပြခန်းများအဖြစ် ခေတ်အဆက်ဆက် သင်ရိုးညွှန်းတမ်းများနှင့် သင်ထောက်ကူပြခန်းများ၊ ပညာရှင်များ မွေးထုတ်ပေးခဲ့နိုင်မှုပြခန်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်လာမှုပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်းများ၊ မျိုးစေ့နှင့် သွင်းအားစုပြခန်းများ ပြသခဲ့သည်။ ထို့အပြင် စိုက်ပျိုးရေးသိပ္ပံအဖြစ် စတင်တည်ထောင်စဉ်ကာလက အသုံးပြုခဲ့သည့် လယ်ယာသုံး စက်ကိရိယာများနှင့် လက်ရှိအသုံးပြုလျက်ရှိသည့် ခေတ်မီစက်ကိရိယာများကိုလည်း စိတ်ဝင်စားဖွယ် ပြသထားရှိသည်။

 

၁၉၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)ရှိ လယ်ယာစက်မှုအဆောက်အအုံကြီးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်၏ ရှေးဟောင်းအဆောက်အအုံ အမှတ် နပတ-၃၀၀၁ အဖြစ် သတ်မှတ်ထားကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ ဂုဏ်ယူဖွယ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အခမ်းအနားဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)