စိုက်ပျိုးရေးတက္ကသိုလ်ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ 

နေပြည်တော် မေ ၁၂
စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 
အစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အဖြစ် ကျင်းပနိုင်ခြင်းဖြစ်သည့်အတွက် မှတ်တမ်းတင်အပ်ပါကြောင်း၊ ဘွဲ့ရတစ်ဦးဖြစ်မြောက်ရန်အတွက် (၅) နှစ်တာကာလမှာ မောင်မယ်များအတွက်သာမက ပံ့ပိုးပေးသူ မိဘဆွေမျိုးများ၊ စေတနာထား သင်ကြားပေးသူ ဆရာ၊ ဆရာမများ နှင့် ကျောင်းတော်ကြီးအတွက်လည်း ဝမ်းသာဂုဏ်ယူရသော နေ့တစ်နေ့လည်းဖြစ်ပါကြောင်း။
နှစ်စဉ်တက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများ၏ မိဘအလုပ်အကိုင် ဇစ်မြစ်များကို လေ့လာကြည့်ရာတွင် ကျောင်းသား ကျောင်းသူ (၅၀) ရာခိုင်နှုန်း၏ မိဘများမှာ တောင်သူလုပ်ငန်း လုပ်ဆောင်ကြသည်ကို တွေ့ရှိရကြောင်း၊ နှစ်စဉ်တစ်နိုင်ငံလုံး၏ အခြေခံပညာအထက်တန်း ပြီးမြောက်အောင်မြင်သူ (၁) ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်တက်ရောက်ခွင့် ရရှိနေခြင်းသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအတွက် စိုက်ပျိုးရေးပညာဘွဲ့ရ လူသား အရင်းအမြစ်များ ပိုမိုမွေးထုတ်ပေးနိုင်ရေး အလေးထားကြိုးပမ်းရန် လိုအပ်နေသည်ကို သုံးသပ် ရပါကြောင်း။ 
မိမိတို့ကျောင်းတော်မှ စိုက်ပျိုးရေးဘာသာရပ်များအပြင် ဆက်စပ်စဉ်းစားတွေးခေါ်မှု တတ်မြောက်မှု (Critical Thinking Skill)၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှု (Physical Fitness)၊ ပြောင်းလဲလာသော နည်းပညာများကို ဆက်လက်လေ့လာနိုင်ရန် သတင်းအချက်အလက်နှင့် နည်းပညာတတ်မြောက်မှု (Information & Communication Skill) တို့ကိုပါ လေ့ကျင့်သင်ကြားပေးလိုက်ခြင်းဖြစ်ကြောင်း၊ သင်ကြားမှုပုံစံကိုလည်း သင်ကြားပေးသူနှင့် သင်ယူသူ အချိုးအစားမျှတစေပြီး အားနည်းသည့်ဘာသာကို ပြန်လည်လေ့လာဖြေဆိုရသော သင်ကြားမှုစနစ်ကို ကျင့်သုံးသည့် ပထမဦးဆုံးသော ဘွဲ့ရမောင်မယ်များဖြစ်ကြောင်း၊ ဘွဲ့ရ မောင်မယ်များအနေဖြင့် မိမိတို့တတ်ကျွမ်းသော ပညာများကို တိုးတက်လာသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ပြောင်းလဲလာသော ရာသီဉတုအခြေအနေများနှင့် ဆက်စပ်ပြီး စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် လိုအပ်သကဲ့သို့ သမာသမတ်ကျသည့် အတွေးအခေါ် အယူအဆများရှိကြရန်နှင့် နိုင်ငံတော်အကျိုး မိမိအကျိုး မျှမျှတတစဉ်းစား လုပ်ဆောင်နိုင်ရေးကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပထမနှစ်မှ နောက်ဆုံးနှစ်ထိ တန်းစဉ်ပေါင်း အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဂုဏ်ပြုဆုချီးမြှင့်သည်။
အစီအစဉ် ဒုတိယပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး၊ ပါရဂူဘွဲ့၊ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့၊ စိုက်ပျိုးရေး မဟာဒဿနဘွဲ့၊ စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့များကို အပ်နှင်းသည်။
ယနေ့ကျင်းပသည့် စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် စိုက်ပျိုးရေး သိပ္ပံဘွဲ့ (၂၁၂) ဦး၊ ပါရဂူဘွဲ့ (၅) ဦး၊ မဟာသိပ္ပံဘွဲ့ (၂၇) ဦး၊ စိုက်ပျိုးရေးမဟာဒဿနဘွဲ့ (၂) ဦး၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ (၄) ဦး စုစုပေါင်း (၂၂၄) ဦးကို ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း၊  သက်တမ်းနှစ်တစ်ရာပြည့်အထိ စိုက်ပျိုးရေးတက္ကသိုလ် မှ စိုက်ပျိုးရေး သိပ္ပံဘွဲ့ (၁၃၁၉၇ ဦး)၊ ပါရဂူဘွဲ့ (၇၉) ဦး၊ စိုက်ပျိုးရေးသုတေသနအခြေပြု ပါရဂူဘွဲ့ (၆) ဦး၊ မဟာ သိပ္ပံဘွဲ့ (၆၇၁) ဦး၊ မဟာဒသနဘွဲ့ (၁၁) ဦး၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ (၄၃) ဦး၊ စပါးအထူးပြု စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာ (၂၄) ဦး၊  စိုက်ပျိုးရေးစီးပွားပညာဒီပလိုမာ (Israel + YAU) (၅၆၅) ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်