စိုးနှောင့်ဗျာပွေမဖြစ်လေနှင့်....

 

အိုးစားဖက်

 

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း ယောက်မတို့လေ။

သူများမောင်မှာ

စစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်။

နှမလေးမယ်တို့မောင်မှာ

စစ်သံကြားလျှင် ရွှေဓားပိုက်ကာ

အိုးစားဖက်ကို  လိုက်လို့ရှာသည်

ရိက္ခာကနည်း  မိုးကသည်းနှင့်

သင်းတွဲကိုကူးပါလိမ့်မလားတော်။

(စစ်မှာတစ်မူ   အိုင်ချင်းမှ)

 

ပင်စင်ယူထားတာ မကြာသေးတဲ့ အသိတစ်ယောက်ဆီကို ပြီးခဲ့တဲ့ရက်ကရောက်သွားတယ်။ မိမိရောက်သွားတော့ သူကဖုန်းပြောလက်စ။ “အေး ငါစာရင်းသွားပေးမလို့အဲဒါဘယ်မှာပေးရမလဲလို့ မင်းဆီ လှမ်းမေးတာ..ဒါပဲ‌နော်..” ဆိုပြီး  ဖုန်းချလိုက်တယ်။  ကျွန်တော့်ကို ကြည့်ပြီး  “အေး.. မင်းရောက်လာလို့ နို့မို့ဆို ငါသွားတော့မလို့ အထုပ်ပြင်ပြီးပြီ၊  အခုတောင်ဘယ်မှာ သတင်းပို့ရမလဲလို့မေးနေတာဟု နောက်သလိုနဲ့ပြောတော့ ကျွန်တော်ကဘာလဲလို့ ပြန်မေးလိုက်တယ်။

 

စစ်မှာတစ်မူဆိုတဲ့ အိုင်ချင်းကိုသွားသတိရ

 

“အေး ငါတို့ စစ်မှုထမ်းဟောင်းတွေ အရန်တပ်ဖွဲ့ဝင် (စစ်မှုထမ်းဟောင်း)  စာရင်းပေးလို့ရတယ်ဆိုလို့    စာရင်းသွားပေးမလို့။ ငါကဗိုလ်ကြီးရာထူးနဲ့ တပ်ကအငြိမ်းစားယူတာဆိုတော့ အဲဒီရာထူး ပြန်ပေးမယ် ပြောတယ်။ ငါ့ကို ဘာမှမပေးနဲ့ ၊ G-3 , G-4 လို လက်နက်တွေမပေးနဲ့။ ဟိုတုန်းက ရိုင်ဖယ်တစ်လက်ပဲပေး  ကောင်းကောင်း ပစ်ပြမယ် တဲ့။  ကျွန်တော်ကတောင်   စလိုက်သေးတယ်။  “ဘာလဲ ရိုင်ဖယ်တိုင်မကွယ်နဲ့၊    မိုင်နှစ်ဆယ်အသာလေးလားလို့ဆိုတော့ “ဒီကောင်တွေကို   ခံပြင်းလွန်းလို့၊   ငါတို့တုန်းက သံလွင်မြစ်ကို ဝါးဖောင်နဲ့ကူးပြီးတိုက်လာတာ၊ ဒီလောက်နည်းပညာတွေ တိုးတက်လာတဲ့ခေတ်ကျမှကွာ လို့ အားမလို၊ အားမရ‌ပြောနေတာကိုကြည့်ပြီး အထက်ကဖော်ပြခဲ့တဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ စစ်မှာတစ်မူဆိုတဲ့ အိုင်ချင်းကိုသွားသတိရမိတာပါ။

တပ်မတော်သားတစ်ခါဖြစ်ဖူးရင် ထာဝရစစ်သားဖြစ်သွားတယ် ဆိုတဲ့စကားကို ကြားဖူးခဲ့တာ။ အခုလို အိုးစားဖက်ကို လိုက်ဆက်သွယ်နေတဲ့ စစ်သားဟောင်းကြီးကို မျက်မြင်တွေ့လိုက်ရတော့ တပ်မတော်အပေါ်၊ တိုင်းပြည်အပေါ်ထားတဲ့ သူတို့ရဲ့စိတ်စေတနာကို လေးစားမိပါတယ်။ သူဆိုရင် စစ်သားပီပီသသနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ တပ်ဘက်ကနေ အရပ်ဘက်ကိုရောက်လာတော့လည်း ရိုးရိုးသားသားကြိုးစားပြီး မိသားစုငါးယောက်ရဲ့ စားဝတ်နေရေးကို မညည်းမညူထမ်းခဲ့တာ၊ သားသမီးတွေကလည်း အရွယ်ရောက်လို့ သူတို့ဝန် သူတို့ထမ်းနိုင်တဲ့အချိန်မှာ သူကပင်စင်ယူ၊ ဘဝကို အေးအေး ချမ်းချမ်းနဲ့ ဖြတ်သန်းရတော့မယ့်အချိန်မှာ နိုင်ငံတော်မှာ ဒီလိုအခြေအနေတွေဖြစ်လာတော့ ထာဝရ စစ်သားကြီးရဲ့ တာဝန်ပြန်ယူချင်တဲ့စိတ်၊အိုးစားဖက်ကိုလိုက်ရှာချင်တဲ့စိတ်ကို မလေးစားဘဲမနေနိုင်ဖြစ်ရပါတယ်။

သူ့ဆီကပြန်ရောက်ပြီး နောက်ရက်မှာပဲ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာထုတ်ပြန် ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီဥပဒေဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြုပြီးသားဥပဒေဖြစ်ပါတယ်။ အချိန်အခါအရ လိုအပ်လာလို့ ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ကြေညာတယ်လို့  ယူဆပါတယ်။ ဒါကို အခုချက်ချင်းပဲ စစ်ထဲလိုက်ရတော့မယ့်အတိုင်း လူမှုကွန်ရက်ပေါ်မှာ လူငယ်တွေကို  လမ်းမှားရောက်အောင် တွန်းပို့ လုပ်ဆောင်နေကြတာကို တွေ့မြင်ရပါတယ်။ တကယ်တော့ ဥပဒေအာဏာ တည်သွားပေမယ့် လက်တွေ့ကျင့်သုံးနိုင်ဖို့အတွက် အဆင့်ဆင့်ဆောင်ရွက်ရမှာတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ကြော်ငြာစာတွေ၊ အမိန့်နဲ့ညွှန်ကြားချက်တွေ စသည်ဖြင့် လုပ်ငန်းစဉ်တွေ အများကြီးကျန်ပါသေးတယ်။ လောလောဆယ်တော့ ရှိပြီးသားဥပဒေတစ်ခုကို အသက်ဝင်အောင် ဆောင်ရွက်ခြင်း အဆင့်ပဲ ရှိပါသေးတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင်ဆောင်ရွက်ခြင်းဟာ ပြည်သူလူထုပါဝင်တဲ့ ကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်ဖို့အတွက် တစ်နည်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေး အင်အားစုကြီးတစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ ထင်ပါတယ်။ လူငယ်များ ကြံ့ခိုင်ရေး၊ အမျိုးသားရေးစိတ်နိုးကြားရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ စစ်မှန်သောဖက်ဒရယ်စနစ် တည်ဆောက်ရေး၊ မြို့ရွာရပ်ကွက်များ စနစ်တကျ ကာကွယ်ရေးအတွက် မျိုးဆက်သစ်လူငယ်တွေကို တိုင်းပြည်ရဲ့ အားများဖြစ်လာအောင် စုစည်းထားခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနဲ့ မိမိတို့ရပ်ရွာဒေသ ကာကွယ်ရေးအတွက် ရပ်ရွာလူငယ်များစုစည်းပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအောက်ကနေ ခိုင်မာအားကောင်းတဲ့ ကာကွယ်ရေးအရန်တပ်ဖွဲ့ကြီး ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ထင်ပါတယ်။ တစ်နည်းအားဖြင့်  မျိုးဆက်သစ်လူငယ်တွေ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်မှုထမ်းပြီးတဲ့နောက် အတွေးအခေါ်၊ အယူအဆတွေမှန်ကန်လာပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့စိတ်၊ မိမိတိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်တွေကို သိမြင်လာမှာဖြစ်ပါတယ်။

လက်ရှိအွန်လိုင်းပေါ်မှာတော့ ပြည်ဖျက်မီဒီယာတွေက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လူငယ်တွေ စိတ်ဓာတ်ပျက်ပြားအောင်၊ တပ်မတော်ကို ဆန့်ကျင်အောင် နည်းလမ်းမျိုးစုံနဲ့ လှုံ့ဆော်သွေးထိုး ပြီးတော့ အောက်လမ်းကနေ ပြည်ပကိုထွက်ကြတော့၊ လွတ်မြောက်နယ်မြေကို လာခဲ့တော့ဆိုပြီး စည်းရုံးလှုံ့ဆော် နေကြပါတယ်။  လူငယ် မျိုးဆက်သစ်တွေအနေနဲ့ နားမယောင်ဖို့လိုပါတယ်။

 

ကျန်းမာတဲ့လူမှန်ရင် စစ်ထဲမဝင်မနေရ၊စစ်မှုမထမ်းမနေရဆိုပြီး စံနစ်နဲ့ဖြစ်

 

ဒီနေရာမှာ အလျဉ်းသင့်လို့ လွတ်လပ်ရေးမရမီ  ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က  ရန်ကုန်မြို့တော်ခန်းမ အပြင်ဘက်မှာ ပြည်သူလူထုကို ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားသွားတဲ့မိန့်ခွန်းထဲက စာပိုဒ်တစ်ခုကို ကောက်နုတ်ဖော်ပြချင်ပါတယ်။ ဒါကတော့ “ဗမာပြည်လွတ်လပ်ရေးရတဲ့အခါမှာ ဗမာပြည်ကို ကာကွယ်ရမဲ့ တာဝန်ဟာ ကျွန်တော်တို့တာဝန်ဖြစ်လာမယ်။ အရင်တုန်းကလို အေးအေးဆေးဆေးနေလို့ မဖြစ်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်အစိုးရလုပ်တဲ့လူတွေက တိုင်းပြည်ကာကွယ်ဘို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းတယ်ဆိုရင် ဗမာတိုင်း၊ ဗမာတိုင်းအရွယ်ရောက်တဲ့ လူတွေမှန်သမျှ  ကျန်းမာတဲ့လူမှန်ရင် စစ်ထဲမဝင်မနေရ၊ စစ်မှုမထမ်းမနေရဆိုပြီး စံနစ်နဲ့ဖြစ်လာလိမ့်မယ်။ နှစ်နှစ်တန်သည်ဖြစ်စေ၊ သုံးနှစ်တန်သည်ဖြစ်စေ စစ်ထဲမှာဝင်ရမယ်။ တိုက်ချင်၊ မတိုက်ချင် ဝင်တိုက်ရမှာဘဲ။ အဲဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်မဲ့တာဝန် မျိုးဘဲ။ (သတ်ပုံမူရင်း) ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီလွန်ခဲ့တဲ့ နှစ်ပေါင်း ၇၇ နှစ်လောက်ကတည်းက မျှော်မှန်းခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကြီးဖြစ်တယ်ဆိုတာ  မျိုးဆက်သစ်တွေကို သိစေချင်တာပါ။