စိုးသူက အသက်အရွယ်အရ ဇာတ်ကားရွေးချယ်ရိုက်ကူးမည်ဟု ပြောကြား

ကိုလင်း

၁၉၈၃ ခုနှစ် အဖြူအမည်း ရုပ်ရှင်ခေတ်မှ စတင်ကာ ရုပ်ရှင်ပိတ်ကားပေါ်တွင် အောင်မြင်မှုများရရှိခဲ့သလို အဆိုတော်လည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်းဖြစ်သည့် စိုးသူက အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်နေချိန်တွင် အသက်အရွယ်အရ ဇာတ်ကားများကို ရွေးချယ်ရိုက်ကူးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စိုးသူသည် လတ်တလောတွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ ဇာတ်ကားသုံးကား ရိုက်ကူးလျက်ရှိရာ ပထမဆုံးဇာတ်ကားအဖြစ် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နှင့်အတူ တရားလား အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးနေပြီဖြစ်ကာ မကြာမီ ရုံတင်ပြသတော့မည်ဟု သိရသည်။ သရုပ်ဆောင် စိုးသူနှင့် တွေ့ဆုံ၍ လတ်တလော အနုပညာလှုပ်ရှားမှုများကို ယခုလို မေးမြန်းဖြစ်ခဲ့သည်။

မေး။ တရားလား ရုပ်ရှင်အကြောင်းကို ပြောပြပေးပါ။

ဖြေ ။   ဒီဇာတ်ကားကတော့ လက်ရှိ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ရုပ်ရှင်ပိတ်ကားပေါ်ကတစ်ဆင့် ချပြထားတာပေါ့။ ကျွန်တော်ကရွာမှာ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားပြီးတော့ ကစ်ကစ်ရဲ့အစ်ကိုနေရာက ပါဝင်ထားတယ်။ လက်ရှိမှာ တည်းဖြတ်အပိုင်းတွေ လုပ်နေကြပါတယ်။

မေး။ နောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းခဲ့ရင် ရိုက်ဖို့ပြင်ဆင်မှုတွေက။

ဖြေ။ ကျွန်တော့်အနေနဲ့ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပါဘူး။ တကယ်ကို ငြင်းမရတဲ့သူဆိုရင်တော့ ရိုက်ကူးဖြစ်မှာပါ။ တချို့ အလွန်ခင်တဲ့ မိတ်ဆွေတွေကတွေ့တိုင်း ကားရိုက်ခိုင်းတယ်။ သူတို့ နှစ်နဲ့ချီပြီးတော့ ပြောလာတော့ အားနာရတယ်။ ဒါကြောင့် ဇာတ်ကားတွေ ရိုက်ပေးဖြစ်တာပါ။

မေး။ ကိုယ်ရိုက်ကူးချင်တဲ့ဇာတ်မျိုးတွေရော ရှိသလား။

ဖြေ။    ကိုယ့်အရွယ် အနေအထားနဲ့ ကိုက်ညီရင်တော့ ကျွန်တော်ရိုက်ဖြစ်မှာပါ။ ပရိသတ်လည်း အားပေးရကျိုးနပ်မယ်၊ အားလုံးအတွက်လည်း အဆင်ပြေပြီးအရွယ်နဲ့ လိုက်ဖက်မယ့်ဇာတ်ဆိုရင် ရိုက်ကူးသွားမှာပါ။

မေး။  လက်ရှိရုပ်ရှင်လောကအပေါ် အမြင်လေး ပြောပါဦး။

ဖြေ။    ရုပ်ရှင် ဇာတ်ကားဖန်တီးမှုတွေလည်း အများကြီး တိုးတက်လာပါတယ်။ ကြည့်ရှုသူတွေရော၊ ဖန်တီးသူအပိုင်းကရော အစစအရာရာ တိုးတက်လာတာကို တွေ့ရပါတယ်။ ကောင်းပါတယ်။

မေး။  ဂီတပိုင်းနဲ့ ပတ်သက်ပြီးရော ဘယ်လိုဖန်တီးဖြစ်မလဲ။

တချို့ပရိသတ်တွေက သီချင်းကို ပြန်လည်တောင့်တကြတာရှိတယ်ဆိုတော့ အဟောင်းလေးတွေ ပြန်ထုတ်မယ်။ သီချင်းဟောင်းတွေကို ပြန်နားထောင်ဖို့ သီချင်းခွေတွေလည်း မရှိတော့ဘူး။ စုဆောင်းချင်သူတွေမှာလည်း မရှိတော့ဘူးလို့ ပြောကြတယ်။ တောင်းဆိုသူများနေတော့ သီချင်းဟောင်းလေးတွေကို ပြန်ဆိုပြီး ခွေထုတ်ဖို့တော့ စီစဉ်နေပါတယ်။ အရင်တုန်းက ကျွန်တော်က ကော်ပီတွေလည်း ဆိုဖြစ်တာကိုး။ အမှန်ကတော့ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုချင်တော့တယ်။ ပရိသတ်ကြိုက်တဲ့ အထဲမှာ ကော်ပီသီချင်းလေးတွေလည်း ပါနေတော့ အဆင်အပြေဆုံး အနေအထားပြန်စုပြီး ထုတ်မယ်လို့ စဉ်းစားထားပါတယ်။

မေး။  ဒီနေ့ ဂီတရေစီးကြောင်းက အွန်လိုင်းပေါ် တင်လာကြပြီဆိုတော့ အစ်ကို အနေနဲ့ရော။

ဖြေ။    ခေတ်ကာလအရ တစ်ကမ္ဘာလုံးမှာ တိုးတက်ပြောင်းလဲလာပြီဆိုတော့ အမြင်တွေလည်း ကျယ်လာတယ်။ လူငယ်တွေအတွက် လမ်းတွေလည်း ပွင့်လာတယ်ပေါ့။ ဘက်စုံထောင့်စုံ တိုးတက်လာတယ်။ ကျွန်တော်ရဲ့ ကိုယ်ပိုင်သံစဉ်သစ်တွေ ရေးထားပြီး ခွေထုတ်ဖို့ ကြန့်ကြာနေတာရှိတယ်။ ကျွန်တော့် ကိုယ်ပိုင်အသစ်တွေ ဖန်တီးပြီးတော့ အွန်လိုင်းပေါ်တင်ဖြစ် မတင်ဖြစ်ကတော့ မသိသေးပါဘူး။

မေး။  ကိုယ်ပိုင်သံစဉ်အသစ်တွေ ရေးထားတယ်ဆိုတော့ အရင်အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့ ဘယ်လို ကွာခြားမှုတွေရှိမလဲ။

ဖြေ။    သီချင်းရေးသားခဲ့တဲ့ ဆရာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ။ ကိုယ်တိုင်ခံစားပြီး ရေးသားကြတယ်ဆိုတော့ သီချင်းတွေလည်း မတူကြပါဘူး။ ကျွန်တော်လည်း ကိုယ်တိုင် ခံစားလို့ရတာမျိုးလေးတွေကို ရေးဖြစ်တာပါ။ သူငယ်ချင်းတွေ ရေးပေးတာတွေလည်း ပါပါတယ်။ စုထားသိမ်းဆည်းထားချင်သူတွေအတွက် ရည်ရွယ်ပြီးတော့ သီချင်းဟောင်းလေးတွေ ပြန်ဆိုပြီး ခွေထုတ်မှာပါ။ ကျွန်တော့်ကို မမေ့မလျော့ဘဲ စောင့်မျှော်နေတဲ့ ပရိသတ်အတွက် ကြိုးစားပြီးတော့ တင်ဆက်ပါ့မယ်လို့ ပြောချင်ပါတယ်။

မြန်မာ့အလင်း