စကားပြောနေသော အညွှန်းကိန်းများ

 

အေးမွန် (လေဘာ)

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ယင်းနိုင်ငံ၏ လူ့စွမ်းအား(Human Resources) ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအားကြည့်ရှုပြီး သိရှိနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး တိုးတက်မှုအခြေအနေကို ယင်းနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ (Human Resources Development Indicators-HRDI) အား လေ့လာပြီး တိုးတက်မှု၊ ကျဆင်းမှုများကို သုံးသပ်အကဲဖြတ် သိရှိနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူ့စွမ်းအားအရင်း အမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရေး အဓိကဆောင်ရွက်ရန်လိုသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ဘက်ပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေး ရန်လိုအပ်သကဲ့သို့ အားပေးကူညီရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

 

လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို   သိရှိနိုင်သော အညွှန်းကိန်း ၆၂ ခု

 

 ယခုနှစ်    ထုတ်ဝေသည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (Human Resources Development Indicators-HRDI) တွင် လူဦးရေနှင့် ဆိုင်သောအညွှန်းကိန်းများ၊ ဖွားသေစာရင်းအင်းနှင့် ဆိုင်သောအညွှန်းကိန်းများ၊ ကျန်းမာရေး၊ အာဟာရ နှင့်ဆိုင်သော   အညွှန်းကိန်းများ၊   ပညာရေးနှင့် လေ့ကျင့်မှုနှင့်ဆိုင်သော အညွှန်းကိန်းများ၊ လုပ်သား အင်အားနှင့်ဆိုင်သောအညွှန်းကိန်းများ၊ စီးပွားရေး နှင့်ဆိုင်သောအညွှန်းကိန်းများ၊ စားသောက်ကုန်ရရှိ နိုင်မှုနှင့် မြေယာအသုံးချမှုနှင့်ဆိုင်သော အညွှန်းကိန်းများနှင့် အခြားအညွှန်းကိန်းများ စသည်ဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုကို သိရှိနိုင်သော အညွှန်းကိန်း ၆၂ ခုအား ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလအထိ ခြောက်နှစ်စာ စုစည်းဖော်ပြ ထားပါသည်။ အညွှန်းကိန်းများကို ဖော်ပြရာတွင် အညွှန်းကိန်းများ သီးသန့်ကိုသာ ဖော်ပြထားခြင်း မဟုတ်ဘဲ အညွှန်းကိန်းများရရှိသည့် အရင်းအမြစ်၊ အညွှန်းကိန်း၏အဓိပ္ပာယ်၊ အညွှန်းကိန်းတွက်ချက်ပုံ နည်းလမ်းစသည်ဖြင့် အသုံးပြုသူများအနေဖြင့် ရှင်းလင်းကွဲပြားစွာ အသုံးပြုရန် ဖော်ပြထားကြောင်းကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဤလူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်တွင်ပါရှိသော အညွှန်းကိန်းများသည် ဝန်ကြီးဌာန ၂၁ ခု၏ ဦးစီး ဌာန ၄၅ ခု၊ အဖွဲ့အစည်း၊ ကော်မတီ သုံးခုတို့နှင့် သက်ဆိုင်သည့် အညွှန်းကိန်းများ ပါဝင်ပါသည်။

 

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းစာရင်းများကို ပြုစုရာတွင် လွယ်ကူလျင်မြန်စွာ တစ်မုဟုတ်ချင်း စုဆောင်းရရှိခြင်း မဟုတ်ဘဲ အညွှန်းကိန်းစာရင်းများကို ရရှိစေရန်အတွက် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသည် ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အထောက်အပံ့ဖြင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ရေးဆွဲ၍ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေးစီမံကိန်း (Use of HRDI for the Population and Development Planning Processes) တစ်ခုကို ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ် အထိ နှစ်နှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါစီမံကိန်း၏ ရည်မှန်းချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

 

(က) မြန်မာနိုင်ငံ၌ လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းများ ရေးဆွဲချမှတ် ရာတွင် အရေးပါသည့် အားထားအသုံးပြု နိုင်သော လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းစနစ်တစ်ရပ် ပီပီပြင်ပြင်ပေါ်ပေါက် လာနိုင်ရန်နှင့် ယင်းစနစ်ကို အရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် သွားနိုင်ရန်၊

(ခ) မူဝါဒရေးရာချမှတ်သူများနှင့် စီမံကိန်းရေးဆွဲသူများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး တိုးတက်ဖြစ်ပေါ်မှုများကို အမြဲမပြတ်စောင့်ကြည့်၍ လိုအပ်သည့် စီမံကိန်းများရေးဆွဲရာတွင်  လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ၏ အရေးပါမှုကို ပိုမိုအလေးထားမှု တိုးမြှင့်လာစေရန်။

 

စီမံကိန်း၏ ရည်မှန်းချက်များနှင့်အညီ လူမှု စီးပွားရေးနှင့်သက်ဆိုင်သည့် လူ့စွမ်းအား ဖွံ့ဖြိုးမှုလက်စွဲစာစောင်(Manual of HRDI) နှင့် လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်(Handbook on Human Resources Development Indicators) တို့ကို ၁၉၉၇ ခုနှစ်တွင် ပြုစုနိုင်ခဲ့ပါသည်။ စီမံကိန်း အပြီး စီမံကိန်း၏ ရလဒ်အဖြစ် ၆-၈-၁၉၉၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးသို့ စီမံကိန်း၏ ရလဒ်နှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက် မှုအညွှန်းကိန်းများ လက်စွဲစာစောင်တို့ကို တင်ပြခဲ့ရာ ဝန်ကြီးဌာနများအနေဖြင့် လက်ခံအသုံးပြု ဆောင်ရွက်နိုင်ရန်နှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရန် အတွက် အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက် ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က လမ်းညွှန်မှုပြုခဲ့ပါသည်။ ထိုလမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနသည် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပြုစုထုတ်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော ဦးဆောင်ကော်မတီ (Steering Committee) ဖွဲ့စည်းပေးခဲ့ပြီး ယခုအခါ အညွှန်းကိန်းများနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group)အဖြစ် အလုပ်သမားဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ပါ သည်။ အညွှန်းကိန်းများ စနစ်တကျရရှိစေရေးနှင့် စဉ်ဆက်မပြတ် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ဝေခဲ့သည့်အတွက် ယခုထုတ်ဝေမည့်စာအုပ်သည် ၂၂ ကြိမ်မြောက်အဖြစ် ရောက်ရှိမည် ဖြစ်ပါသည်။ ထူးခြားမှုအနေဖြင့် ၂၀၀၆ ခုနှစ်တွင် ၁၉၉၀-၁၉၉၁ ခုနှစ်မှ ၂၀၀၄-၂၀၀၅ ခုနှစ်အထိ ၁၅ နှစ်တာကာလ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အညွှန်းကိန်းများကို တပေါင်းတစည်းတည်း စုစည်းဖော်ပြထားသည့် အထူးထုတ် လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများလက်စွဲစာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါသည်။

 

လူဦးရေနှင့်ဆိုင်သော အညွှန်းကိန်းများ

 

အထက်တွင်ဖော်ပြသကဲ့သို့ အညွှန်းကိန်း စာအုပ်တွင်ပါရှိသည့် လူဦးရေနှင့်ဆိုင်သော အညွှန်း ကိန်းများ၌ မြန်မာနိုင်ငံရှိ လူဦးရေကို ကျား၊ မ တိုးနှုန်းဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ အရေအတွက်ကိုလည်းကောင်း၊ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျား၊ အလိုက် လူဦးရေအကျယ်အဝန်း ဧရိယာသိပ်သည်းမှုနှင့် အိမ်ထောင်စုအရွယ်အစားကိုလည်းကောင်း၊ အသက်အရွယ်အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှုအား ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကျား၊ မ အချိုးကို လည်းကောင်း၊ သက်ကြီးအသက်အုပ်စုအလိုက် ကျား၊ မ အုပ်စုကို လည်းကောင်း၊ သက်ကြီးအရွယ် နှင့် ကလေးမှီခိုသူ အချိုးတို့ကို လည်းကောင်း၊ ဖွားသေစာရင်းအင်းကိုလည်းကောင်း ဤစာအုပ် တွင် ဖော်ပြပါရှိသည်။

 

ကျန်းမာရေးနှင့် အာဟာရနှင့်ဆိုင်သော အညွှန်း ကိန်းများ၌ ငါးနှစ်အောက်ကလေးများတွင် အတော် အတန်နှင့် အပြင်းအထန်အာဟာရချို့တဲ့သည့် ကလေးရာခိုင်နှုန်း၊ သားဆက်ခြားနည်း သုံးစွဲသောဇနီးမောင်နှံစုံတွဲအရေအတွက်၊ ငါးမျိုးစပ်ကာကွယ် ဆေး (တစ်နှစ်အောက်)တို့အား ပြည်ထောင်စုအဆင့် အနေဖြင့်လည်းကောင်း၊ ကျေးလက် ကျန်းမာရေးဌာနတစ်ခုမှ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်သော ပျမ်းမျှကျေးရွာအရေအတွက်၊ သန့်ရှင်း သော သောက်သုံးရေ ရယူသုံးစွဲနိုင်သည့် လူဦးရေလွှမ်းခြုံမှုရာခိုင်နှုန်း၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲနိုင်သည့် လူဦးရေလွှမ်းခြုံမှုရာခိုင်နှုန်းတို့ ဖော်ပြပါရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်းနှင့် အသုံးအဆောင်ရရှိနိုင်မှုနှင့်ပတ်သက်၍ ဆရာဝန်၊ သူနာပြု၊ ခုတင်အရေအတွက်နှင့် လူဦးရေအချိုးတို့ ကို လည်းကောင်း၊ အစိုးရ၊ ပုဂ္ဂလိကအထူးကု ဆေးခန်း၊ ဆေးရုံများ အရေအတွက် ကို လည်းကောင်း၊ တိုင်းရင်းဆေးဆိုင်ရာ အညွှန်းကိန်းများနှင့် ပတ်သက်၍ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင်၊ တိုင်းရင်းဆေးရုံ၊ ဆေးကုခန်းများ၊ တိုင်းရင်းဆေးဆရာမှတ်ပုံ တင်ရရှိပြီးသူများ၊ တိုင်းရင်းဆေးဆရာနှင့် လူဦးရေ အချိုး၊ မှတ်ပုံတင်ထားသည့် တိုင်းရင်းဆေးဝါးများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် အရေအတွက်များ ဖော်ပြပါရှိသည်။

 

ကျွမ်းကျင်မှုအဆင့်အလိုက် သက်မွေးပညာ

 

ပညာရေးနှင့် လေ့ကျင့်မှုနှင့်ပတ်သက်၍ အခြေခံပညာ အညွှန်းကိန်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အလိုက် ကျောင်းနေနှုန်းကြမ်း၊ အသားတင်ကျောင်းနေနှုန်း၊ ကူးပြောင်းနှုန်း၊ ထိန်းထားနှုန်း၊ ပြီးမြောက်နှုန်းနှင့် ကျောင်းဝင်နှုန်းကြမ်း၊ မူလတန်းစွမ်းဆောင်ရည် ပြနှုန်း၊ ဆရာ၊ ကျောင်းသားအချိုးတို့ ဖော်ပြပါရှိပါသည်။ ဘာသာရပ်အလိုက် ဘွဲ့ရဦးရေနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာပညာရေး၊ ဗုဒ္ဓဘာသာ သာသနာ၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့၊ အင်ဂျင် နီယာနှင့် ဗိသုကာ၊ အင်ဂျင်နီယာသိပ္ပံ၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ဒီပလိုမာ၊ ကွန်ပျူတာ သိပ္ပံနှင့် နည်းပညာ၊ ကွန်ပျူတာသတင်းအချက်အလက်သိပ္ပံ၊ ကွန်ပျူတာအသုံးချသိပ္ပံ၊ ကွန်ပျူတာ နည်းပညာ၊ အသုံးချသိပ္ပံ၊ စီးပွားရေး၊ စာရင်းအင်းပညာ၊ ဝါဏိဇ္ဇ၊ သမဝါယမ၊ သစ်တောပညာ၊ တိရစ္ဆာန်ဆေးပညာ၊ ဝိဇ္ဇာနှင့် သိပ္ပံ၊ နိုင်ငံခြားဘာသာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ သွားဘက်ဆိုင်ရာဆေးပညာ၊ ဆေးဘက် ဆိုင်ရာနည်းပညာ၊ သူနာပြုပညာ၊ အခြေခံကျန်းမာ ရေးပညာ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးမှု၊ မြန်မာ့တိုင်းရင်းဆေး၊ ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းတက္ကသိုလ်မှ ဖွင့်လှစ်သော စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့များ ဖော်ပြထားပါသည်။ ကျွမ်းကျင်မှုအဆင့်အလိုက် သက်မွေးပညာ လေ့ကျင့်ပေးခဲ့မှုများတွင် ကျွမ်းကျင်မှု အဆင့်အလိုက် သက်မွေးပညာ လေ့ကျင့်ပေးခဲ့သူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၊  အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၊ အနုပညာ အထက်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်)၊ ကျွမ်းကျင်အလုပ်သမားများ နှင့် အလုပ်ရှာဖွေသူများအတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၏သင်တန်းများမှ သင်တန်းသားအရေအတွက်များကို ဖော်ပြထားပါသည်။ ပညာရေး အဆင့်အလိုက် ကျောင်းသူပါဝင်မှုရာခိုင်နှုန်းနှင့်ပတ်သက်၍ မူလ တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ၊ စက်မှုလက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်း ကျောင်းတို့မှ ကျောင်းသူပါဝင်မှု နှုန်းစာရင်းတို့ကို ဖော်ပြထားသည်။ လုပ်သားအင်အားနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ လုပ်သားအင်အားတွင် အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ လုပ်သားအင်အားပါဝင်မှုနှုန်း၊ အလုပ်လက်မဲ့နှုန်းတို့ကိုလည်းကောင်း၊ လုပ်ငန်း အမျိုးအစားအလိုက် အလုပ်လက်ရှိဦးရေ၊ အလုပ် အကိုင်အမျိုးအစားအလိုက် အလုပ်လက်ရှိနှုန်းများကို အသီးသီးဖော်ပြပါရှိပါသည်။

 

စီးပွားရေးစွမ်းဆောင်မှုအညွှန်းကိန်းများ

 

စီးပွားရေးစွမ်းဆောင်မှုအညွှန်းကိန်းများနှင့် ပတ်သက်၍ ဂျီဒီပီ၊ ဂျီဒီပီပုံမှန်ဈေးနှုန်း၊ ဂျီဒီပီ တိုးတက်မှုနှုန်း၊ တစ်ဦးကျ ဂျီဒီပီပုံမှန်ဈေးနှုန်း၊ နှစ်အလိုက်တစ်ဦးကျ ဂျီဒီပီ၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပပို့ကုန်၊ သွင်းကုန်၊ စားသုံးသူ ဈေးဆနှုန်းကိန်း တို့ကိုလည်းကောင်း၊ ကဏ္ဍအလိုက် နိုင်ငံတော်၏အသုံးစရိတ်များကိုလည်းကောင်း အသီးသီးဖော်ပြထားသည်။

 

စားသောက်ကုန်ရရှိနိုင်မှုနှင့် မြေယာအသုံးချမှု နှင့်ပတ်သက်၍ လူတစ်ဦးအတွက် စားသောက်ကုန် ရရှိနိုင်မှုကိုလည်းကောင်း၊ မြေယာအသုံးချမှုနှင့် ပတ်သက်၍လည်းကောင်း ဖော်ပြပါရှိသည်။

 

အခြားအညွှန်းကိန်းများနှင့် ပတ်သက်၍ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ အညွှန်းကိန်းများနှင့် ပတ်သက်၍ မော်တော်ကားစီးရေ၊ နှစ်ဘီးတပ်ယာဉ်စီးရေ၊ လမ်းနှင့် တံတားအရေအတွက် တို့ကိုလည်းကောင်း၊ ဆက်သွယ်ရေး၊ စာပို့ဝန်ဆောင်မှု၊ နေ့စဉ်ထုတ်သတင်းစာ ဖြန့်ချိမှုများကိုလည်းကောင်း၊ လူထုမီဒီယာနှင့်ပတ်သက်၍ လူထု၊ ပုဂ္ဂလိက စာကြည့်တိုက်၊ သင်တန်းကျောင်း၊ ထပ်ဆင့်လွှင့် စက်ရုံများ (TV, FM နှင့် DVD-T2) အရေအတွက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းစောင့်ရှောက် ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုဝန်ဆောင်မှု ဆောင်ရွက်ပေးသော ကျေးရွာများကိုလည်းကောင်း၊ မှုခင်းဖြစ်ပွားမှု နှုန်းများကိုလည်းကောင်း၊ ဆေးရုံတက်ရောက်ကုသရခြင်း၏ အဓိကအကြောင်းရင်းများ၊ ဆေးရုံတွင်သေဆုံးသူများနှင့် သေဆုံးရခြင်း အကြောင်းရင်းများကိုလည်းကောင်း ဖော်ပြပါရှိသည်။

 

၁၉၉၇ ခုနှစ်တွင် ပထမဆုံးပြုစုသော လက်စွဲစာအုပ်

 

အညွှန်းကိန်းစာအုပ်ပြုစုရာတွင် ဌာနပေါင်းစုံမှ အညွှန်းကိန်းများပါရှိသဖြင့် အညွှန်းကိန်းများ မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးရာတွင် အခက်အခဲများ ရှိသကဲ့သို့ ပညာရေးဘွဲ့များ၊ ကျွမ်းကျင်မှုအဆင့် အလိုက် သက်မွေးပညာ လေ့ကျင့်ပေးခဲ့သူများ၊ ဌာန ပေါင်းစုံမှ ပေးပို့သော ဘွဲ့၊ ဒီဂရီများ၊ အခြားပညာရေး သင်တန်းများမှ ဘွဲ့များကိုပြုစုရာတွင် အလွန် လက်ဝင်လှပြီး အခက်အခဲအများအပြားနှင့် တွေ့ကြုံ ရသည်။ ထို့ပြင် သက်ဆိုင်ရာဌာနများ၊ အညွှန်း ကိန်းများ ပေးပို့သူများထံ အကြိမ်ကြိမ်အခါခါ ဆက်သွယ်ပြီး ရှင်းလင်းလွယ်ကူသော အညွှန်းကိန်း တစ်ခုရရှိရန် ဆောင်ရွက်ရပါသည်။ သို့သော်လည်း စာအုပ်တစ်အုပ်အဖြစ် အညွှန်းကိန်းများ စုစုစည်းစည်းဖြင့် တွေ့ရှိရသောအခါ ကြုံတွေ့ခဲ့ရသော အခက်အခဲပင်ပန်းမှုများသည် ယူပစ်သလိုပျောက်သွားပြီး ဝမ်းမြောက်ပျော်ရွှင်မှုကို ရရှိခံစားခဲ့ရပါသည်။ အညွှန်းကိန်းများသည် အဓိကလူ့စွမ်းအားဖွံ့ဖြိုး တိုးတက်ရေးကို တိုင်းတာနိုင်သော၊ တစ်နည်းအား ဖြင့် မောင်းနှင်နိုင်သော ကိန်းဂဏန်းများ ဖြစ်သည် နှင့်အညီ ၎င်းကိန်းဂဏန်းများ တိကျခိုင်မာစေရန် ဆောင်ရွက်ရသော လုပ်ငန်းအဆင့်ဆင့်မှာ အလွန်များပြားပါသည်။ သို့သော် သက်ဆိုင်ရာကိုယ်စား လှယ်အဖွဲ့များ၊ ဦးစီးဌာနမှဝန်ထမ်းများ စုစုစည်းစည်း တက်တက်ကြွကြွတက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ လက်စွဲစာအုပ် တစ်အုပ် အဆင့်မီမီတွေ့ရှိရသဖြင့်လည်း ဆောင်ရွက်ပေးကြသော ဌာနအသီးသီးမှကိုယ်စားလှယ်များ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လုပ်သားအင်အားကောက်ယူပြုစုရေး ဌာနခွဲမှ ဝန်ထမ်းများအား စာအုပ်ဖြစ်မြောက်မှုနှင့်အတူ ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ၁၉၉၇ ခုနှစ်တွင် ပထမဆုံးပြုစုသော လက်စွဲစာအုပ်၌ အညွှန်းကိန်း ၅၅ ခု ပါဝင်ခဲ့သော်လည်း နှစ်စဉ်ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများတွင် ဆွေးနွေးအတည်ပြုချက်များအရ ယခုအခါ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု တိုင်းတာရာတွင် လိုအပ်သည့်အညွှန်းကိန်း ၆၂ ခု အား ဖော်ပြပါရှိသဖြင့် ပိုမိုပြည့်စုံလာသည်ကို တွေ့ရှိ ရပါသည်။

 

အညွှန်းကိန်းအသုံးပြုသူများသည် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းများ လက်စွဲစာအုပ်တွင်ပါရှိသော အညွှန်းကိန်းများကို ဖတ်ရှုခြင်းဖြင့် မိမိတို့နိုင်ငံ၏ ဧရိယာအကျယ်အဝန်း၊ လူဦးရေ ပမာဏ၊ လူဦးရေသိပ်သည်းဆများကို လည်းကောင်းမြန်မာနိုင်ငံ၏ လုပ်သားအင်အားတွင် အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ လုပ်သားအင်အား ပါဝင်မှုနှုန်း၊ အလုပ်လက်မဲ့နှုန်းတို့ကို လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ကျန်းမာရေးဝန်ထမ်းနှင့် လူဦးရေအချိုး၊ ဆေးရုံ၊ ဆေးခန်းအရေအတွက်ကို လည်းကောင်း၊ ပညာရေးဆိုင်ရာကဏ္ဍတွင် ကျောင်းနေနှုန်း၊ ဘွဲ့ရနှင့် သက်မွေးပညာ ကျောင်းများ၏ သင်တန်းပြီးမြောက်သူ အရေအတွက်ကိုလည်းကောင်း၊ စီးပွားရေးကဏ္ဍတွင် ဂျီဒီပီ၊ နှစ်အလိုက် နိုင်ငံတော်အသုံးစရိတ်များကို လည်းကောင်း၊ အခြားကဏ္ဍများတွင် မြေယာအသုံးချမှု၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် သတင်း နှင့် ပြန်ကြားရေး ကဏ္ဍများနှင့် လူဦးရေ မော်တော် ကားစီးရေအချိုး၊ တယ်လီဖုန်း မိုဘိုင်းဖုန်းသုံးစွဲသူ၊ အင်တာနက်သုံးစွဲသူအရေအတွက်၊ စာတိုက်မှ ဝန်ဆောင်မှုပေးမှု၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံအရေအတွက်များ၊ လူမှုဝန်ထမ်းဆိုင်ရာ သင်တန်းကျောင်းများ၊ စင်တာများ၊ မှုခင်းဖြစ်ပွားမှုအခြေအနေ၊ ပြည်သူ လူထု၏ ဆေးရုံတက်ရောက်ကုသရခြင်း၊ သေဆုံးရခြင်း စသည့် အဓိကအကြောင်းအရာများကို သိရှိရသဖြင့် နိုင်ငံ၏ဆောင်ရွက်ရန်ကိစ္စရပ်များ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့်ကိစ္စရပ်များကို ပြုစုဆောင်ရွက်ရာတွင် ကိန်းဂဏန်းများ အကိုးအကားဖြင့် ခိုင်ခိုင်မာမာပြုစုရေးသားပြီး ဆောင်ရွက်နိုင်မည်ဖြစ်သလို နိုင်ငံတော် တိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကိန်းဂဏန်းများ၊ အညွှန်းကိန်းများဖြစ်ကြောင်းကို တွေ့ရှိ ရမည်ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုရသော် မိမိတို့နိုင်ငံ၏ မည်သည့်ရာစုနှစ်တွင် မည်သို့ဖြစ်လာ၍ မည်သို့ဆောင်ရွက်နိုင်မည် ဆိုသည့်အပိုင်းတွင် တိုးတက်အောင်ဆောင်ရွက်မည့် စီမံကိန်းများရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်းဖြင့် တန်ဖိုးရှိလှသော အညွှန်းကိန်းများဖြစ်ပြီး သက်မဲ့ကိန်းဂဏန်းများ ဖြစ်သော်လည်း ကိန်းဂဏန်း အသုံးပြုသူများအတွက်ဆိုပါက အသက်ဝင်နေသော စကားပြောနေသည့် ကိန်းဂဏန်းများအဖြစ် မှတ်ယူမည်ဆိုပါကလည်း လွန်အံ့မည်ဟု မထင်မြင်မိပါကြောင်း ယူဆမိပါသည်။

 

ထို့ကြောင့် ဤလက်စွဲစာအုပ်သည် အစိုးရဌာနများ၊ စီမံကိန်းရေးဆွဲသူများ၊ သုတေသနပြုသူများ၊ NGOများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအတွက် လွန်စွာအထောက်အကူ ပြုမည်ဖြစ်ပါသည်။ အဆိုပါစာအုပ်ကို အညွှန်းကိန်းနှင့်သက်ဆိုင်သော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးတက္ကသိုလ်များ၏ စာကြည့်တိုက်များသို့ ဖြန့်ဝေမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန၏ Website ဖြစ်သော www.mol.gov.mm သို့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း မိတ်ဆက်မျှဝေအပ်ပါသည်။