စက်ဘီးတက္ကစီလုပ်ငန်းက ဇမ်ဘီယာလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်လာ

 

နှင်းမိုးအိမ်

 

ဇမ်ဘီယာနိုင်ငံအရှေ့ပိုင်းမှာ တည်ရှိတဲ့ ပက်တော့ကီ ခရိုင်လေးကို ခရီးသွားပြီး စက်ဘီးတက္ကစီ မစီးခဲ့ဘူးဆိုရင်တော့ ခရီးသွားတဲ့အတွေ့အကြုံ မပြည့်စုံဘူးလို့ ပြောရမှာပါပဲ။ အခုအခါမှာတော့ အဆိုပါ ခရိုင်အတွင်းမှာ စက်ဘီးတက္ကစီလုပ်ငန်းဟာ လတ်တလောခေတ်စားနေတဲ့ ဝင်ငွေရလုပ်ငန်းဖြစ်လို့ နေပါတယ်။

 

ပိုမိုသက်သာတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်း

 

ဒေသတွင်းတစ်နေရာကနေ တစ်နေရာကို ကုန်ပစ္စည်းတွေသယ်ဆောင်ရာမှာပဲဖြစ်ဖြစ်၊ လူကိုတင်ဆောင်ရာမှာပဲဖြစ်ဖြစ် စက်ဘီးတွေကို တက္ကစီသဖွယ် အသုံးပြုနေကြပါတယ်။ ပက်တော့ကီခရိုင်မှာ စက်ဘီးတက္ကစီလုပ်ငန်း ဖော်ဆောင်နေတာဟာဆိုရင် ကမ္ဘာ့ အခြားနေရာတွေမှာလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချစေဖို့အတွက် လုပ်ဆောင်နေတာတော့ မဟုတ်ပါဘူး။ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေဟာ ငွေရေးကြေးရေးချို့တဲ့သူ များတဲ့အတွက်ကြောင့် ပိုမိုသက်သာတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းကို ရှာဖွေလိုက်ကြတာပဲဖြစ်ပါတယ်။

 

ပိုပြီးသက်သာစေ

 

ပုံမှန် ကားတက္ကစီငှားစီးတာထက်စာရင် စက်ဘီးငှားစီးလိုက်တာက ပုံမှန်ဈေးထက် လေးငါးဆလောက်ပိုပြီး သက်သာစေတာကတော့ အမှန်ပါပဲ။ ဈေးနှုန်းဟာဆိုရင်လည်း အမေရိကန် ဒေါ်လာတစ်ဒေါ်လာတောင် မရှိပါဘူး။ ၀ ဒသမ ၁၉ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်။ စက်ဘီးစီးပြီး သယ်ယူပို့ဆောင်ရေးလုပ်ပေးတဲ့ လူငယ်တွေအတွက်လည်း တစ်နေ့ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဒေါ်လာဝန်းကျင် ဝင်ငွေရရှိစေမှာပဲ ဖြစ်ပါတယ်။ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ အခြားကိစ္စအတွက်ပဲဖြစ်ဖြစ် အခုတော့ စက်ဘီးတက္ကစီကို စီးဖြစ်တော့တယ်လို့ အသက် ၂၈ နှစ်အရွယ် ဆာရာ ညီရန်ဒါက ပြောပါတယ်။

 

mdn

 

ချွေတာရာရောက်

 

ကုန်ကျစရိတ်ကို အများကြီး ချွေတာရာလည်း ရောက်တယ်လို့ သူကဆက်ပြောပါတယ်။ စက်ဘီးနဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ဆောင်နေတဲ့ ဂျစ်နက်ဆစ်ဇူလူကတော့ ဒီအလုပ်ကို လုပ်ကိုင်နေတာ တစ်နှစ်ကြာပြီဖြစ်ပြီး စက်ဘီးစီးသမားတွေ အများကြီး ပေါ်ထွက်လာတဲ့အတွက် ခရိုင်အတွင်းက ဆင်းရဲတွင်းနက်နေတဲ့ လူငယ်တွေအတွက်လည်း အသက်ရှူချောင်စရာ လမ်းတစ်ခု ဖြစ်လာတယ်လို့ ဆက်ပြောပါတယ်။

 

အိမ်စရိတ်သက်သာစေ

 

 ဒီလုပ်ငန်းကို လုပ်ကိုင်မယ်ဆိုရင် အနည်းနဲ့အများတော့ အိမ်စရိတ်သက်သာစေမှာ အမှန်ပါပဲ။ လိုအပ်တာတွေလည်းဝယ်နိုင်လာတယ်လို့ သူက ဆက်ပြောပါတယ်။ တချို့ဆိုရင် ဝင်ငွေကောင်းလာတဲ့အတွက် အခြားအလုပ်တောင် ပြောင်းမရှာတော့ဘူးလို့ ဇူလူက ပြောပါတယ်။ “စက်ဘီးနဲ့ သယ်ယူ ပို့ဆောင်တာတွေ ခေတ်စားလာတာဟာ ဆိုရင် ချိပတာမြို့ကစပါတယ်၊ ဇမ်ဘီယာ အရှေ့ပိုင်းပြည်နယ်က မြို့လေး တစ်မြို့ပေါ့။ အဲဒီကနေမှ တစ်ဆင့် အခြားနေရာတွေဆီ ပျံ့နှံ့သွားတာပါပဲ” လို့ သူက ရှင်းပြပါတယ်။

 

စက်ဘီးငှားရမ်းပေး

 

ပက်တော့ကီ ခရိုင်လေးမှာဆိုရင် စက်ဘီးဆိုတာ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းဖြစ်ပေမယ့် အချို့လူငယ်တွေဆိုရင် စက်ဘီးတစ်စီးဝယ်ဖို့တောင် မတတ်နိုင်ကြပါဘူး။ ဒီလိုမျိုးအခြေ အနေမျိုးနဲ့ကြုံတွေ့နေရတဲ့ လူငယ်လေးတွေကို ကူညီဖို့အတွက် စက်ဘီးဆိုင်တွေနဲ့ ကုန်သည်တွေက အချိန်ကာလ တစ်ခုအထိ စက်ဘီးငှားရမ်းပေးတာတွေ လုပ်ဆောင်ပေးပါတယ်။ နောက်မှ တဖြည်းဖြည်းချင်း စက်ဘီးတန်ဖိုးကို ပြန်ယူပါတယ်။

 

အထောက်အကူပြု

 

အသက် ၂၇ နှစ်အရွယ် အန်လန်ဆာကာလာကတော့ စက်ဘီးတက္ကစီဆွဲတဲ့အလုပ်ကို လုပ်ကိုင်နေတာ ၁၀ လ ခန့်ရှိပြီဖြစ်ပြီး ဒီလုပ်ငန်းဟာဆိုရင် သူတို့ဒေသကလူငယ်လေးတွေ ဝင်ငွေရဖို့ တကယ်ပဲ အထောက်အကူပြုတယ်လို့ ပြောပါတယ်။ ယင်းဒေသကခေါင်းဆောင် တွေကတော့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ စက်ဘီးတွေကို အသုံးပြုခြင်းဖြင့် လူငယ်တော်တော်များများအတွက် အလုပ်ရသွားသလို သဘာဝပတ်ဝန်းကျင် အစီအစဉ် အတွက်လည်း အသိပညာ မြှင့်တင်ပေးရာရောက်တယ်လို့ ပြောပါတယ်။

 

ဝင်ငွေရစေတဲ့အလုပ်

 

 သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ စက်ဘီးကို အသုံးပြုတဲ့ဒေသတွေမှာဆိုရင် လေထုသန့်စင်မှုလည်း ပိုမို အားကောင်းတယ်လို့ လေ့လာမှုတွေ အရဖော်ပြလျက်ရှိပါတယ်။ စက်ဘီးတွေ ဟာဆိုရင် မော်တော်ကားတွေ နေရာယူသလောက်လည်း နေရာပေးစရာ မလိုပါဘူး။ ကားပါကင်အတွက်လည်း နေရာပေးစရာမလိုကြောင်း မြို့ကောင်စီဝန် တစ်ဦးဖြစ်သူ ဂျီအိုဖရီဒါကာက ပြောပါတယ်။ ကားတွေကျပ်နေတာမျိုး မဖြစ်တော့တဲ့အတွက် လူတွေလည်း သက်သက်သာသာ ချောင်ချောင်ချိချိ သွားလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကြိုးစားရှာဖွေနေရတဲ့ ပက်တော့ကီခရိုင်က လူငယ်လေးတွေအတွက်တော့ စက်ဘီးတက္ကစီလုပ်ငန်းဟာ ဝင်ငွေရတဲ့အလုပ် ဖြစ်လာတာကတော့ အမှန်ပါပဲ။ ။

 

ကိုးကား - ဆင်ဟွာ