စက်လှေစီးသူများ အသက်ကယ်အင်္ကျီ ဝတ်ဆင်ကြပါ

ရန်ကုန် ၂၁ သြဂုတ်

 

ပြီးခဲ့သည့်ရက်က ပုံနှိပ်သတင်းတစ်ပုဒ်ဖတ်လိုက် ရပါတယ်။    သေဆုံးသူလေးတွေရဲ့ပုံကိုပါ  ဖော်ပြ ထားတဲ့အတွက် ဖတ်ပြီး အတော့်ကိုစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

 

ကရင်ပြည်နယ် ဘားအံမြို့နယ် လေသာကုန်း ကျေးရွာအင်းတဲမှာ လှေတိမ်းမှောက်ပြီး ကျောင်းသားအရွယ်ကလေးငယ်ငါးဦး    ရေနစ်  သေဆုံးရတဲ့သတင်းပါ။

 

ဝါခေါင်လပြည့်ပွဲတော်အတွက် ဘုရားပန်းခူးဖို့  ၎င်းတို့နေတဲ့      စိမ့်ပိုင်ကျေးရွာကနေ    ဒေါင်းကျေးရွာကို  လောင်းလှေလေးနဲ့ ထွက်ခဲ့ကြရင်းက လှေတိမ်းမှောက်ခဲ့ရတဲ့အဖြစ်ပါ။      ဆယ်တန်း၊ ရှစ်တန်း၊    ခြောက်တန်း၊  နှစ်တန်းကျောင်းသား ကျောင်းသူလေးတွေပါ။ ဘုရားမှာ ပန်းတွေလှူဖို့ ကောင်းမြတ်တဲ့စိတ်ထားလေးတွေနဲ့ သွားကြတာမို့  ကုသိုလ်တရားများနဲ့  ကောင်းရာမွန်ရာဘုံဘဝ ကိုတော့  ရောက်ကြမှာပါ။

 

ရင်နင့်စရာအဖြစ်ဒါပေမယ့်  ကလေးအရွယ်၊ အညွန့်လေးတွေ   တလူလူနဲ့  လိပ်စာတူများပါ   ပါတဲ့အတွက်   ညီအစ်ကို    မောင်နှမတွေလည်း  ဖြစ်နိုင်ပါတယ်။  မိဘတွေအတွက်ကတော့  ရင်နင့်စရာအဖြစ်ပါ။

 

သူ့ရွာနဲ့သူ့ဓလေ့  သွားနေကျလာနေကျမို့  သတိမမူမိ၍  ဂူမမြင်ကြခြင်းသာဟု စိတ်ကဖြေမိပါတယ်။ သူတို့အတွက် အသက်ကယ်အင်္ကျီဆိုတာ အပိုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ ရန်ကုန်မြို့မှာ  မြစ်ကူးချောင်းဖျား၊  စက်တပ်သမ္ဗန် စီးနေကြတဲ့ နေ့စဉ်ခရီးသွားများအဖို့ကတော့  မဖြစ်မနေ အသက်ကယ်အင်္ကျီ ဝတ်ဆင်ဖို့ အထူးပဲ လိုအပ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ရာသီဥတုက ပုံမှန်မဟုတ်တော့ပါဘူး။    မိုးရွာရင်လည်း    သဲသဲမဲမဲရွာတတ်လာသလို၊ မိုးမရွာခင် လေပြင်းလေးကပါ ရှေ့ကနေပြီး ခရီးဦးကြိုပြု လာတတ်နေပါပြီ။ သစ်ပင်ကြီးတွေလဲ၊  အိမ်တွေပြို၊ မြစ်ကမ်းနား  များပါ ပြိုလာတတ်တာကို  နေ့စဉ်ဖတ်ရှုတွေ့ မြင်နေရပါတယ်။

 

ရန်ကုန်မြို့မှာ အထူးသဖြင့် စက်တပ်သမ္ဗန် များနဲ့  ခရီးသွားများတဲ့  ဒလ-ဗိုလ်တထောင်ဆိပ်၊  ပန်းဆိုးတန်းဆိပ်၊ လမ်းမတော်ဆိပ်၊ မော်တင်ဆိပ်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း ကျေးရွာဆိပ်များနဲ့ ကြည့်မြင်တိုင်ကျောက်တံတားဆိပ်၊ ကမ်းနားဈေးဆိပ်၊  ဈေးကြီးဗောတံတားဆိပ်၊  အလုံဆိပ်တို့က မြစ်ကို ကူးသန်းကြတဲ့ ခရီးသည်ပေါင်းက နေ့စဉ် ထောင်ဂဏန်းနီးပါး ရှိနေပါတယ်။

 

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းက ဒလ-ပန်းဆိုးတန်း သမ္ဗန်ဆိပ်က  ပန်းဆိုးတန်းဆိပ်အနီးမှာ  သမ္ဗန်တစ်စင်း  တိမ်းမှောက်လို့      အနီးရှိသမ္ဗန်တွေအကြား  ဝင်ရောက်သွားခဲ့ရပြီး      ခရီးသည်အချို့ အသက်ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရဖူးတာကို ပြန်အမှတ်ရမိပါတယ်။

 

ဒါပေမယ့် ဖြစ်ကာမှသာဖြစ်ရော၊ စက်တပ် သမ္ဗန်စီးခရီးသည်များအားလုံးနီးပါး  သက်ကယ် အင်္ကျီဝတ်ဆင်ထားကြတာကို မတွေ့ရပါဘူး။

 

ရေကြောင်းပို့ဆောင်ရေးဌာနနဲ့ သက်ဆိုင်ရာ မြို့နယ်က  တာဝန်ရှိသူတွေက  ရေလမ်းခရီးသွား  များအနေနဲ့    အသက်ကယ်အင်္ကျီများ  ဝတ်ဆင် စီးနင်းကြဖို့ ညွှန်ကြားနေတာ  အမြဲကြားသိနေရပါတယ်။  လိုက်နာမှုအားက  အလွန်မှပင်နည်းကြောင်း တွေ့ မြင်ရပါတယ်။

 

သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းကနေ ဒလဘက်ကမ်း  စက်တပ်သမ္ဗန်စီးခရီးသွားများကို  အသက်ကယ် အင်္ကျီဝတ်ဆင်ကြပါရန်၊ ထိုလမ်းခရီးမှာ သင်္ဘောကြီးများ  အချိန်မရွေး  ခုတ်မောင်းလျက်ရှိပါကြောင်း၊  ဒါ့အပြင်  အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ်များလည်းရှိနိုင်ပြီး  ယခုအခါ  မိုးလေပြင်းထန်၍ သတိထားသွားလာကြပါရန် နှိုးဆော်ထားသော်လည်း      လိုက်နာဆောင်ရွက်မှုတို့မှာ  အားနည်းလျက်ပင်ရှိနေကြောင်း ဖြစ်ပါတယ်။

 

ဒါကလည်း   ယင်းဆိပ်ကမ်းတစ်ခုတည်းမှာ မဟုတ်ပါ။ ကြည့်မြင်တိုင်လှိုင်မြစ်ကို ကူးသန်းကြသော  စက်တပ်သမ္ဗန်များမှာလည်း  ထိုနည်းလည်းကောင်းပင်ဟု  ဆိုရမည်ဖြစ်ပါတယ်။  လှိုင်မြစ်အတွင်း၌ သင်္ဘောများ ခုတ်မောင်းမှုရှိနေတတ် သကဲ့သို့ ကျောက်၊ သဲ စီဘီတွဲများကလည်း ဖြတ်  သန်းမှုရှိနေတတ်ပါတယ်။  ဒါ့အပြင် မြစ်အလယ်မှာ ကျောက်ချရပ်နားနေတဲ့ သင်္ဘောကြီးများကလည်း အစဉ်အမြဲရှိနေတတ်ပါတယ်။

 

ဒလဘက်အခြမ်းမှာ  သမ္ဗန်ဆိပ်    ၁၁  ဂိတ် ရှိတယ်လို့     နယ်ခံသတင်းထောက် ဦးထွန်းလှက ဆိုပါတယ်။ သမ္ဗန်အစင်းရေပေါင်း က ၅၀ဝ နီးပါး ရှိတယ်လို့လည်း ပြောပါတယ်။

 

ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ  ဝါးရုံဆိပ်၊  အေးရွာ(အရှေ့၊  အနောက်)၊ ဘလုတ်ညွန့်၊ စက်ကလေး၊ စက်ဆန်း၊ အောက်ရုံ၊ အလတ်ချောင်း၊ ဆိပ်ကြီး  ၁/၂    ၁၀  ဂိတ်ရှိပြီး မြို့နယ်ဤမှာ ဘက်ကမ်းမှာ ဗားကရာ၊ ကမ်းနားဈေး၊   ဈေးကြီး    ဗောတံတားဆိပ်နဲ့ အလုံမြို့နယ် ကွင်းချောင်းမှာ ဆိပ်တစ်ဆိပ်ရှိပါတယ်။    စက်တပ်သမ္ဗန်အစင်း  ပေါင်း ၇၅၀ ခန့်  ရှိတယ်လို့ သမ္ဗန်ဂိတ်မှူး ဦးမျိုးမြင့် က ဆိုပါတယ်။

 

ထက်ကစကားကို      ပြန်ကောက်ရရင် ဒီကနေ့  မြစ်ကူးစက်တပ်သမ္ဗန်စီးသူများအနေနဲ့   မိမိအသက်လုံခြုံရေး၊ ဘေးအ္တရာယ် ကာကွယ် ရေးအတွက် အသက်ကယ်အင်္ကျီများကို ဝတ်ဆင် ရမှာ အလွန်ဝန်လေးနေကြပါတယ်။

 

လှိုင်မြစ်ကူး စက်တပ်သမ္ဗန်များအနေနဲ့ သမ္ဗန်တစ်စင်းကို ခရီးသည် ငါးယောက်သာ စီးခွင့်ရှိတဲ့      သမ္ဗန်များရှိသလို၊    ၁၀  ဦးအထိ  စီးနင်း လိုက်ပါခွင့်ရှိတဲ့ သမ္ဗန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အချို့သမ္ဗန်တွေမှာ အသက်ကယ်အင်္ကျီ ပြည့်ပြည့်စုံစုံမထားနိုင်တာကို တွေ့ရပါတယ်။ ရှိတဲ့ အသက်ကယ်အင်္ကျီအများစုက    ဟောင်းနွမ်းညစ်ထေးမှုတွေကြောင့်  ဘယ်သူမှ  မဝတ်ချင်ကြပါဘူး။

 

သမ္ဗန်စီးခရီးသွားတဲ့သူတွေက အခြေခံလူတန်းစားမျိုးစုံပါဝင်ပါတယ်။ဈေးရောင်း၊ ဈေးဝယ်သူ၊    အစိုးရဝန်ထမ်း၊  ကုမ္ပဏီဝန်ထမ်း၊ ကျောင်းသား  ကျောင်းသူများ၊  မဖြစ်မနေ  လူမှုရေးကိစ္စအဖြာဖြာအတွက်            စီးကြသူတွေပါ။ ဝတ်ကောင်းစားလှတွေအပေါ်မှာ  ဟောင်းနွမ်းနေတဲ့  အသက်ကယ်အင်္ကျီဝတ်ရမှာကို  အတော် ‘တွန့်’ နေကြပါတယ်။

 

တစ်နေ့လုပ်မှ တစ်နေ့စား စက်တပ်သမ္ဗန်မောင်းသူတွေအနေနဲ့ကလည်း  အညံ့စားအသက်ကယ်အင်္ကျီတစ်ထည်ကို  ငွေကျပ်    ၄၀ဝ၀    ခန့်ရှိပြီး      သင့်ရင်သင့်သလို၊ ကောင်းရင်ကောင်းသလို  တန်ဖိုးများတဲ့အတွက် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ဘဝသမားများအဖို့ တစ်ထည်ဟောင်းလို့    တစ်ထည်မလဲနိုင်ကြတဲ့ အခြေခံလူတန်းစားတွေပါ။

 

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၂၀၁၉) ရက် မြန်မာစာဖြေဖို့လာတဲ့ နံနက်ခင်းက  လှိုင်မြစ်အတွင်းမှာ   နှင်းတွေက ပိန်းပိတ်အောင ကျဆင်းနေပါတယ်။ စာမေးပွဲဖြေမယ့် ကျောင်းသား ကျောင်းသူလေးများကိုသာ မဖြစ် မနေ  ကူးသန်းခွင့်ပြုပြီး  ကျန်တဲ့ခရီးသည်  သမ္ဗန်တွေကို လုံးဝထွက်ခွင့်မပေးခဲ့ပါဘူး။ ဂိတ်မှူးများက ဦးဆောင်ပြီး ဆောင်ရွက်နေခဲ့ရပါတယ်။

 

နှင်းတွေကျမှုက  မြစ်အတွင်းမှာ  မျက်စိရှေ့ တစ်ဆုံးတောင် သဲသဲကွဲကွဲမမြင်ရတဲ့အခြေအနေပါ။  သည်ဘက်ကမ်းကို  မှုန်မှုန်ဝါးဝါး  မှန်းဆလို့ ရေလယ်မှာရပ်ထားတဲ့ သင်္ဘောတွေကို ရှောင်ကွင်းပြီးမှ  ရောက်လာကြရတာဖြစ်ပါတယ်။

 

နှင်းတွေနဲ့ အစိုပြန်ဒီဘက်ရောက်လို့ကြည့်လိုက်တော့  ဘယ်ကျောင်းသား  ကျောင်းသူမှ  အသက်ကယ်အင်္ကျီ ဝတ်ထားကြတာ  မတွေ့ရပါဘူး။  အသက်ကယ် အင်္ကျီလိမ္မော်ရောင်လေးများက  သမ္ဗန်ဘေးပေါင်မှာ  နှင်းတွေနဲ့  အစိုပြန်နေပါတယ်။  ဘာမှမဖြစ်လို့ တော်ပါသေးတယ်။

 

ဆိုချင်ပါသည်    စက်တပ်သမ္ဗန်စီးသူများ အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများရဲ့ သက်ကယ် အင်္ကျီဝတ်ဆင်ရန် သတိပေးနှိုးဆော်မှုကို လိုက်နာကြပါ။  

 

စက်တပ်သမ္ဗန်မောင်း    လုပ်သားကြီးများအနေနဲ့လည်း စံပြအဖြစ်  ကိုယ်တိုင်ဝတ်ဆင် မောင်းနှင်ကြပါ။ ဂိတ်မှူးများကလည်း အမြဲမပြတ် နှိုးဆော်ကြပ်မတ်ပေးကြပါ။  မြို့နယ်မှ  တာဝန်ရှိ အ ̧အစည်းအနေဖြင့်လည်း  အခုလိုအန္တရာယ် ရှိနိုင်တဲ့အချိန်အပြင်  မကြာခဏ  သမ္ဗန်ဆိပ်သို့ ဆင်း၍   စစ်ဆေးမှုများ     ပြုလုပ်ပေးကြပါရန် စေတနာဖြင့်  တိုက်တွန်းရေးသားလိုက်ရပါ ကြောင်း .......။

 

သျှင်ဝင်းသျှင်၊ ဓာတ်ပုံ-ဒလယဉ်ဦး