စက်မှုဇုန်(၂၉)ဇုန်နှင့် ဟိုတယ်/မိုတယ်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်း(အထူး) အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဧပြီ ၁

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စက်မှုဇုန်(၂၉)ဇုန်နှင့် ဟိုတယ်/ မိုတယ်များ မီးဘေးကြို တင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်း (အထူး) အမှတ်စဉ်(၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ သီတာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ အရာရှိ၊ အရာခံများ၊ မီးသတ်ဦးစီးဌာနမှနည်းပြများနှင့် ပြင်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခရိုင်/မြို့နယ်များမှ မီးသတ်ဦးစီးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက်ကြသည်။

ဦးစွာ မီးသတ်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက နိုင်ငံ‌တော်ဖွံဖြိုးတိုးတက် ရေးတွင် အဟန့်အတားဖြစ်စေသော မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက စနစ်တကျ မြန်ဆန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ မီးဘေးလုံခြုံရေးအတွက် စီမံခန့်ခွဲနိုင်မည့်သူများကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လူသားတို့၏ အသက်ဘေးလုံခြုံမှု(Life Safety)၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးနိုင်ခြေလျောပါးမှု( Properties Protection )လုပ်ငန်းစဉ်သင်ခန်းစာတို့ကို စာတွေ့၊ လက်တွေ့သင်ကြား လေ့ကျင့်ပေးခဲ့ပြီးဖြစ်၍  မီးသတ်ဦးစီးဌာနနှင့်အတူ လက်တွဲဆောင်ရွက်သွားနိုင်မှုအပေါ် ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ထို့နောက် မီးသတ်ဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးမြတ်သူက သင်တန်းသူ (၁၆)ဦးနှင့် သင်တန်းသား(၄၄)ဦးတို့ကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး Group Presentation (၅) ဖွဲ့တွင် အကောင်းဆုံးတင်ပြနိုင်ခဲ့သော အဖွဲ့အား ဆုများချီးမြှင့်သည်။ 

ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းမှတ်တမ်း Video Clip ကိုပြသသည်။

မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု (အထူး) သင်တန်းများကို နိုင်ငံတကာ မီးသတ် တပ်ဖွဲ့များမှ မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများ၏ သင်ရိုးညွှန်းတန်းနှင့် အညီ ပြင်ပမှဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ အင်ဂျင် နီယာများက စက်ရုံ/အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းခွင်တို့တွင် မီးဘေးလုံခြုံရေးအတွက် အခြေခံမီးငြှိမ်းသတ်ရေးနည်းစနစ်၊ မီးအတန်းအစားခွဲခြားခြင်း၊ လျှပ်စစ်နှင့် အန္တရာယ်ရှိ သော ဓာတုဗေဒပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုဆောင်ရွက်ခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို အသေးစိတ် သင်ကြားပို့ချခဲ့သည်။

အမှတ်စဉ်(၄)သင်တန်းအား မတ် (၁၃) ရက်မှ (၃၁) ရက်အထိ (၃) ပတ်ကြာ သင်ကြား ပေးခဲ့ပြီး သင်တန်းအမှတ်စဉ်(၁)မှ(၃)အထိအား  ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးအဆင့်မှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် လေ့ကျင့်သင်ကြားပေးခဲ့ကာ ယခု အမှတ်စဉ်(၄)သင်တန်းကို ရန်ကုန် မြို့ရှိ စက်မှုဇုန်(၂၉)ဇုန်နှင့် ဟိုတယ်/မိုတယ်များမှ မန်နေဂျာများနှင့် တာဝန်ခံတို့ကို လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်၍ မေ(၅)ရက်နောက်ပိုင်းတွင် သင်တန်းအမှတ် စဉ်(၅)ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -ကနူး     
ညိမ်းသူ (သတင်းစဉ်)