စက်မှုကျွမ်းကျင်လုပ်သား (၁၂၀၉၅)ဦး ကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး (၁၁၅၃၀)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့

နေပြည်တော် မေ ၉

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် တာဝန်ရှိသူများနှင့်အတူ မေ လ ၆ နံနက်ပိုင်း က  အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ရောက်ရှိပြီး သံရည်ကျိုလုပ်ငန်း ဆောင်ရွက်နေမှု၊ စက်ရုံခွဲများအလိုက်ဆောင်ရွက်ထားရှိမှုများ၊ Cold Mill Complex အမိုးအကာအောက်သို့ စက်ပစ္စည်းများ ရွှေ့ပြောင်းထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က သံရည်ကျိုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဆက်စပ်အလုပ်ရုံခွဲများရှိ စက်ပစ္စည်းများကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးပြုပြင်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရရှိသည့် ဘဏ္ဍာရန်ပုံ ငွေများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲကြရမည်ဖြစ်ကြောင်း မှာကြားသည်။

မေလ(၇)ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) စိမ်းလန်းစိုပြေရေး အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုနှင့် စက်ရုံ အတွင်း/အပြင် လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီးသည် အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ) စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်းအမှတ်စဉ်(၈) ဖွင့်ပွဲအခမ်းအနားနှင့် မွန်းလွဲပိုင်းတွင် အမှတ် (၅)စက်မှုသင်တန်းကျောင်း (မကွေး) စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။

အခမ်းအနားများတွင် ဒုတိယဝန်ကြီး က  စက်မှုသင်တန်းကျောင်းများမှ နှစ်စဉ် သင်တန်းသား(၁၂၀၀)ခန့်ကို လေ့ကျင့်သင်ကြားမွေးထုတ် ပေးလျက်ရှိကြောင်း၊ ယနေ့အထိ စက်မှုကျွမ်းကျင်လုပ်သား (၁၂၀၉၅)ဦးကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး (၁၁၅၃၀) ကို အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ စည်းကမ်းပြည့်ဝ ထက်မြက်ကျွမ်းကျင်သော စက်မှုလုပ်သားများမွေးထုတ်ပေးလျှက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် သင်တန်းကျောင်းများအဖြစ် မှတ်ကျောက် တင်နိုင်ခဲ့ကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်