စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံ 

နေပြည်တော် ဇူလိုင် ၁ 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ (၂) ကြိမ် လာရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူ ပြုစေမည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး လိုအပ်သည့် နည်းပညာနှင့် ရင်းနှီးငွေများအား ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန်၊ MSME မှ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့် (Value Added) ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက် များတွင် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန်၊ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီ အပါအဝင် ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်၍ အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား လစဉ်လုပ်ငန်းကော်မတီသို့ အစီရင်ခံတင်ပြရန်နှင့် လုပ်ငန်းကော်မတီမှ ဗဟိုကော်မတီသို့ စုစည်းသုံးသပ် တင်ပြအစီရင်ခံသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုနှင့်အညီ ဗဟို MSME အေဂျင်စီနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ရန်နှင့်  စက်မှုဝန်ကြီးဌာနအနေဖြင့်  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီးဒေသဆိုင်ရာ အေဂျင်စီများ၏ စုပေါင်းအားနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် MSME Web Portal ဆိုင်ရာကိစ္စရပ်များ၊ ချေးငွေရရှိရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေးကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီကဲ့သို့ မူဝါဒချမှတ်ပေးသည့်အဖွဲ့အစည်းများနှင့် အဆိုပါ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်နေသည့် ဒေသဆိုင်ရာအေဂျင်စီများအကြား တွေ့ဆုံဆွေးနွေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှသာ MSME ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပေါင်းစပ်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

သတင်းစဉ်